မတ် ၆၊ ၂၀၂၅
Shy V (VOM)
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ မုံးစီး အနီး၊ ကျိန်းဟုန်ပြိန်းခမ်းရွာမှာ မတ်လ ၅ ရက်နေ့ နေ့လယ်ပိုင်းက ရွှေတူးဖို့ ပြင်ဆင်နေတဲ့ ကိုးကန့် တပ်ဖွဲ့ကို လယ်ပိုင်ရှင်တွေသွားရောက် တားမြစ်ရာက သေနတ်နဲ့ ပစ်ခတ်လို့ ခြောက် ယောက် သေဆုံးပြီး တချို့ ဒဏ်ရာရရှိသွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“မုံးစီး သွားတဲ့လမ်းက ပြိန်းခမ်ရွာမှာ။ မုံးဟော်မ် ကနေ ၈ မိုင်လောက်ပဲ ဝေးမယ်။ ကိုးကန့် MNDAA တွေ ရွှေတူးတဲ့နေရာ ဒေသခံတွေ ရွှေမတူးဖို့ သွားပြောတာ စကားများကြပြီး ကိုးကန့် MNDAAဘက်က သေနတ်နဲ့ ပစ်လို့ ခြောက်ယောက်သေတယ်။ ခြောက်ယောက် ဒဏ်ရာရတယ်။” လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။
မတ်လ ၄ ရက်ေန့မှာလည်း အဲဒီ ရွှေတူးတဲ့ နေရာက ချောင်း ရေ သွင်းရတဲ့ လယ်ပိုင်ရှင်တွေအားလုံး ရှမ်းရော ပလောင်ရော တရုတ်ရော ကချင်ရော အကုန် သွားပြောပြီး ရွှေမတူးဖို့ ပြောပြီး သဘောတူ ပြေလည်ခဲ့ပြီ ဖြစ်ပေမယ့် မတ်လ ၅ ရက်နေ့ မနက် သူတို့ တွေက ရွှေတူးဖို့ စက်နဲ့ ပြန်တက်လာလို့ ပြည်သူတွေ ပြန်သွားပြောချိန် ပြည်သူတွေကို သေနတ်နဲ့ချိန်လို့ သေနတ် ပြန်လုတော့ တရစပ် ပစ်သတ်တာလို့ သူက ပြောပါတယ်။
“ပြိန်းခန်မှာ တရွာလုံး သောက်သုံးရေ အရင်းမြစ် စမ်းချောင်းနဲ့ လယ် အတွက် ရေသွင်းတဲ့ ချောင်း အဲဒီ ချောင်းတခု ကိုပဲအားပြုနေကြရတာပါ။” လို့ နောက်ထပ် ဒေသခံ တယောက်က ပြောပါတယ်။
အရင်ကတည်းက တူးဖို့ လုပ်နေတာကြောင့် အကြိမ်ကြိမ် တားမြစ်ထားတဲ့ နေရာဖြစ်ပြီးအဲလို ရွှေတူးလိုက်ရင် မုံးစီး ဒေသက လယ် တွေ လုပ်လို့ မရတော့ဘူး လို့ သူက ပြောပါတယ်။
သေဆုံးသွားတဲ့ ဒေသခံ လယ်ပိုင်ရှင်တွေ အပါအဝင် အလောင်း ခြောက် လောင်းကို ယမန်နေ့ ညနေပိုင်း ၆ နာရီခန့်မှာ မုံးစီးက ကိုးကန့် MNDAA တပ်ဖွဲ့တွေရဲ့ ရုံးဘက်သယ်လာပြီး ဒေသခံ ပြည်သူ အများအပြား စုရုံးကာ ပြည်သူတွေကို ပစ်သတ်တဲ့ MNDAA တပ်ဖွဲ့အနေနဲ့ မုံးစီးကနေ ချက်ချင်း ထွက်သွားဖို့ ဆန္ဒပြ တောင်းဆိုကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သေဆုံးသွားတဲ့ သူတွေထဲမှာ KIA ရဲ့ ဒေသကာကွယ်ရေး တပ်ဖွဲ့ ၂ ယောက်ပါဝင်ခဲ့တာရှိပေမယ့် အဲဒီ ၂ ယောက်က ဒေသခံ လယ်ပိုင်ရှင် အရပ်သားအနေနဲ့ ပဲ သွားရောက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
အလားတူ မုံးကိုးမြို့နယ်၊ ဝိန်းဆိုင် ဒေသမှာလည်း ဒေသခံတွေ တားမြစ်ထားတဲ့ နေရာတွေမှာ တားမြစ်နေတဲ့ကြားက ကိုးကန့် MNDAA တပ်ဖွဲ့တွေ တရုတ်လုပ်ငန်းရှင်တွေ ခေါ်ပြီး စက်ယန္တယားတွေနဲ့ ရွှေတွေတူးဖော် နေကြကြောင်း ဒေသခံတွေဆီက သိရပါတယ်။
Video: ဒေသခံ