ဖေဖော်ဝါရီ ၂၄ – ၂၀၂၅
SS (VOM)
ရခိုင်ပြည်နယ်ရှိ စစ်တွေနဲ့ ကျောက်ဖြူမြို့နယ်မှာ နစကတပ်နဲ့ AA တပ်တွေကြား အခုရက်ပိုင်းအတွင်း စစ်ရေးအခြေအနေ တင်းမာလာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
AA က ဝိုင်းရံပိတ်ဆို့ထားတဲ့ ရခိုင်ပြည် မြောက်ပိုင်းရှိ နစကရဲ့ နောက်ဆုံးလက်ကျန် စစ်တွေမြို့နယ်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီ လဆန်းပိုင်းကစပြီး နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှုတွေ ရှိနေခဲ့ရာက အခု ရက်ပိုင်းအတွင်း တိုက်ပွဲ ပိုမို ဖြစ်ပွားလာတာဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိမှာ AA က စစ်တွေရှိ နစကတပ်ရင်းတွေကို ပုဏ္ဏားကျွန်း၊ ပေါက်တောနဲ့ ရသေ့တောင်ဘက်ကနေ ပစ်ခတ် တိုက်ခိုက်နေပြီး နစကဘက်ကလည်း ပြန်လည် ပစ်ခတ်မှုတွေ ရှိနေတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
“နစကဘက်ကလည်း လက်နက်ကြီးရော၊ လေကြောင်း တိုက်ခိုက်မှုတွေနဲ့ရော ပြန်ပြီး ခုခံနေတာ။ ဒီရက်ပိုင်း တိုက်ပွဲ ပိုစိပ်လာတယ် ပြောရမယ်။ ထိခိုက်၊ ဒဏ်ရာ ရတာတွေလည်း ရှိတယ်။ နစကဘက်က လေကြောင်းကနေ အင်အားဖြည့်တာတွေလည်း လုပ်နေတယ်။ ဒေသခံတချို့ကတော့ စစ်တွေမှာ စစ်ရေး တင်းမာလာချိန်ကစပြီး စစ်ရှောင်ကြတဲ့သူတွေ ရှိသလို မြို့ထဲမှာ ပိတ်မိနေတဲ့သူတွေလည်း ရှိနေသေးတယ်။ တိုက်ပွဲကြား ပိတ်မိနေတဲ့သူတွေကတော့ မြို့ထဲမှာတင် ဘေးလွတ်မယ်ထင်တဲ့ နေရာတွေမှာ လှည့်ပတ်ပြီး ရှောင်တိမ်းနေကြရတာပေါ့” ဒေသခံတယောက်က ပြောပါတယ်။
လက်ရှိမှာ စစ်တွေမြို့တွင်းက အမြင့်ကျွန်း၊ ချီလည်ပင်း၊ ပလ္လင်ပြင်၊ အောင်တိုင်၊ အုန်းရေဖော် အစရှိတဲ့ ကျေးရွာပေါင်း ၂၀ ကျော်က ဒေသခံ တသောင်းဝန်းကျင်ဟာ မြို့အတွင်းရှိ ဘုန်းတော်ကြီးကျောင်း ၅၃ ကျောင်းမှာ ခိုလှုံနေကြရပြီး အရေးပေါ် အကူအညီတွေလည်း လိုအပ်နေတယ်လို့ သူက ပြောပါတယ်။
စစ်တွေမြို့နယ်မှာ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ)၊ အင်ဂျင်နီယာတပ်၊ အမြောက်တပ် အပါအဝင် ခြေလျင်တပ်ရင်း (ခလရ – ၂၀ ၊၂၇၀ ၊ ၂၃၂)၊ ခြေမြန်တပ်ရင်း (ခမရ ၃၄၄ ၊ ၃၅၄) တို့အပြင် အမှတ် (၁၂) ၊ အမှတ် (၃၆) ရဲတပ်ရင်း စတဲ့ တပ်ရင်းတပ်ဖွဲ့ စုစုပေါင်း ၁၀ ခုထက်မနည်း ရှိတယ်လို့ သိရပါတယ်။
ဒါအပြင် ကျောက်ဖြူမြို့နယ်မှာလည်း တိုက်ပွဲတွေ ဖြစ်ပွားနေပြီး ရခိုင်ဒေသအတွင်းက နစကရဲ့ အကြီးဆုံး ရေတပ်စခန်းတခုဖြစ်တဲ့ ဓညဝတီ ရေတပ်ဌာနချုပ်ကို AA က ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၁ ရက်နေ့၊ ညပိုင်းက လက်နက်ကြီးနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီ ၂၀ ရက်နေ့မှာ ကျောက်ဖြူက နစကရဲ့ ရဲတပ်ရင်း (၃၂) ထဲက ထွက်လာတဲ့ စစ် ကြောင်းကို AA က စတင် တိုက်ခိုက်ခဲ့ပြီးတဲ့နောက် ဓညဝတီ ရေတပ်ဌာနချုပ်ကို ထပ်မံ တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်။
“ရေတပ်ဌာနချုပ် တိုက်ခိုက်ခံရပြီးတဲ့ နောက်ပိုင်းမှာ နစကဘက်က ဖေဖော်ဝါရီ ၂၂ ရက်နေ့၊ ညနေပိုင်းကစပြီး ဒရုန်းနဲ့ တိုက်ခိုက်တာတွေ၊ အခြေစိုက် တပ်ရင်းတွေ၊ ရေတပ်သင်္ဘောတွေကနေ လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်တာတွေ လုပ်နေတော့ အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်လာပြီး တိုက်ပွဲ ပြင်းပြင်းထန်ထန်ကို ဖြစ်ခဲ့တာ။ လတ်တလောမှာတော့ နစက က ကျောက်ဖြူ မြို့ပေါ်မှာ လုံခြုံရေး တင်းကျပ်ထားတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၀ ရက်၊ နေ့လယ်ပိုင်းကလည်း ကျောက်ဖြူမြို့နယ်၊ ဇိုင်ချောင်းနဲ့ သစ်ပုတ်တောင် လမ်းဆုံအနီးမှာ နယ်မြေရှင်းလင်းရေး လုပ်ဆောင်လာတဲ့ နစကတပ်နဲ့ AA တို့ နာရီဝက်ခန့်ကြာ တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ သူက ပြောပါတယ်။
ကျောက်ဖြူ၊ ဇိုင်ချောင်းနဲ့ သစ်ပုတ်တောင် လမ်းဆုံအနီး ပြိုင်းစေ့ကေကျေးရွာ ဒိုးတန်းတောင်ထက်မှာ နစကရဲ့ အမှတ် (၃၂) ရဲတပ်ရင်းရှိပြီး လက်နက်ကြီးတွေ အခိုင်အမာတပ်ဆင်ကာ ခံစစ် ပြင်ဆင်ထားတာ ဖြစ်တယ်လို့ သိရပါတယ်။
ကျောက်ဖြူမြို့နယ်မှာ နစကရဲ့ ဓညဝတီရေတပ်ဌာနချုပ်၊ တောင်မော်ကြီး ရေတပ်ဌာနခွဲနဲ့ (၃၂) ရဲတပ်ရင်း အပါအဝင် ခမရ (၅၄၂ ၊ ၅၄၃)၊ ခလရ (၃၄) တို့ အခြေစိုက်ထားတာ ဖြစ်တယ်လို့ သိရပါတယ်။
မြို့နယ် ၁၇ မြို့နယ်ရှိတဲ့ ရခိုင်ပြည်မှာ ၁၄ မြို့နယ်ဖြစ်တဲ့ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ ရသေ့တောင်၊ မောင်တော၊ ဘူးသီးတောင်၊ ရမ်းဗြဲ၊ အမ်း၊ တောင်ကုတ်၊ သံတွဲ၊ ဂွ၊ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ မြေပုံမြို့နယ်တို့ကို AA က သိမ်းပိုက်ထားတာ ဖြစ်ပါတယ်။
ဒါကြောင့် ရခိုင်ပြည်နယ် တခုလုံးမှာ စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင်မြို့ သုံးမြို့သာ နစကရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေတာဖြစ်ပြီး လက်ရှိမှာ မာန်အောင်မြို့ကတော့ တိုက်ပွဲ လုံး၀ မဖြစ်ပွားသေးတဲ့ မြို့ဖြစ်ကာ နစက က ရေတပ်နဲ့ ကြည်းတပ်ကို အင်အားဖြည့်တင်းပြီး အပြည့်အဝ ထိန်းချုပ်ထားတဲ့ မြို့တမြို့လည်း ဖြစ်တယ်လို့ သိရပါတယ်။
Photo – CJ