ဖေဖော်ဝါရီ ၂၄ -၂၀၂၅
GG (VOM)
ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ပေါက်ခေါင်းမြို့နယ် ၊ ပြည် – ပေါက်ခေါင်းလမ်းပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြောင့် နေရပ်စွန်ခွာထွက်ပြေးတိမ်းရှောင်နေရသူ ၁၀၀၀၀ ကျော်လောက်အထိရှိနေတယ်လို့ သိရပါတယ်။
တိုက်ပွဲဖြစ်ပွားပြီးနောက် ဖေဖော်ဝါရီ ၁၉ ရက်နေ့ကစလို့ ပြည် – ပေါက်ခေါင်းလမ်းပိုင်းက အိုင်စောက်၊ သဖန်းကိုင်း၊ သစ်ရောင်းပြန်၊ ကြို့ပင်ဝိုင်း၊ရွှေကူ၊သပြေတန်း ၊ ကုန်းတန်း၊ကျောင်းကုန်း ၊ လွှစင်ကုန်း၊ ရွာမ၊ ငှက်ပျောတော၊ကွမ်းအုံစု ရွာတွေက ဒေသခံတွေဟာ နေအိမ်ကနေတိမ်းရှောင်နေကြရတာဖြစ်တယ်လို့သိရပါတယ်။
ဖေဖော်ဝါရီ ၁၉ ရက်နေ့ညပိုင်းမှာ စက်တပ်လေထီးနဲ့ဗုံးကြဲ ခံခဲ့ရတဲ့အပြင် အဲဒီနောက်မှာလည်း လက်နက်ကြီးပစ်ခတ်မှုတွေရှိတာကြောင့် ရွာလုံးကျွတ်စစ်ဘေးရှောင်နေကြတာဖြစ်တယ်လို့သိရပါတယ်။
“ရွာမှာ ဘယ်သူမှကိုမရှိတော့ဘူး ။ကျွန်တော်တို့မိသားစုလည်း ပြေးလာတာ ပဲ။အိမ်မှာ ဆန်စားဖို့ဆိုပြီး ကြိတ်ခွဲထားတဲ့ဆန်သုံးအိပ်နဲ့ စပါးလေးတွေရှိတော့နှမြောနေတာ။ပြန်ယူဖို့လည်း မယူရဲဘူးဖြစ်နေတာ။ခုထိနယ်မြေက မအေးသေးဘူး။အစစ်ဆေးလည်းကြမ်းနေတုန်းပဲ။အရင်ရက်ကဗုဲးကြဲတော့ ရွာနီးချင်းစပ်ကရွာတွေအကုန်ပြေးရတာပဲ။မပြန်ရဲကြသေးဘူး။”လို့ ကြို့ပင်ဝိုင်းရွာဒေသခံကပြောပါတယ်။
စစ်ဘေးရှောင်ပြည်သူတွေဟာ နီးစပ်ရာ ကျေးရွာတွေနဲ့ ဆွေမျိုးတွေရှိရာကို တိမ်းရှောင်ကြသလို တောတောင်တွေထဲမှာ ထွက်ပြေးခိုလှုံနေရတာဖြစ်ကြောင်း ၊ တောတောင်ထဲကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ပြည်သူတွေကတော့ နေရေးထိုင်ရေးခက်ခဲပြီး ဒုက္ခရောက်နေကြရတယ်လို့သိရပါတယ်။
ဒါအပြင် စစ်ဘေးရှောင်နေရတဲ့ပြည်သူတွေရဲ့နေအိမ်တွေလည်း ဖောက်ထွင်းခံရပြီး ပစ္စည်းတွေ ယူဆောင်မှုရှိနေတယ်လို့သိရပါတယ်။
” ဒုက္ခရောက်တယ်လေ။တချို့က ရွာနဲ့အနီးကတောထဲပြေးကြတာဆိုတော့ နေထိုင်ဖို့ကမလွယ်ဘူး။ ဖြစ်သလိုလေတဲထိုးပြီးနေကြရတာပေါ့။တချို့ကျလည်း လှည်းတွေပါတော့လှည်းပေါ်အိပ်သူလည်းရှိတယ်။ တောထဲကသူတွေကဒုက္ခပိုရောက်တာပါ။ကျွန်တော်တို့ကတော့ ကိုယ့်ဆွေမျိုးအိမ်ရောက်နေတာဆိုတော့ တော်သေးတာပေါ့။ခုဆိုကျန်ခဲ့တဲ့အိမ်တွေ ဖောက်ခံနေရတယ်။မသယ်နိုင်လို့ ကျန်ခဲ့တဲ့တန်ဖိုးရှိတာတွေယူခံနေရတာပေါ့။ခိုးချင်တဲ့သူကသေမှာလည်းမကြောက်ဘူး ဒီလိုအချိန်စောင့်နေတာလေ။ ” လို့ဒေသခံကပြောပါတယ်။
ဖေဖော်ဝါရီ ၁၈ ရက်နေ့ မှာ ပေါက်ခေါင်းမြို့အနီးက တောင်ဇင်းဝတောင်ကြားလမ်းမှာ စစ်တပ်ယာဥ်တန်းကြားဖြတ်တိုက်ခိုက်ခံရပြီး ကားတစီးမီးလောင်ကာ နစကတပ်ဖွဲ့ဝင်အချို့ကျဆုံးခဲ့သလို အဲဒီနေ့ညပိုင်းမှာပဲ ဒေသတွင်းလက်နက်ကိုင်တပ်ဖွဲ့နဲ့ နစကတပ်ဖွဲ့တွေအကြား ထိတွေ့ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။
အဲဒီထိတွေ့ပစ်ခတ်တိုက်ခိုက်မှုဖြစ်စဥ်ကြောင့် ပြည်မြို့ရှိ နစကတပ်ဖွဲ့ဝင်တွေက ပေါက်ခေါင်းမြို့အနီးမှာ စစ်ကြောင်းထိုးရှင်းလင်းတာတွေပြုလုပ်နေသလို စက်တပ်လေထီးနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီးတယောက်သေပြီး နှစ်ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့သလို ခုရက်ပိုင်းအတွင်းမှာလည်း အမျိုးသားတယောက်လက်နက်ထိမှန်ပြီးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။
Photo – Doh Pyay