ဖေဖော်ဝါရီ ၂၅၊ ၂၀၂၅
Shy V (VOM )
ရှမ်းပြည်နယ်၊ သီပေါမြို့မှာ TNLA တပ်ဖွဲ့ သိမ်းပိုက် ထိန်းချုပ်ထားပြီးနောက် စစ်ကျန်လက်နက် ပစ္စည်း ရှာဖွေ ရောင်းချတာ ဈေးကွက် တခုလို ဖြစ်နေတာကြောင့် အန္တရာယ် စိုးရိမ်ရကြောင်း ဒေသခံတွေ ဆီက သိရပါတယ်။
“သီပေါဘက်မှာကလေ အဲဒီဗုံးတွေက ဈေးကွက်ဖြစ်နေတာ။ မကွဲသေးတဲ့ ဗုံးတွေကို လိုက်တူး လိုက်ရှာပြီး ပြန်ရောင်းစားနေကြတာ။ ကွဲလို့သေတဲ့သူအများစုက အဲဒီလိုတွေပဲများတာ။ ဆော့လို့ကွဲသေတယ်ဆိုတာ အလကားပါ” လို့ ဒေသခံ တယောက်က ပြောပါတယ်။
ဈေးကောင်းလည်း ရတာကြောင့် အလုပ်အကိုင် ရှားပါးပြီး ဝမ်းရေး အခက်အခဲ နေချိန် တချို့က အဲဒီ စစ်ကျန်လက်နက် ပစ္စည်းတွေကို အန္တရာယ် တွေကြားက ရှာဖွေကာ အခက်အခဲကို ဖြေရှင်း နေကြရတယ် လို့ သူက ပြောပါတယ်။
အန္တရာယ် တော်တော်များတဲ့ အလုပ်ဖြစ်ပြီး ဒေသခံတွေအတွက် အန္တရာယ် မကင်းတာကြောင့် စိုးရိမ်နေရတယ်လို့ ဆိုပါတယ်။
ဒေသခံ ပရဟိတ အသင်းတွေကတော့ မိုင်း အသိပညာပေး လုပ်ငန်းတွေ ထိထိရောက်ရောက် လုပ်စေချင်ပြီး သက်ဆိုင်ရာ တာဝန်ရှိသူတွေ အနေနဲ့ မိုင်းအန္တရာယ် ရှိတဲ့ နေရာတွေကို သတိပေး တားမြစ် ဆိုင်းဘုတ်တွေ သေချာ ကပ်ပေးစေလိုတယ် လို့ ပြောပါတယ်။
“ထိခိုက် သွားတဲ့ ဒေသခံ ပြည်သူတွေကို တတ်နိုင်သလောက် သွားကြည့်ပြီးတော့ ကူညီပေးတယ်။” လို့ Danish Refugee Council (DRC) နဲ့ နီးစပ်သူ တယောက် ကပြောပါတယ်။
မိုင်း အန္တရာယ် ကာကွယ်ရေး အသိပညာပေး အမြင့်ဖွင့်သင်တန်းနဲ့ ပတ်သက်ပြီးတော့ တချို့ ရွာတွေကို အမြင်ဖွင့် သင်တန်း လုပ်ပေးတာ ရှိသလို အဲဒီဘက် တချို့ရွာတွေမှာ စေတနာ့ ဝန်ထမ်းတွေကို မိုင်း အန္တရာယ် ကာကွယ်ရေး အသိပညာ သင်ကြားထားပေးတာရှိတယ်လို့ ဆိုပါတယ်။
သီပေါမြို့နယ်အတွင်း တိုက်ပွဲ ဖြစ်ပွားပြီးနောက် စစ်ကျန်လက်နက်ပစ္စည်း ပေါက်ကွဲလို့ သေဆုံးသွားတဲ့ ဒေသခံ ပြည်သူတွေ ရှိသလို ထိခိုက်ဒဏ်ရာရတဲ့ ဒေသခံ ပြည်သူတွေလည်း အများအပြား ရှိလာကြောင်း ဒေသခံတွေက ပြောပါတယ်။
Photo Crd# ဒေသခံ