ဖေဖော်ဝါရီ ၂၅ – ၂၀၂၅
KKO(VOM)
မကွေးတိုင်းရဲ့မြို့တော်ဖြစ်တဲ့ မကွေးမြို့အိမ်ခြံမြေဈေးကွက်ဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊နှစ်လည်ပိုင်းကစလို့ အိမ်ခြံမြေဈေးနှုန်းတွေ မြင့်မားလာသကဲ့သို့ အငှားဈေး ကွက်ဟာလည်း ယခင်နှစ်တွေကထက် ငှားရမ်းသူတွေပိုမိုများပြားလာတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ကစလို့ ရခိုင်ပြည်နယ်မှာ AA လက်နက်ကိုင်အဖွဲ့တွေနဲ့ နစက တပ်တို့အကြား တိုက်ပွဲတွေ စဉ်ဆက်မပြတ်ဆက် တိုက်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
အဲဒီလိုတိုက်ပွဲတွေကြောင့် နိုင်ငံ့၀န်ထမ်းတွေ အခြားသော အရပ်သားတွေ အပါအဝင် ရခိုင်ပြည်နယ်က စီးပွားရေးလုပ်ငန်းရှင်တွေဟာ မြို့လုံးကျွတ်၊ရွာလုံးကျွတ် အုပ်ချုပ်ရေးပိုင်း၊လုံခြုံမှုအပိုင်းအားကောင်းတဲ့ မကွေးမြို့ပေါ်သို့ အစုလိုက်အပုံလိုက်ပြောင်းရွှေ့လာတဲ့အတွက် မကွေးမြို့အိမ်ခြံမြေဈေးကွက်က ပြန်သွက်လာခဲ့တာဖြစ်တယ်လို့ ဒေသခံအိမ်ခြံမြေဈေးကွက်ပွဲစား တယောက်က VOM ကို ပြောပါတယ်။
“မကွေးကို စစ်ဘေးရှောင်လာကြသူတွေထဲမှာဆိုရင် တိုက်ပွဲဖြစ်ပွားနေတဲ့ မကွေးတိုင်းမြောက်ခြမ်းကမြို့တွေ ချင်းပြည်နယ်တောင်ပိုင်း၊မြောက်ပိုင်းက စစ်ဘေးရှောင်တွေမိသားစု၀င်တွေ ကျောင်းနေအရွယ်ကလေးငယ်တွေ များစွာပါဝင်တဲ့ အတွက် ဒီဘက်က အိမ်ခြံမြေဈေးကွက်မြင့်မားလာတဲ့ သဘောပါ”လို့ မကွေးမြို့ဒေသခံ တယောက်က ထပ်လောင်း ပြောပြပါတယ်။
ဒါအပြင် နစကအစိုးရကလည်း ယခုဖေဖော်ဝါရီလထဲမှာ စစ်ဘေးရှောင်တယောက်ကို တလလျှင်နှစ်သောင်းကျပ်နှုန်းနဲ့ ထောက်ပံ့ပေး နေတယ်လို့ သတင်းထုတ်ပြန်မှုတွေအရ သိရပါတယ်။
ဒါအပြင် ရန်ကုန်နဲ့ မန္တလေး အိမ်ခြံမြေဈေးကွက်ကတော့ ယခု ၂ဝ၂၅ ခုနှစ်ဆန်းပိုင်းမှာ အရောင်းသာများပြီး အဝယ်ပါးနေတယ်လို့ အိမ်ခြံမြေအသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေက ပြောပါတယ်။
“အခုပွင့်လင်းရာသီမှာ ရန်ကုန်၊မန္တလေးအိမ်ခြံမြေဈေးကွက်က အေးစက်နေတယ်။အရောင်းသာရှိပြီး အ၀ယ်မရှိတဲ့အခြေအနေရောက်နေတယ်။ဝယ်လက်တွေပြန်ပါးသွားတယ်။အရင်လိုသိပ်မသွက်တော့ဘူး။နောက်တခုက ၀ယ်သူသာမရှိတာဈေးနှုန်းတွေကလည်းကျမလာဘူး။အခုကာလက ကန်ထရိုက်တိုက်ဆောက်တဲ့သူတွေလည်းအဆင်မပြေ၊မြေကွက်ပေးပြီးတယောက်တ၀က်နဲ့ ဆောက်နေကြတဲ့အိမ်ပိုင်ရှင်တွေလည်းနစ်နာကုန်ကြပြီပြောတယ်။ဒါကရန်ကုန်အိမ်ခြံ မြေဈေးကွက်ထဲက သတင်းအမှန်ပါ”လို့ အိမ်ခြံမြေအသိုင်းအဝိုင်းနဲ့ နီးစပ်သူတယောက်က VOM ကို ထပ်လောင်း ပြောပါတယ်။
ဒါအပြင် လက်ရှိ ရန်ကုန်အိမ်ခြံမြေ ဈေးကွက်ဟာ မကွေးမြို့နီးတူအရောင်းအဝယ်ထက် အငှားတွေကသာပိုအလုပ်ဖြစ်နေကြတယ်လို့လည်း အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းလုပ်ကိုင်သူတွေထံကနေ သိရပါတယ်။
Photo – CJ