တပတ်အတွင်း ရွှေ၊ ဒေါ်လာ၊ စက်သုံးဆီနဲ့ အခြေခံစားသောက်ကုန်ဈေးကွက်

ဖေဖော်ဝါရီ ၂၄ – ၂၀၂၅
SN (VOM)
ဒီတပတ် ပြည်တွင်း ရွှေဈေးကွက်မှာလည်း အခေါက်ရွှေက အမြင့်ဈေးမှာသာ ရှိနေဆဲဖြစ်ပါတယ်။ အမေရိကန် ဒေါ်လာဈေးကတော့ ၄၄၀၀ ကျော်ဝန်းကျင်ကို ကျဆင်းလာပါတယ်။
စက်သုံးဆီ ဈေးကွက်ထဲမှာတော့ ဒီတပတ်မှာ ဆီအမျိုးအစား အားလုံး ဈေးပြန်တက်လာတာကို တွေ့ရပါတယ်။ အခြေခံစားသောက်ကုန် ဈေးကွက်ထဲမှာလည်း ကုန်စည်အများစုက အမြင့်ဈေးအတိုင်း ရှိနေဆဲဖြစ်ပါတယ်။
ပြည်တွင်းက ပြင်ပရွှေဈေးနှုန်းတွေဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၅ ရက်နေ့၊ ညနေပိုင်းကစလို့ အတက်ဘက်ကို ရောက်ရှိလာခဲ့တာပါ။ အဲဒီနောက်ပိုင်း တောက်လျှောက် မြင့်တက်လာခဲ့တာမှာ ဒီတပတ် ဖေဖော်ဝါရီ ၂၀ ရက်နေ့မှာလည်း အမြင့်ဆုံးဈေး ခြောက်ဆယ့်ခုနစ်သိန်း နှစ်သောင်းဝန်းကျင်အထိ ထပ်မံ ရောက်ရှိခဲ့တာကို တွေ့ရပါတယ်။
အခုဖော်ပြထားတဲ့ ဈေးတွေကတော့ စနစ်ဟောင်း တကျပ်သား ၁၆ ဒသမ ၆၀၆ ဂရမ်နဲ့ တွက်ထားတဲ့ဈေးတွေ ဖြစ်ပါတယ်။ စနစ်သစ် တကျပ်သား ၁၆ ဒသမ ၃၂၉၃၂၅ ဂရမ်နဲ့ တွက်ရင်တော့ ဈေးက တသိန်းနှစ်သောင်းဝန်းကျင် ကွာတယ်လို့ သိရပါတယ်။
တပတ်တာအတွင်း အနိမ့်ဆုံးဈေးကတော့ ဖေဖော်ဝါရီ ၁၈ ရက်နေ့မှာ ဖြစ်ပေါ်ခဲ့တဲ့ ‌ကျပ် ခြောက်ဆယ့်ခြောက်သိန်း နှစ်သောင်းဝန်းကျင်ဈေးပါ။ ဖေဖော်ဝါရီ ၁၅ ရက် (စနေနေ့) မှာတော့ ကျပ် ခြောက်ဆယ့်ခြောက်သိန်း ခုနစ်သောင်းဝန်းကျင်နဲ့ ဈေးပိတ်ခဲ့တာကို တွေ့ရပါတယ်
“ကမ္ဘာ့ရွှေဈေးကတော့ ခုချိန်ထိ ခုန်တက်နေဆဲပေါ့။ အမေရိကန်သမ္မတရဲ့စီးပွားရေးမူဝါဒတွေကြောင့် ကမ္ဘာ့ရွှေဈေး အတက်ကြမ်းနေတာ။ ဒါပေမယ့် ပြည်တွင်းမှာက ကန်ဒေါ်လာဈေးက အကျဘက်ကို သွားနေတာဆိုတော့ ပြည်တွင်းရွှေဈေးက ထင်သလောက် လိုက်မတက်ဘူး။ ဈေးကွက် အခြေအနေကလည်း အေးနေတယ်ပြောရမယ်။ လတ်တလောမှာ အရောင်းအဝယ် သိပ်မရှိဘူး ဖြစ်နေတယ်” လို့ ရွှေလုပ်ငန်းရှင် တယောက်က ပြောပါတယ်။
ကမ္ဘာ့ရွှေဈေးဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၀ ရက် (တနင်္လာနေ့) က တအောင်စ ၂၈၇၄ ဒေါ်လာနဲ့ ဈေးဖွင့်ခဲ့တာ ဖြစ်ပါတယ်။ ဒီတပတ် ဖေဖော်ဝါရီလ ၁၇ ရက် (တနင်္လာနေ့) မှာတော့ တအောင်စ ၂၈၉၆ ဒေါ်လာနဲ့ ဈေးဖွင့်ခဲ့ပြီး တပတ်တာအတွင်း တအောင်စ ၂၂ ဒေါ်လာ မြင့်တက်လာတာကို တွေ့ရပါတယ်။
ဒီတပတ် ဖေဖော်ဝါရီ ၂၁ ရက်နေ့၊ မနက်ပိုင်းမှာတော့ ကမ္ဘာ့ရွှေဟာ စံချိန်တင် အမြင့်ဆုံးဈေး တအောင်စ ၂၉၄၀ ဒေါ်လာအထိ ဒုတိယအကြိမ် ထပ်မံ မြင့်တက်ခဲ့တာကို တွေ့ရပါတယ်။ ဖေဖော်ဝါရီ ၂၂ ရက် (စနေနေ့) မှာတော့ တအောင်စ ၂၉၃၅ ဒေါ်လာနဲ့ ဈေးပိတ်ခဲ့ပါတယ်။
လက်ရှိ နိုင်ငံခြားငွေကြေး ဈေးကွက်ထဲမှာတော့ ငွေလဲဈေးတချို့ အနည်းငယ် ဈေးကျဆင်းလာတာကို တွေ့ရပါတယ်။ အမေရိကန်ဒေါ်လာဈေးက လက်ရှိမှာ ၄၄၆၀ ကျပ်ဝန်းကျင်ကို ရောက်ရှိလို့နေပါတယ်။
ဒါအပြင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်ရဲ့ အွန်လိုင်းငွေကြေးဈေးကွက် (FX Mkt Online Trading Platform) ကနေ နိုင်ငံခြားငွေကြေးတွေ ဆက်တိုက်ဆိုသလို ထုတ်ရောင်းပေးလျက်ရှိတာမှာ ဖေဖော်ဝါရီ ၁၇ ရက်နေ့မှာ တရုတ်ယွမ် ကိုးသိန်းကျော်နဲ့ ထိုင်းဘတ် ၁ ဒသမ ၁ သန်းကျော်၊ ၁၈ ရက်နေ့မှာ တရုတ်ယွမ် ၉ ဒသမ ၇ သိန်းကျော်နဲ့ ထိုင်းဘတ် တသန်း၊ ၁၉ ရက်နေ့မှာ ထိုင်းဘတ် တသန်း ထပ်မံ ရောင်းချပေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဆက်လက်ပြီး ဖေဖော်ဝါရီ ၂၀ ရက်နေ့နဲ့ ၂၁ ရက်နေ့တို့မှာလည်း ကန်ဒေါ်လာ သန်း ၂၀ ကျော်၊ တရုတ်ယွမ် ခြောက်သိန်းကျော်နဲ့ ထိုင်းဘတ် ကိုးသိန်းကျော်ကို ရောင်းချပေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ငွေလဲဈေးကွက်အတွင်း အမေရိကန်ဒေါ်လာဈေးဟာ အခုတပတ် ဖေဖော်ဝါရီ ၁၈ ရက်နေ့ကနေစပြီး ၄၅၀၀ အောက်ကို ရောက်ရှိလာတာ ဖြစ်ပါတယ်။ အဲဒီလိုပဲ တခြားသော ငွေလဲဈေးတချို့လည်း ကျဆင်းလျက်ရှိတာမှာ စင်္ကာပူဒေါ်လာဈေးက လက်ရှိမှာ ၃၃၇၀ ကျပ်ဝန်းကျင်၊ တရုတ်ယွမ် ၆၁၂ ဝန်းကျင်မှာ ရောက်ရှိနေပါတယ်။
ထိုင်းဘတ်နဲ့ အိန္ဒိယရူပီးကတော့ အရင်တပတ် ဈေးနှုန်းအတိုင်းဖြစ်ပြီး ထိုင်းဘတ် ၁၃၂ ဝန်းကျင်၊ အိန္ဒိယရူပီး ၅၁ ဝန်းကျင်မှာ ရှိနေပါတယ်။
ဒီတပတ် စက်သုံးဆီဈေးကွက်မှာတော့ ဆီအမျိုးအစားအားလုံး ဈေးပြန်တက်လာတာကို တွေ့ရပါတယ်။
စက်သုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီအနေနဲ့ ဆီရည်ညွှန်းဈေး သတ်မှတ်ချက်ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၁ ရက်နေ့က ၉၂ ဓာတ်ဆီ တလီတာ ၃၂၁၅ ကျပ်၊ ၉၅ ဓာတ်ဆီ တလီတာ ၃၂၇၀ ကျပ်၊ ဒီဇယ် တလီတာ ၂၇၆၅ ကျပ်၊ ပရီမီယံဒီဇယ် တလီတာ ၃၄၂၅ ကျပ်ဆိုပြီး ထုတ်ပြန်ထားတာတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နှစ်ပတ်ကတော့ ၉၂ ဓာတ်ဆီ တလီတာ ၃၁၆၀ ကျပ်၊ ၉၅ ဓာတ်ဆီ တလီတာ ၃၂၂၀ ကျပ်၊ ဒီဇယ် တလီတာ ၂၇၃၅ ကျပ်၊ ပရီမီယံဒီဇယ် တလီတာ ၃၃၇၀ ကျပ်ဆိုပြီး သတ်မှတ်ထားတာပါ။
ဒါကြောင့် အခုတပတ်မှာတော့ ၉၂ ဓာတ်ဆီ တလီတာ ၅၅ ကျပ်၊ ၉၅ တလီတာ ၅၀ ကျပ်၊ ဒီဇယ် တလီတာ ၃၀ ကျပ်၊ ပရီမီယံဒီဇယ် တလီတာ ၅၅ ကျပ်နဲ့ ဈေးပြန်တက်နေပါတယ်။ အဲဒီလိုပဲ တခြားသော တိုင်းနဲ့ပြည်နယ် အသီးသီးမှာလည်း စက်သုံးဆီဈေးတွေ ပြန်လည် မြင့်တက်လျက်ရှိပါတယ်။
ဒီတပတ် အခြေခံစားသောက်ကုန် ဈေးကွက်မှာလည်း ကုန်စိမ်းဈေးတချို့နဲ့ ကုန်ခြောက်ဈေးတွေ ကျဆင်းနေတာကို တွေ့ရပါတယ်။ တချို့ ကုန်စည်တွေကတော့ အမြင့်‌ဈေးအတိုင်း ရှိနေဆဲဖြစ်ပါတယ်။
စားဆီဈေးကွက်ထဲမှာတော့ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီရဲ့ ဖေဖော်ဝါရီ ၁၇ ရက်နေ့ကနေ ၂၃ ရက်နေ့အထိ ရည်ညွှန်းဈေး သတ်မှတ်ချက်မှာ ၆၉၈၅ ကျပ် ဖြစ်ပြီး အရင်တပတ်ကထက် ၉၀ ကျပ် ကျဆင်းလာတာကို တွေ့ရပါတယ်။
ပြင်ပဈေးကွက်ရဲ့ စားသုံးဆီဈေးကတော့ ကျပ် တသောင်းသုံးထောင်ဝန်းကျင် ဈေးအတိုင်း ဆက်ရှိနေပါတယ်။ အဲဒီလိုပဲ ဆီစာအုပ်နဲ့ ၁၀ ရက် တကြိမ်စီ၊ တပိဿာနှုန်း ရောင်းချပေးတဲ့ ဆီထုတ်ဈေးကလည်း ၇၅၀၀ ကျပ်ဝန်းကျင်မှာ ရှိနေဆဲဖြစ်ပါတယ်။
ဆန်ကလည်း အမြင့်ဈေးအတိုင်း ဆက်ရှိနေပြီး ဆန်ကြမ်း အမျိုးအစားတွေဖြစ်တဲ့ ပုသိမ်ဆင်းသုခ တအိတ် ရှစ်သောင်း နှစ်‌ထောင်ကျပ်၊ မြောင်းမြမနောသုခ တအိတ် ကိုးသောင်းခြောက်ထောင်ကျပ် ဝန်းကျင်မှာ ရှိနေပါတယ်။ ဆန်ချောကတော့ ဖျာပုံပေါ်ဆန်းမွှေးအသစ် တအိတ် တသိန်းနှစ်သောင်း ရှစ်ထောင်ကျပ်၊ ပေါ်ဆန်း ရိုးရိုး တအိတ် တသိန်းတသောင်းကျပ်ဝန်းကျင်မှာ ရှိနေတယ်လို့ သိရပါတယ်။
ကြက်ဥ၊ ဘဲဥကတော့ ပုံမှန်အမြင့်ဈေးမှာ ဆက်ရှိနေပြီး ကြက်ဥ အရွယ်အစားအလိုက် တလုံးကို ကျပ် ၃၅၀ ကနေ ၅၀၀ ကျပ်ဝန်းကျင်အထိ ရှိနေပါတယ်။ အဲဒီလိုပဲ ဘဲဥဈေးဟာလည်း အရွယ်အစားအလိုက် ၄၀၀ ကျပ်ကနေ ၆၅၀ ကျပ်အထိ ရှိနေပါတယ်။
ကုန်ခြောက်ဈေးကွက်မှာ အာလူး၊ ကြက်သွန်နီနဲ့ ကြက်သွန်ဖြူဈေးတွေ ပြန်ကျလာပါတယ်။ အာလူး တပိဿာ ကျပ် ၅၀၀၀ ဝန်းကျင်ဈေး ဖြစ်လာပါတယ်။ ကြက်သွန်နီကတော့ အမျိုးအစားအလိုက် တပိဿာ ၃၈၀၀ ကျပ်ကနေ ၄၀၀၀ ဝန်းကျင်ဈေးမှာ ရှိနေပါတယ်။ ကြက်သွန်ဖြူကလည်း အမျိုးအစားအလိုက် တပိဿာ ကျပ် တသောင်းခွဲကနေ ကျပ် နှစ်သောင်းနှစ်ထောင် ဝန်းကျင်ဈေးမှာ ရှိနေပါတယ်။
ကုန်စိမ်းဈေးကွက်မှာ ကုန်စည်အများစု ဈေးကျနေပါတယ်။ ဂေါ်ဖီထုပ် တထုပ် ၁၀၀၀ ကျပ်၊ ပန်းဂေါ်ဖီ ၁၀၀၀ ကျပ်၊ ပန်းဂေါ်ဖီ အစိမ်း ၁၀၀၀ ကျပ်ဝန်းကျင်ဈေး ဖြစ်လာပါတယ်။
တရုတ်ကန်စွန်းရွက် တစည်း ၅၀၀ ကျပ်၊ ရိုးရိုးကန်စွန်းရွက် တစည်း ၂၀၀ ကျပ်နဲ့ အရင်တပတ်ကအတိုင်း အကျဈေးမှာ ရှိနေပါတယ်။ အဲဒီလိုပဲ ခရမ်းချဉ်သီးကလည်း တပိဿာ ၁၅၀၀ ကျပ်ဝန်းကျင်နဲ့ ဈေးထပ်ကျနေပါတယ်။
ရပ်ကွက်ဈေးတွေမှာ ပုစွန်ဈေးတွေ မြင့်တက်လာပြီး တချို့ ငါးဈေးတွေကတော့ အကျဘက်ကို သွားနေပါတယ်။ ငါးမြစ်ချင်း တပိဿာ ကျပ် တသောင်း သုံးထောင်ဝန်းကျင်နဲ့ ဈေးကျလာပါတယ်။ ငါးကြင်းကတော့ တပိဿာ ကျပ် တသောင်းရှစ်ထောင်ဝန်းကျင်နဲ့ အရင်တပတ်က ဈေးအတိုင်း ရှိနေပါတယ်။ ပုစွန်ဈေးတွေကတော့ အမျိုးအစားအလိုက် တပိဿာ ကျပ် နှစ်သောင်းခွဲကနေ ခြောက်သောင်းခွဲဝန်းကျင်အထိ ရှိလာပြီး ဈေးတက်နေပါတယ်။
အသားဈေးကွက်မှာတော့ ကြက်သား‌ဈေးက ပုံမှန်အတိုင်းရှိနေပြီး ဝက်သားကတော့ ဈေးပြန်ကျနေပါတယ်။ ကြက်သား တပိဿာ ကျပ် တသောင်းရှစ်ထောင်ဈေး ဖြစ်ပါတယ်။ ဝက်သားကတော့ တပိဿာ ကျပ် သုံးသောင်းခွဲဝန်းကျင်မှာ ရှိနေပါတယ်။
အမဲသားနဲ့ ဆိတ်သား ဈေးကွက်မှာတော့ အမဲသားက တပိဿာ ကျပ် နှစ်သောင်းခြောက်ထောင် ဝန်းကျင်နဲ့ ဈေးတက်နေပါတယ်။ ဆိတ်သားကတော့ တပိဿာ ကျပ် သုံးသောင်းရှစ်ထောင်နဲ့ ဈေးကျနေပြီး အခုဖော်ပြခဲ့တဲ့ ဈေးနှုန်းတွေဟာ နေရာဒေသပေါ်မူတည်ပြီး ကွာခြားမှုရှိနိုင်ပါတယ်။
Photo:CJ

Related posts

Leave a Comment

VOM News

FREE
VIEW