ကယားပြည်နယ်မှာ သောက်သုံးရေရှားပါးမှု ဆိုးရွားလာနေ

မတ် ၁၄့- ၂၀၂၅
SN (VOM)
ကယားပြည်နယ်အတွင်းရှိ စစ်ဘေးဒုက္ခသည်စခန်း အများစုမှာ သောက်သုံးရေရှားပါးမှု ဖြစ်ပေါ်နေပြီး အကူအညီ များစွာ လိုအပ်နေတယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့အစည်းတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလမှ စတင်ကာ လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆို၊ ဘောလခဲ၊ နန်းမယ်ခုံ စတဲ့ မြို့နယ်တွေက သောက်သုံးရေကန်တွေမှာ ရေခန်းခြောက်လာနေတာ ဖြစ်တယ်လို့ သိရပါတယ်။
“အရင်ကဆို ဖေဖော်ဝါရီလလောက်မှ ရေစပြတ်တာ။ ဒီနှစ်က ပိုဆိုးလာတယ်။ ဒီနှစ်က စစ်ရှောင်အရေအတွက်လည်း ပိုတိုးလာတယ်လေ။ အဲဒါကြောင့် ရေကုန်တာမြန်တာ။ သောက်သုံးရေအတွက် သိုလှောင်ထားတဲ့ ရေကန်တွေမှာလည်း ရေမရှိတော့ဘူး။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကစပြီး ရေတွေ ဝယ်နေကြရပြီ” လို့ လူမှုကူညီရေးအဖွဲ့ဝင် တယောက်က ပြောပါတယ်။
လက်ရှိမှာ ဂါလံ ၁၀၀၀ ဆံ့တဲ့ ရေကားတစီးကို ကျပ် ငါးသောင်းကနေ ခြောက်သောင်းအထိ ပေးဝယ်နေရပြီး အဲဒီရေဟာ သောက်ရေနဲ့ ချက်ပြုတ်ရေးအတွက် ချွေတာ သုံးစွဲမယ်ဆိုရင် အိမ်ထောင်စု ၁၀ စုအတွက် နှစ်ပတ်လောက် သုံးစွဲလို့ရတယ်လို့ သူက ပြောပါတယ်။
“စစ်ဘေးရှောင်စခန်း တည်ရှိတဲ့ နေရာအများစုက ရေအရင်းအမြစ် ရှားပါးတဲ့ ဒေသတွေမှာ ရှိနေတာ။ အဲဒါကြောင့် ရေမရှိတော့တဲ့အခါ မဖြစ်မနေ ဈေးကြီးပေးပြီး ဝယ်သုံးနေရတာပေါ့။ စစ်ရှောင်တွေ အများစုကလည်း အလုပ်အကိုင် အတည်တကျမရှိ၊ ဝင်ငွေ မရှိတဲ့သူတွေများတယ်။ ရေဝယ်သုံးဖို့ဆိုတာက ရေရှည်မှာ မဖြစ်နိုင်ဘူး။ အဲဒါကြောင့် ရှိတဲ့ရေကို ချွေတာသုံးရင်း အလှူရှင်တွေ၊ အဖွဲ့အစည်းတွေ လာရောက် လှူဒါန်းပေးကြမှာကိုပဲ မျှော်လင့်နေကြရတာ။ အလှူရှင်လည်း မလာ၊ ရေလည်း ကုန်၊ ဝယ်သုံးဖို့လည်း မတတ်နိုင်တော့ဘူး ဆိုရင်တော့ ရှိတဲ့ ချောင်းငယ်၊ မြောင်းငယ်တွေကရေကိုပဲ ခပ်သုံးကြရတာပေါ့” လို့ သူက ပြောပါတယ်။

သောက်သုံးရေအတွက် တချို့နေရာတွေမှာ တောင်ကျချောင်းရေ၊ မြောင်းရေတွေကို သုံးစွဲနေရတာဖြစ်ပြီး ရေမသန့်တဲ့အတွက် ကလေးငယ်တချို့နဲ့ လူကြီးတွေမှာ ဝမ်းပျက်ဝမ်းလျှောနဲ့ ယားနာတွေ ဖြစ်ပွားလာနေတယ်လို့လည်း သိရပါတယ်။
“သောက်သုံးတာ၊ ချက်ပြုတ်တာ၊ ရေချိုး အဝတ်လျော်တာတွေကို ရောနှော သုံးနေရတော့ ရေက မသန့်တော့တာ။ မျက်နှာသစ်တဲ့ ရေတွေ၊ အဝတ်လျော်ပြီးသား ရေတွေကို ပြန်ခံပြီး ချိုးရေပြန်လုပ်၊ ချွေတာသုံးစွဲနေကြရတာ။ ကြာတော့ ‌အရေပြားရောဂါတွေ၊ ဝမ်းပျက်ဝမ်းလျှောပြီး အန်တာတွေ ဖြစ်လာတယ်။ အရေပြားရောဂါက အရင်တွေ့နေကျ ပွေး၊ ဝဲ၊ နှင်းခူအပြင် အခုနောက်ပိုင်း ရေယုန်တွေပါ ဖြစ်လာကြတယ်” လို့ သူက ပြောပါတယ်။
ရေရှားပါးလာတဲ့အတွက် စစ်ရှောင်တွေအနေနဲ့ ရလာတဲ့ ရေတွေကို ချက်ပြုတ်ဖို့နဲ့ သောက်ရေအတွက် အဓိကထား သုံးစွဲနေကြရပြီး ချိုးရေအတွက် လုံလောက်မှု မရှိတာကြောင့် လူဦးရေများတဲ့ စစ်ရှောင်စခန်းတွေက လူကြီးနဲ့ ကလေးတွေမှာ အရေပြားယားနာရောဂါလို လက္ခဏာတွေလည်း တွေ့လာနေရတယ်လို့ သူက ပြောပါတယ်။
လက်ရှိ ရေရှားပါးလာတဲ့ မြို့နယ်တွေထဲမှာ ဒီးမော့ဆိုမြို့နယ်က အဆိုးဆုံးဖြစ်ပြီး စစ်ဘေးရှောင် အများဆုံးရှိရာ နေရာလည်းဖြစ်တာကြောင့် တခြား ဒေသတွေထက် ရေပြဿနာကို အဆိုးရွားဆုံး ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။
လက်ရှိမှာ ရေအရင်းအမြစ် ရှားပါးတာအပြင် ရေသယ်ယူရာမှာလည်း လမ်းခရီး ခက်ခဲမှုနဲ့အတူ ကုန်ကျစရိတ် ကြီးမြင့်တာတွေကြောင့် အခုနှစ် နွေရာသီမှာ ပိုမိုခက်ခဲတဲ့ စိန်ခေါ်မှုတွေ ရှိလာနိုင်တယ်လို့ ဒုက္ခသည်အရေး ကူညီပေးနေသူတွေက သုံးသပ်ကြပါတယ်။
လူဦးရေ သုံးသိန်းနီးပါးရှိတဲ့ ကယားပြည်နယ်မှာ စစ်ရှောင်အရေအတွက်က ပြည်နယ်လူဦးရေရဲ့ ထက်၀က်နီးပါးအထိ မြင့်တက်နေတာဖြစ်ပြီး လက်ရှိမှာ တိုက်ပွဲတွေကြောင့် စစ်ရှောင်စခန်း ၁၀၀ ကျော်အထိ တိုးလာနေတယ်လို့ သိရပါတယ်။
ဓာတ်ပုံ – ကယားလီဖုလူငယ်အဖွဲ့

Related posts

Leave a Comment

VOM News

FREE
VIEW