ဖေဖော်ဝါရီ ၂၅- ၂၀၂၅
GG (VOM)
ရခိုင်ပြည်နယ်နဲ့နယ်နမိတ်ထိစပ်နေတဲ့ ပဲခူးတိုင်း နဲ့ ဧရာဝတီတိုင်း အစပ်တွေမှာ AA နဲ့ နစက တပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စစ်ရေးတင်းမာနေဆဲဖြစ် တယ်လို့ဒေသခံတွေဆီက သိရပါတယ်။
ပဲခူးတိုင်းထဲမှာဆိုရင် ပန်းတောင်မြို့နယ်၊ညောင်ကျိုးရွာမှာ တိုက်ပွဲပြင်းထန်နေပြီး လက်နက်ကြီးပစ်ခတ်မှုတွေအပြင် နစကမှလည်း လေကြောင်းတိုက်ခိုက်မှုတွေရှိတယ်လို့သိရပါတယ်။
ဒါကြောင့် ညောင်ကျိုးရွာဒေသခံတွေ ရွာလုံးကျွတ်စစ်ဘေးရှောင်နေကြရသလို အနီးနားက နေထိုင်သူတွေလည်း နေရပ်စွန့်ခွာပြီး စစ်ဘေးရှောင်နေရတဲ့အတွက် စစ်ရှောင်တွေပိုတိုးလာနေ တယ်လို့သိရပါတယ်။
” ညောင်ကျိုးဘက်မှာ တိုက်ပွဲဖြစ်နေတော့ဘယ်သူမှမရှိတော့ဘူး။သွားလာဖို့လည်းမလွယ်တော့ဘူး။သွားလို့လည်းမရဘူး။ခုထိချနေကြတုန်းပဲ။ပစ်သံခတ်သံတွေကြားရတုန်းပဲ။လေယာဥ်တွေလည်းကျဲတယ်။ရွာသားတွေကတော့ အကုန်ပြေးကြပြီးကျွန်တော်တို့တောင်းပန်းတောင်ရောက်နေပြီ။ညောင်ကျိုးက ရခိုင်နဲ့အစပ်နေရာပဲ။နစက ကလည်းခံစစ်တော်တော်ပြင်ထားတဲ့သဘောရှိတယ်။အဲဒီဘက်ကို စစ်ကားတွေအင်အားဖြည့်တယ်။ ” လို့ စစ်ရှောင်လာတဲ့ဒေသခံကပြောပါတယ်။
တိုက်ပွဲပြင်းထန်နေတဲ့ ညောင်ကျိုးနဲ့ ညောင်ခြေထောက်မှာရှိတဲ့အမှတ် ၆ ကာကွယ်ရေးပစ္စည်းစက်ရုံက ၁၀ မိုင်လောက်သာရှိတာကြောင့် နစကဘက်ကလည်းညောင်ကျိုးစခန်းမကျအောင် အင်အားဖြည့်ပြီး ကာကွယ်တိုက်ခိုက်နေတယ်လို့သိရပါတယ်။
စစ်ရေးတင်းမာနေတဲ့ ညောင်ကျိုး ဘက်အပြင် ညောင်ခြေထောက်ဘက်ကိုလည်းနစက တပ်ဖွဲ့မှလွဲပြီး ကျန်သူတွေ ပုံမှန်လိုသွားလာနိုင်ခြင်းမရှိဘူးလို့သိရပါတယ်။
ဧရာဝတီတိုင်းထဲက သာပေါင်း ၊ရေကြည် ၊ ငါးသိုင်းချောင်းဘက်မှာလည်း နစကနဲ့ AA အကြား စစ်ရေးတင်းမာမှုတွေဖြစ်ပွားနေဆဲဖြစ်ပါတယ်။
AA နဲ့ ပူးပေါင်းတပ်တွေက ဧရာဝတီတိုင်းအစပ်ကနေရာအချို့ ကို ဇန်နဝါရီလမှာ စတင် ထိုးစစ်ဆင်ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး အဲဒီနောက်မှာတော့ ငါးသိုင်းချောင်း ၊ရေကြည်၊သာပေါင်းမြို့နယ်ထဲအထိ နယ်မြေချဲ့ကာ တိုက်ပွဲဖော်ဆောင်နေတာဖြစ်တယ်လို့သိရပါတယ်။
“ငါးသိုင်းချောင်း ဘက်မှာ နစကဘက်က အင်အားတော်တော်ချထားတယ်။အဲဒီနေရာကို ကျော်နိုင်ဖို့ကတော်တော်နဲ့တော့မရနိုင်လောက်ဘူး။ရှိသမျှအင်အားတွေအဲဒီကိုအကုန်ပို့ပြီး ကာကွယ်နေတဲ့ပုံရှိတယ်။အဲဒီဘက်မှာက အမြှောက်တပ်လည်းရှိတော့ လွယ်လွယ်တော့ အကျခံမယ်မထင်ဘူး။”လို့ ဒေသခံကပြောပါတယ်။
တိုက်ပွဲတွေကြောင့် ဒေသခံတွေမှာ ရွာလုံးကျွတ်စစ်ဘေးရှောင်နေရတဲ့အထိ ရှိနေပြီး ခုချိန်ထိလည်းနေရပ်မပြန်နိုင်ကြသေးဘူးလို့သိရပါတယ်။
လက်ရှိဖြစ်ပွားနေတဲ ရခိုင်ပြည်နယ် နယ်နဲ့ နယ်နမိတ်ထိစပ်နေတဲ့ ဧရာဝတီတိုင်း အစပ်နဲ့ ပဲခူးတိုင်းအစပ်က တိုက်ပွဲအခြေအနေတွေနဲ့ပတ်သက်လို့ AA ဘက်ကလည်းသတင်းထုတ်ပြန်တာမရှိသေးသလို နစကဘက်ကလည်းသတင်းထုတ်ပြန်ခြင်းမတွေ့ရှိရသေးပါဘူး။
NUG ကတော့ ရန်ကုန်နဲ့ ပဲခူးတိုင်းကို စိုးမိုးနိုင်ဖို့အတွက် တိုက်ပွဲတွေစတင်ဖော်ဆောင်တော့မယ်ဆိုပြီး ပြောဆိုထားတာတွေ့ရ ပါတယ်။
Photo – CJ