သန်လျင်မှာ ရထားလမ်းပေါ် အိပ်ပျော်နေတဲ့အမျိုးသား ရထားကြိတ်ခံရပြီးသေဆုံး

ဖေဖော်ဝါရီ ၂၄ – ၂၀၂၅
GG (VOM)
ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ အောင်ချမ်းသာဖွံ့ဖြိုးရေးလမ်း မီးရထားလမ်းမှာ အိပ်ပျော်နေတဲ့ အိမ်ခြေယာမဲ့ အမျိုးသားတယောက် ရထားကြိတ်ခံရပြီးသေဆုံးမှုဒီနေ့ဖေဖော်ဝါရီ ၂၄ ရက်နေ့မနက်ပိုင်းက ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။
အဆိုပါအမျိုးသားက ညတုန်းက အရက်မူးပြီး ရထားလမ်းပေါ်မှာ အိပ်ပျော်နေချိန် ခြေထောက်ကိုရထားကြိတ်ခံရတာဖြစ်ကြောင်း၊ ခြေထောက်ကသွေးထွက်လွန်ပြီး မနက်စော ၅ နာရီလောက်မှာ ရထားကြိတ်ဒဏ်ရာကြောင့်ပဲသေဆုံးသွားတာဖြစ်တယ်လို့သိရပါတယ်။
” ရုံပိုင်ကြီးမေးတော့ ရထားက မနက် ၁ နာရီလောက်ဝင်တယ်ဖြစ်တော့ အဲဒီအချိန်ဖြစ်တယ်ယူဆတယ်။ ညကသူတို့ကအရက်သောက်ကြပြီးအဲဒီမှာအိပ်ကြတယ်။အိမ်ခြေယာမဲ့ ၊ အိမ်မရှိဘူး။တနယ်တကြေးကနေလာပြီးလုပ်ကြတာ။ညကတော့အရက်တွေ အရမ်းမူးပြီးအိပ်ရင်းဖြစ်ကြတာ။မနက်၅ နာရီလောက်မှာရေတောင်း သောက်သေးတယ်တဲ့။သူ့အကိုလားညီလားမသိဘူး ရေတိုက်ပြီးမှ သေသွားတာပေါ့။ရထားကြိတ်ခံရပြီး ညာဘက်ခြေထောက်ပြတ်သွားတယ်။နောက်တဖက်က ပြတ်ဖို့နည်းနည်းလေးပဲကျန်တော့တယ်။ ညကတည်းကသွေးထွက်လွန်နေတာပေါ့။” လို့ မြေပြင်ကူညီရေးလုပ်ဆောင်ပေးခဲ့တဲ့ လောကအလင်းလူမှုကူညီကယ်ဆယ်ရေးအသင်းတာဝန်ရှိသူကပြောပါတယ်။
ရထားကြိတ်ခံရပြီးသေဆုံးသွားတဲ့ အမျိုးသားကတော့ အသက် ၄၀ အရွယ်အမျိုးသားဖြစ်ပြီး ဘူးခွံပလုံးခွံကောက်သူတွေဖြစ်တယ်လို့သိရပါတယ်။သေဆုံးအမျိုးသားရုပ်အလောင်း ကိုတော့ သန်လျင်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ထားတယ်လို့သိရပါတယ်။
၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလတုန်းကလည်းရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ဟံသာဝတီဘူတာမှာ အမျိုးသမီးတယောက် ရထားကြိတ်ခံရပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
၂၀၂၃ ခုနှစ် ဒီဇင်ဘာလတုန်းကလည်း ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်မှာ ရထားလမ်းပေါ်အိပ်ပျော်နေတဲ့ အမျိုးသားရထားကြိတ်ခံရပြီး သေဆုံးမှုဖြစ်ပွားခဲ့ပါတယ်။
အလားတူ ဇူလိုင် ၂၀ ရက်နေ့ကလည်း ရန်ကုန်၊ လှိုင်မြို့နယ်၊ ကမာရွတ်ဘူတာ သံလမ်းမှာ အမျိုးသားတယောက် ရထားကြိတ်ခံရပြီး သေဆုံးခဲ့ပါတယ်။
Photo လောကအလင်း

Related posts

Leave a Comment

VOM News

FREE
VIEW