ဖေဖော်ဝါရီ ၂၃၊ ၂၀၂၅’
ZY(VOM)
“ဝ” ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် – UWSA ထိန်းချုပ်ဒေသဖြစ်တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့က ကျားဖြန့် လုပ်ငန်းတခုကို UWSAမှ ဖေဖော်ဝါရီလ ၂၁ရက်က ဝင်ရောက်စီးနင်းခဲ့ရာ ကျားဖျန့်လုပ်ကိုင်သူ ၁၀၅ဦး ဖမ်းဆီးရမိခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။
ဟိုပန်မြို့၊ မိန်းပန်း(ရှမ်း) ရပ်ကွက်ထဲရှိ ကျားဖြန့် လုပ်ငန်းတခုကို သတင်းပေးပို့လာချက်အရ ဖေဖော်ဝါရီလ ၂၁ရက်၊ မနက်အစောပိုင်းက ဝင်ရောက်စီးနင်းခဲ့တာဖြစ်ပြီး ကျားဖြန့်လုပ်ကိုင်သူ ၁၀၅ဦးနဲ့အတူ စက်ပစ္စည်းတွေကို ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
“ည ၁၂ကျော်၊ တစ်နာရီဝန်းကျင်မှာ ဝင်ဖမ်းတာ။ ဖမ်းခံရတဲ့သူတွေအများစုက လူငယ်တွေများတယ်။ မိန်းကလေးတွေလည်း ၂၀ကျော်ပါတယ်။ တချို့ကိုတော့ ပိုက်ဆံနဲ့ညှိပြီး ပြန်လွှတ်ပေးလိုက်တာ။ သတင်းပေးလာလို့ ဝင်ဖမ်းတာ ပြောတယ်”လို့ သတင်းရင်းမြစ်တယောက်က VOMကို ပြောပါတယ်။
အဲဒီလုပ်ငန်းကို အဓိကဦးဆောင်လုပ်ကိုင်သူမှာ တရုတ်အမျိုးသားဖြစ်ပြီး “ဝ” ရဲတွေ ဝင်ရောက်မဖမ်းစီးခင် ရက်ပိုင်းအလိုကတည်းက သတင်းကြိုရတဲ့အတွက် တခြားနေရာကို ထွက်ပြေးတိမ်းရှောင်သွားတာကြောင့် ဖမ်းဆီးခံရတဲ့အထဲ မပါဝင်ဘူးလို့ သိရပါတယ်။
လက်ရှိ ဖမ်းဆီးရမိထားတဲ့သူတွေထဲမှာ တရုတ်နိုင်ငံသားအပြင် တိုင်းရင်းသားတွေဖြစ်ကြတဲ့ “ဝ”၊ ကိုးကန့်၊ ရှမ်းလူမျိုးတွေ အများစုပါဝင်ပြီး ဟိုပန်မြို့တွင်း နောက်ထပ်ကျားဖျန် လုပ်ငန်းတွေကို ဖမ်းဆီးသွားဖို့ ရှိတယ်လို့ ဒေသတွင်းအခြေစိုက်သတင်းမီဒီယာဖြစ်တဲ့ “ဝ” လူငယ့်အသံကွန်ရက်က ဖော်ပြထားပါတယ်။
“ဝ” ထိန်းချုပ်ဒေသဖြစ်တဲ့ တန့်ယန်းမြို့နယ်ထဲ ကျားဖြန့် (ခေါ်) အွန်လိုင်း ငွေလိမ်လုပ်ငန်း လုပ်ကိုင်သူ စုစုပေါင်း အယောက် တစ်ထောင်ကျော် ဖမ်းဆီးရမိခဲ့ပြီး ဖမ်းဆီးရမိသူတွေအနက် တရုတ်နိုင်ငံသား ၇၆၂ ဦးကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၁၉ ရက်နေ့က တရုတ်နိုင်ငံကို လွှဲပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။
“ဝ” ထိန်းချုပ်ဒေသအပြင် မြန်မာ-တရုတ်-ထိုင်း သုံးနိုင်ငံပူးပေါင်းကာ မြဝတီနယ်စပ်က ကျားဖြန့်လုပ်ငန်းတွေကို စတင်နှိမ်နင်းနေပြီး ယနေ့အထိ ဖမ်းဆီးရမိ ထားတဲ့ တရုတ်နိုင်ငံသား ၄ဝဝ ကျော်ကို လွှဲပြောင်းပေးအပ်ခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။
မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေးအင်စတီကျူ(ISP-Myanmar)ကတော့ ကျားဖြန့်ဟာ ဒေသတွင်းသာမက ကမ္ဘာတဝန်းကို လှိုက်စားနေတဲ့ မြစ်ပွားနာကြီးဖြစ်သလို လူထောင်သောင်းချီဟာ ရာဇဝတ်ဂိုဏ်းတွေရဲ့ လူကုန်ကူးခံရပြီး ကမ္ဘောဒီးယား၊ လာအိုနဲ့ မြန်မာ စတဲ့ နယ်စပ်တွေမှာရှိတဲ့ ရာဇဝတ်ဂိုဏ်းတွေရဲ့ ခြံဝင်းကြီးတွေထဲမှာ ပိတ်လှောင်နှိပ်စက်၊ အဓမ္မခိုင်းစေခံနေကြရတယ်လို့ ဆိုထားပါတယ်။
အခုဖြစ်ရပ်တွေဟာ စိုးရိမ်ထိတ်လန့်ဖွယ် အခြေအနေတခုကို ရောက်လာတာကြောင့် နှိမ် နင်းအရေးယူမှုတွေ စတင်လာခဲ့တာဖြစ်ပြီး တရုတ်-မြန်မာနယ်စပ်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ စတင်စစ်ဆင်တဲ့ ‘စစ်ဆင်ရေး ၁၀၂၇’ ပေါ်ပေါက်လာသလို အဲဒီစစ်ဆင်ရေးနောက်ပိုင်း ရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ တရုတ်နိုင်ငံသား ငါးသောင်းကျော်ကို ဖမ်းဆီးပြီး တရုတ်နိုင်ငံလက်ကို အပ်ခဲ့တယ်လို့လည်း ISP-Myanmar က ရေးသားဖော်ပြထားပါတယ်။
ဓာတ်ပုံ – WSTV