ဖေဖော်၀ါရီ ၊ ၂၅ ၊ ၂၀၂၅
KH ( VOM)
စစ်ကိုင်းတိုင်း ၊ မုံရွာဆိပ်ကမ်းကနေအထက်ချင်းတွင်း ဒေသဖြစ်တွေတဲ့ ၊ ကလေး၀ ၊ မင်းကင်း၊မော်လိုက် ၊ ဖောင်းပြင် ၊ ဟုမ္မလင်း ၊ခန္တီး စတဲ့ မြို့နယ်တွေဘက်ကို ကုန်စည်တွေ သယ်ယူပို့ဆောင်တဲ့အခါ မြစ်ကြောင်းတလျောက်မှာရှိတဲ့ စစ်ဆေးရေးအဖွဲ့တွေက ပိတ်ဆို့ တားဆီးတာတွေရှိနေတယ်လို့ ရေယာဥ် လုပ်ငန်းရှင်တွေဆီက သိရပါတယ်။
” နှစ်ဘက် စစ်ဆေးရေး အဖွဲ့တွေက ပို့ကုန် တချို့ကို တားဆီးပိတ်ပင်ထားတယ် ၊ အဲ့ဒီလို့ တားဆီး ပိတ်ပင်တွေအဖွဲ့ က မြစ်ကြောင်း တလျောက် အနည်းဆုံး အဖွဲ့၂၀ ကျော်အထက်မှာရှိတယ် ” လို့ ရေယာဥ် လုပ်ငန်းရှင်တယောက်က ပြောပါတယ်။
ဒါ့အပြင် အခုလို တားဆီးပိတ်ပင်ထားတဲ့ ကုန်စည်အမျိုးအစားတွေကတော့ အိမ်သုံးဆေး၀ါး အမျိုးမျိုး ၊စက်သုံးဆီ ၊ စက်ပစ္စည်းတွေအပြင် ရွေမျောလုပ်ငန်းသုံး ပစ္စည်းတွေ ပါ၀င်နေတယ်လို့ ရေယာဥ် ပို့ဆောင်ရေး ကုန်စည် ကိုယ်စားလှယ် တယောက်က ပြောပါတယ်။
ချင်းတွင်းမြစ်ကြောင်းမှာ ရှိတဲ့ ကျေးရွာ အများစုဟာ လူသုံးကုန် ပစ္စည်းအမျိုးမျိုး ၊ ဆေး၀ါး အမျိုးမျိုး အပြင် အဲ့ဒီ ဒေသတွေရဲ့ ကုန်စည် လိုအပ်ချက်တွေကို အများစုက ရေလမ်းကြောင်းကပဲ ပို့ဆောင် သယ်ယူရတာဖြစ်တယ် လို့ ဒေသခံ ကုန်စုံဆိုင်တွေဆီက သိရပါတယ်။
အဲ့ဒါကြောင့် အထွေထွေ ကုန်စည်ပို့ဆောင်ရေး စားရိတ်တွေ မြင့်တက်လာပြီး ဒေသတွင်း ကုန်စည်ပြတ်လပ်မှုတွေနဲ့ နေ့စဥ် ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။
“အရင်က ကုန်စည် တပိဿာကို တထောင်၀န်းကျင်ကနေ အခုဆို ကုန်စည် တပိသာကို အနည်းဆုံး သုံးထောင်အထက်မှာ ရှိတယ် ” လို့ ကုန်စုံဆိုင် လုပ်ငန်းရှင် တယောက်က ပြောပါတယ်။
မုံရွာဆိပ်ကမ်းကနေ ကလေးဝ ၊ မော်လိုက် ၊ ဖောင်းပြင် ၊ ဟုမ္မလင်း ၊ ခန္တီး ကိုပြေးဆွဲနေတဲ့ ကုန်တင်အမြန်ရေယာဉ်အသင်း (၁၈)သင်း၊ ရေယာဉ်အစီးရေ (၄၇၀)စီး နဲ့ ခရီးသည်တင်အမြန်ရေယာဉ် အသင်း(၈)သင်း၊ ရေယာဉ်အစီးရေး(၁၂၉)စီးရှိတယ်လို့ သိရပါတယ်။