ဖလမ်းမြို့တိုက်ပွဲ ပြင်းထန်နေပြီး ဟားခါးမြို့မှာလည်း လေကြောင်းတိုက်ခိုက်မှုတွေ ရှိနေ

ဖေဖော်ဝါရီ ၂၅ – ၂၀၂၅
SN (VOM)
ချင်းပြည်နယ်၊ ဖလမ်းမြို့မှာ နစကတပ်နဲ့ ဒေသတွင်း လက်နက်ကိုင်တပ်တွေကြား တိုက်ပွဲ ပြင်းထန်နေသလို ဟားခါးမြို့မှာလည်း လေကြောင်းတိုက်ခိုက်မှုတွေ ရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ချင်းညီနောင် ပူးပေါင်းတပ်တွေဟာ ဖလမ်းနဲ့ မင်းတပ် မြို့သိမ်းစစ်ဆင်ရေးကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ဒုတိယပတ်မှာ စတင်ခဲ့ခြင်းဖြစ်ပြီး ဒီဇင်ဘာ ၂၁ ရက်မှာ မင်းတပ်မြို့ကို အပြီးသတ်ထိန်းချုပ်နိုင်ခဲ့ပြီး ဖလမ်းမြို့ကို လက်ရှိအချိန်အထိ ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်နေတာ ဖြစ်ပါတယ်။
စစ်ဆင်ရေး သုံးလကျော်ကာလအတွင်း ဖလမ်းမြို့နယ် ဧရိယာအများစုကို ချင်းညီနောင် ပူးပေါင်းတပ်တွေက ထိန်းချုပ်ထားပြီး မြို့ကို အပြီးသတ် သိမ်းပိုက်နိုင်ဖို့ လက်ရှိမှာ နစကရဲ့ ခြေလျင်တပ်ရင်း ခလရ (၂၆၈) ဌာနချုပ်တခုသာ ကျန်ရှိတော့တယ်လို့ သိရပါတယ်။
“အခုက ဖလမ်းမြို့ရဲ့ နောက်ဆုံး ခံစစ်စခန်းဖြစ်တဲ့ ခလရ ၂၆၈ တခုပဲ ကျန်တော့တယ်လို့ သိရတယ်။ အဲဒီစခန်းကို ရရင်တော့ ဖလမ်းကို ရပြီပေါ့။ လက်ရှိအခြေအနေကတော့ ထိုးစစ်ဆင်နေတုန်းပဲ။ တိုက်ပွဲက ဆက်ရှိနေတုန်းပဲ။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၀ ရက်နေ့ကလည်း တိုက်ပွဲ အကြီးအကျယ်ဖြစ်ခဲ့တာ။ နစကဘက်က လေကြောင်းကနေ ရိက္ခာနဲ့ လက်နက်ခဲယမ်းတွေ အများကြီး ဖြည့်တင်းပြီး ခုခံနေတော့ တိုက်ပွဲက ထင်ထားတာထက် ပိုပြီး ပြင်းထန်နေတယ်။ လေကြောင်း တိုက်ခိုက်မှု၊ နှစ်ဖက် ထိခိုက်၊ သေဆုံးမှုတွေလည်း ရှိနေတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။
လက်ရှိ ဖလမ်းမြို့နယ်ရဲ့ တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ နစကဘက်ကရော ချင်းညီနောင်တပ်ဖွဲ့တွေဘက်ကပါ သတင်းထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။
ဒါအပြင် ဟားခါးမြို့နယ်၊ ဟာသာကျေးရွာမှာလည်း ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၃ ရက်နေ့က လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး ငါးယောက် ဒဏ်ရာ ရရှိခဲ့ကာ လူနေအိမ် သုံးလုံး ပျက်စီးခဲ့တယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က ဖေဖော်ဝါရီလ ၂၃ ရက်မှာ သတင်း ထုတ်ပြန်ထားပါတယ်။
“ကျေးရွာဒေသခံတွေက ကလေး – ဂန့်ဂေါကြားမှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲကြောင့် နှစ်ပတ်လောက် စစ်ဘေး ရှောင်နေကြတာ။ ဖေဖော်ဝါရီ ၂၁ ရက်နေ့ကမှ ကိုယ့်ရွာကိုယ် ပြန်နေကြတာ။ ပြန်နေပြီး တရက်ပဲခြားတယ်။ လေကြောင်းတိုက်ခိုက်မှု ဖြစ်တာ။ ဒဏ်ရာရ ငါးယောက်ကတော့ အသက်အန္တရာယ် မစိုးရိမ်ရဘူး” လို့ ဒေသခံတယောက်က ပြောပါတယ်။
ဟာသာကျေးရွာဟာ ဟားခါးမြို့နဲ့ မိုင် ၇၀ ခန့် ကွာဝေးပြီး အိမ်ခြေ ငါးဆယ်ခန့်နဲ့ လူဦးရေ ၃၅၀ ၀န်းကျင် နေထိုင်တယ်လို့ သိရပါတယ်။
AA နဲ့ မဟာမိတ်ပြုလုပ်ကာ မြို့သိမ်းတိုက်ပွဲတွေ ဖော်ဆောင်နေတဲ့ ချင်းညီနောင်တပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်း ချင်းပြည်နယ်ထဲက မတူပီ၊ ကျင်ဒွေး၊ မင်းတပ်နဲ့ ကန်ပက်လက်မြို့တွေကို ထိန်းချုပ်ထားပြီး ဖြစ်တယ်လို့ သိရပါတယ်။
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW