ဖေဖော်ဝါရီ ၂၆ ၊ ၂၀၂၅
Ms (VOM)
ရှမ်းပြည်နယ်(အရှေ့ ပိုင်း)၊ကျိုင်းတုံမြို့က တောင်ပေါ်ရွာ၄၀ခန့်မှာသဘာဝဘေးနဲ့ကြွက်တွေကြောင့် စပါးစိုက်မရတာကြောင့် စားနပ်ရိက္ခာပြတ်လပ်မှု ပိုမိုဆိုးရွားလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိမှာ တောင်ပေါ်ရွာတွေကဒေသခံတွေအနေနဲ့ ဆန်ရိက္ခာကိုအဓိကလိုအပ်နေပြီး အငတ်ဘေးကြုံနေရလို့ အာဟာရချို့တဲ့မှုနဲ့ဆက်စပ်နေတဲ့ရောဂါတွေကို ကြုံတွေ့ခံစားနေရတယ်လို့ဆိုပါတယ်။
“စားသောက်ဖို့ခက်ခဲတယ်ဆိုရင်တော့ အာဟာရချို့တဲ့တဲ့ရောဂါတွေဖြစ်နိုင်တယ်ပေါ့နော်။ အရေပြားရောဂါတွေလည်းဖြစ်နိုင်တယ်။နောက်ပြီးတော့ကိုယ်ဝန်ဆောင်တွေဆိုရင်လည်းမွေးလာရင် အာဟာရချို့တဲ့တော့ ပေါင်မပြည့်၊အာဟာရချို့တဲ့တဲ့ကလေးလေးတွေမွေးလာနိုင်တယ်။ ဒါလည်းအရင်ထဲကရွာတွေမှာရှိတယ်။ အခုကအငတ်ဘေးကြုံနေရတော့ပိုပြီးဆိုးဝါးနိုင်တယ်။ ခါးတိုင်းဆိုတောင်ပေါ်မှာနေသူတွေကရိုးရှင်းတယ်သူတို့နေထိုင်ပုံက တောင်ယာလုပ်မယ်၊ သီးနှံရတာလေးနည်းနည်းပါးပါးရောင်းမယ်။သူတို့လည်းစားတယ်ပေါ့၊အခုကတော့ကြွက်တွေဖျက်ဆီးတော့ဆန်တောင်ရှိတာ လေးနဲ့မြို့ကနေသွားဝယ်ရတော့၊ဆေးကုဖို့လည်းမရှိဘူး။ နဂိုထဲကလည်းရွာတွေမှာကျန်းမာရေးဌာနကလည်း မရှိဘူး၊မြို့နဲ့လည်းအလှမ်းဝေးတော့ပိုဆိုးတယ်။ ပိုက်ဆံနည်းနည်းရတာနဲ့မြို့တက်ဆန်ဝယ်နေရတော့ ကျန်းမာရေးအတွက်ဆေးကုသဖို့ဆိုလည်း မရှိဘူး၊နေမကောင်းရင်လည်းဒီအတိုင်းပဲနေကြတာ အခုလိုဆိုတော့ ပိုဆိုးတာပေါ့လို့”တောင်ပေါ်ရွာသားတွေကို ဆေးဝါးကုသပေးနေတဲ့ ဒေါက်တာနန်းမာလာဝမ်းက ပြောပါတယ်။
တောင်ပေါ်ရွာတွေမှာ ဆန်စပါးစိုက်ပျို့ဖို့အခက်ကြုံတာဟာပြီးခဲ့တဲ့နှစ်ကတည်းကဖြစ်ပြီး မိုးရာသီအတွင်းမှာ ကြုံတွေ့ခဲ့ရတဲ့ရေကြီးနစ်မြုပ်မှုသဘာဝဘေးတွေကြောင့် လယ်စိုက်ဧကများရေထဲမြောပါသွားကြသလို ကျန်ရှိတဲ့စပါးစိုက်ခင်းအနည်းငယ်ကလည်း ကြွက်တွေဖျက်ဆီးလို့ အကုန်ပါကုန်ကြောင်းဒေသခံတွေကပြောပါတယ်။
” အခုပြီးခဲ့တဲ့မိုးတွင်းက စပါးစိုက်ခင်းတွေ ရေနဲ့မြောကုန်တာ အိမ်မှာ၃ဧကလောက်စိုက်တာ၂ဧကလောက်က ရေထဲပါကုန်တယ်။ကျန်တဲ့၁ဧကလည်းကြွက်တွေဖျက်ဆီးစားသောက်လို့ ဘာမှကိုမရလိုက်ဖူး၊အမေဆို စပါးကျီထဲထည့်စရာစပါးမရှိတော့လို့ငိုရောပဲ”လို့ မိုင်းပန်မြို့နယ်က ဒေသခံတစ်ဦးကပြောပါတယ်။
ပြီးခဲ့တဲ့နှစ်ကစကာ ၊ ကျိုင်းတုံမြို့နယ်ထဲမှာ မြေကြွက်ကြီးတွေ မကြုံစဖူး ပေါက်ဖွားကြီးထွားနှုန်းမြန်ပြီး ဒေသတွင်းမှာရှိတဲ့ စပါး၊ ပြောင်းနဲ့ ရှိသမျှ ကောက်ပဲသီးနှံတွေ ဝင်ရောက် ကိုက်ဖျက်စားသုံးပစ်တာကြောင့် တောင်ပေါ်တိုင်းရင်းသားရွာပေါင်း၄၀ခန့်ဟာ ကြွက်အန္တရာယ်ကြောင့် အစားအစာအတွက် အခက်ခဲတွေကြုံနေရတယ်လို့သိရပါတယ်။
” တောင်ပေါ်ရွာတွေထဲ အန်လူမျိုးတွေနေတဲ့ရွာပေါင်း၁၁ရွာရှိတယ်။အဲဒီမှာမှခက်ခဲတဲ့နေရာမှာရှိတဲ့ရွာက၇ရွာရှိပြီး မြို့နဲ့မလှမ်းမကမ်းမှာရှိနေတဲ့ရွာက၄ရွာရှိတယ်။အဲ့မှာခက်ခဲတဲ့ရွာတွေပဲကျွန်မသွားတယ်။ မနှစ်က ရွာ၃ရွာကို ဆေးသွားကုတော့ အဲ့ဒီမှာလိုအပ်လောက်မယ့်အသုံးအဆောင် ၊ဖိနပ်တို့လိုတွေ ပေးဖို့ယူပြီးသွားတော့ ရွာ၁ရွာကဆို အုပ်ချုပ်သူကိုယ်တိုင် ကျွန်မကိုလာပြောတယ်။သူတို့အနေနဲ့ တခြားဘာပစ္စည်းမှမလိုဘူး။အဓိကလိုတာက ဆန်ပါ၊ဆန်ရချင်တယ်လို့လာတောင်းဆိုတယ်။ သူတို့ဆီက စပါးခင်းတွေရယ်၊အခြားစားစရာ ပြောင်း၊သခွားစတဲ့အသီးအနှံတွေကိုကြွက်တွေကလာဖျက်ဆီးစားသောက်လို့ ဆန်ကိုသူတို့ဆီကမရှိမဲ့ရှိမဲ့ပိုက်ဆံလေးတွေနဲ့မြို့တက်ဝယ်ကြရတယ်။အချို့မိသားစုများတဲ့သူတွေဆိုစကွဲတောင်အနိုင်နိုင်မဝယ်နိုင်ကြဘူး။တောင်ပေါ်ရွာတွေဖြစ်တော့ အလုပ်အကိုင်လည်းရှားတယ်လေ။ အခုတော့ အချို့တောင်ပေါ်ရွာလေးတွေအတွက်အလှူငွေနည်းနည်းရတာကို ဆန်ဝယ်ပြီးသွားလှူဖို့ရှိပါတယ်”လို့ဒေါက်တာနန်းမာလာဝမ်းက ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်က ဝါးပင်ကအသီးတွေ သီးလာပြီး ကြွက်တွေဟာ အဲဒီဝါးသီးစားပြီးရင် အကောင်တွေ ကြီးလာသလို သားပေါက်နှုန်းမြန်တာကြောင့် ကြွက်အကောင်ရေတွေ အဆမတန် များပြားလာပြီး လယ်ယာစိုက်ခင်း ကောက်ပဲသီးနှံတွေ ဖျက်ဆီးပစ်ခံနေရတာ လို့လည်းသိရပါတယ်။
အငတ်ဘေးရင်ဆိုင်နေရတဲ့ ကျိုင်းတုံကတောင်ပေါ်ရွာတွေအနေနဲ့ စိုက်ခင်းတွေကြွက်ကျတဲ့ဒဏ်ကို လက်လှမ်းမှီသလောက်ဆေးချနှိမ်နင်းမှုတွေလုပ်ထားပေမယ့် အကုန်မနှိမ်နင်းနိုင်သေးဘူးလို့ဆိုပါတယ်။
တောင်ပေါ်ရွာဒေသခံတွေအနေနဲ့ သဘာဝဘေး၊ကြွက်ဘေးတွေကြောင့် အငတ်ဘေးနဲ့ရင်ဆိုင်နေရတာတွေကို သက်ဆိုင်ရာအုပ်ချုပ်သူတွေ ထံအကူညီတောင်းလိုပြီး ထောက်ပံ့မှုတွေ လိုအပ်နေကြောင်းလည်းသိရပါတယ်။
ကြွက်ကျတဲ့ဒဏ် ခံရတဲ့ရွာတွေကတော့ ပင်းတောက်၊ ကတ်ထိုက်၊ မိုင်းခွန်၊ မိုင်းပတ်၊ မိုင်းပန်၊ ပန်ကြူ၊ မိုင်းအင်း၊ မိုင်းလပ်၊ လွိုင်မွေ၊ တာပင်း၊ ဝမ်တာပုံစတဲ့ ကျေးရွာအုပ်စုတွေဖြစ်ပြီး တအုပ်စုကို ပျှမ်းမျှ ရွာပေါင်း ၈ ရွာခန့်ရှိကာ လွိုင်မွေအုပ်စုထဲမှာတော့ ရွာပေါင်း ၂၀ နီးပါးရှိပြီး ကျိုင်းတုံပတ်လည်ရှိ တောင်ပေါ်ဒေသရဲ့ ၇၀ ရာခိုင်နှုန်း ကြွက်ကျတဲ့ဒဏ်ခံနေရတယ်လို့သိရပါတယ်။
ကျိုင်းတုံက အန် လူမျိုးတွေနေထိုင်တဲ့ တောင်ပေါ်ကျေးရွာတွေဟာ လက်ရှိမှာစားသုံးဖို့ စပါးစိုက်မရလို့ခက်ခဲတာအပြင် မြို့နဲ့ ဝေးကာလမ်းပန်းဆက်သွယ်ရေးခက်ခဲလွန်းတာကြောင့် အငတ်ဘေးကြုံရကာ အခြားမြို့နဲ့နီးတဲ့ရွာတွေထက် ပိုမိုခက်ခဲနေတာကြောင့် အဆိုပါတောင်ပေါ်ရွာတွေကို ဆန်လှူဒါန်းရန်ကူညီလိုပါက ဖုန်းနံပါတ် ၀၉ ၄၂၈၂ ၁၁၃၇၆ ဒါမှမဟုတ် Nang Mar Lar Wan ရဲ့ လူမှုကွန်ရက်ကနေတဆင့် ဆက်သွယ် ကူညီနိုင်တယ်လို့သိရှိရပါတယ်။
Photo- Nang Mar lar wan FB
Voiceofmyanmar#VOM#ရှမ်းအရှေ့ #တောင်ပေါ်ရွာတွေ#စပါးစိုက်မရ#အငတ်ဘေးကြုံ