ဆူးငှက်
ပျော်ခင်းလေးသာပါဘိတယ်
အတိတ်ကောင်းယူမယ်
နှစ်ဦး…..သင်္ကြန်တော်ဝယ်……”
သင်္ကြန်အကြိုနေ့၏ နေဝင်ရီတရောညနေချမ်းဆည်းဆာနေလုံးသည် ကျုံးပြာသာဒ်ကြား တွဲလွဲခိုနေ၏။ နေလုံးပတ္တမြားနီနီက ပြာသာဒ်တတိယဘုံ၏ ဒုယင်အစွန်းနှင့် ထိခိုက်မိ၍ ဖြာကျလာသော ပတ္တမြားရည်များကား ကျုံးရေပြင် တွင် ပြန့်ကျဲသွားသည်။ ဟိုတစ်စ သည်တစ်စအနီ…..။
သင်္ကြန်ဖွင့်ပွဲကအပြန် အတောမသတ်နိုင်ဘဲ တီးမှုတ်သွားသော မြို့မငွေငန်းယာဉ်က နေလုံးနောက်ခံတွင် တရွေ့ရွေ့ထွက်ခွာသွား သည်။ ပလပ်စတစ်ပန်းကုံးစွပ်၊ ဆင်တူဝတ်စုံဝတ်ကျောင်းသူကလေးများလည်း အသင့်ကြိုစောင့်နေသော ဘတ်စ်ကားတွေပေါ်အလုအယက် တက်နေကြ၏။ ဘီလမ်းမကြီးပေါ်တွင် အရာအားလုံးမှာ ဆောင့်ကန်တက်လာသော မီးသတ်ပိုက်ရေလုံးဖြင့် နစ်မွန်းလုလု….။ ‘ရွှေမန်းတောင်ရိပ်ခို’ သီချင်းမှ တီးလုံးသံ ကားပါး၍ပါး၍ဝေး၍ဝေး၍သွားခြင်းနှင့်အတူ ဗေ့စ်သံခပ်ပြင်းပြင်း၊ ဒရမ်ရိုက်ချက်ပြင်းပြင်းဖြင့် အသံအရှိန်ပြင်းပြင်း ပေါင်းများစွာကား ရေသေးရေမွှား….၊ ရေလုံးရေဖွားများနှင့်အတူ မဏ္ဍပ်တိုင်းမှအသံကုန်ထွက်လာကြ၏။ မဏ္ဍပ်ပေါ်မှာလည်း စည်းချက်နှင့် အပြိုင်၊ လမ်းပေါ်မှာလည်း စည်းချက်နှင့်လှိုင်းကြီးတစ်ခုလို ခုန်ပေါက်ကုန်ကြပြီ။ ထိန်းသိမ်းကျပ်စည်းထားခြင်းမှာ ကင်းလွတ်ကုန်သော လွတ်လပ်သည့် အသားစိုင် အသားခဲများလည်း စည်းချက်နှင့်အတူ လှုပ်ခါလျှက်…..။
ပြာသာဒ်ဒုယင်ကြားမှ ကင်းလွတ်ပြီး အနောက်မင်းဝံတောင်ရိုးပေါ်ပြေးဆင်းလုလုနေလုံးက ဆူဆူညံညံအသံ ဗလံများကြောင့် အလန့်တကြား ခေါင်းမော်ကြည့်ပြီး ရုတ်ချည်းငုတ်လျှိုးသွားတော့သည်။ ထိုအချိန်အထိ ရေပက်မပျက်…။ သွေးဆူပွတ်တီးလုံးသံများကား အခုမှ သင်္ကြန်ရေနှင့်တွေ့ကာ မြူးကြွစပြုလာ၏။ တံဆိပ်ပေါင်းစုံ၊ စာလုံးပေါင်းစုံ အင်္ဂလိပ်-မြန်မာစာတန်းကြီးများပါသည့် ကြော်ငြာဘုတ်ကြီး များနောက်ကွယ်မှ ရတနာပုံခေတ်ကျုံး၊ မြို့ရိုး၊ ပြာသာဒ် များကား ကျုံးလေးဘက်လေးတန်မှ မီးလုံးရောင်လျှံများသူ့ဆီ ဘယ်လိုမှရောက်နိုင် ဖွယ်မရှိသည့် ပိတ်ဖုံး ကာဆီးမှုများ ကြောင့် ဆိုဒီယမ်မီးဝါဝါအောက်ငိုက်မြည်းအိပ်ပျော်လုပေါ့။
မကြာမီပေါက်ကွဲသံတချို့နှင့်အတူ ဖွားခနဲဖွားခနဲတက်လာသည့် မီးပန်းမီးဆိုင်းရောင်စုံမှာ ကောင်းကင်တွင် အဆုပ်အဆုပ်ပွင့်သွားသည်။ သောင်းချီဝပ်အားရှိသည့် မီးဆလိုက်တန်းကြီးက ကောင်းကင်မှာ ဘယ်ညာယိမ်းနွဲ့နေသည်။ အားလုံးက အသံကြားရာနားစွင့်မိသည်နှင့် ကောင်းကင်ဆီတစ်ပြိုင်နက်မော့ကြည့်မိလိုက်ကြသည်။
မီးဆိုင်းမီးပန်းရောင်စုံတို့ဖူးရာမှပွင့်…..၊ ပွင့်ရာမှဝေ……၊ ဝေရာမှ ကြွေ…..။
ထို့နောက် တစ်စစီ…….။
xxx xxx xxx
(က)
အားလုံးက အသံကြားရာ နားစွင့်လိုက်ကြသည်။
”သင်္ကြန်အခါတော်…….” ဟူသောအသံနှင့်အတူ အရှေ့ဦးထိပ်တံခါးဆီမှ အမြောက်သံသုံးချက်ကို စတင်ကြား လိုက်ရ၏။ ဝမ်းမြောက် ပျော်ရွှင်ခြင်း၏ အသံလှိုင်းတစ်ခုက ရွှေမြို့တော်၏ ကောင်းကင်ယံဆီ လှိုက်ခါ သွားသည်။
”ဒုန်း………”
” ဒုန်း ”
” ဒုန်း ”
ဦးထိပ်တံခါးမှ အမြောက်သံက ‘သောင်းညွတ်’ တံခါးဆီပြောင်းသွား၏။ ထို့နောက် တောင်ဘက်မျက်နှာ အင်္ဂါထောင့်က ”ကျွန်းလုံးယူ” ၊ ပြီးတော့ ”ကျော်မိုး” ခေါ် ”မင်္ဂလာ” တံခါး…..။ ဤသို့ဖြင့် တံခါး ၁၂ ရပ်တိုင်း၌ အမြောက်သံသုံးချက်စီဖြင့် အမြောက်သံ သုံးဆယ်ခြောက်ချက်တိတိကြားပြီးနောက် သင်္ကြန်တော်ကျချေပြီ။ ထိုအခါမှစ၍ ‘အစဉ်ထုံးစံ’ ရှိသည့်အတိုင်း ရေကစားကြရသည်။ နံနက်နှင့် ညနေအချိန်မှသာ ရေကြည်ရေအေးအမွှေးအထုံရည်တို့ဖြင့် ဖျန်းပက်ကြသည်။ ဤသို့သာ ဖျန်းပက်ကြရန်ကိုလည်း သင်္ကြန်မကျမီကတည်းက မြို့တွင်း၊ မြို့ပြင်ရပ်စုကွက်စုများ၌ မောင်းကြေးနင်းခတ်ကာ အသိပေးပြီးဖြစ်၏။ ရွှေနန်းတော်ကြီးအတွင်း၌လည်း စောင်းညှင်းပတ်သာသံများ ညှင်းညှင်းတွဲ့တွဲ့ကြားကြရ၏။ ရွှေမြို့တော်ကြီးအတွင်းအပြင်တံခါး ဆယ့်နှစ်ရပ်နှင့်အပြိုင်ဖောက်သွယ်ထားသော လမ်းမတွေပေါ်မှာ လုလင်ပျိုများက ငွေဖလားတွင်ထည့်ထားသော ရေသန့်ရေစင်များအား သပြေခက်ဖြင့်နှစ်ပြီး တူရူမှလာသော လုံမပျိုလေးများကို ယဉ်ကျေးစွာခွင့်တောင်းပြီး ပက်ဖျန်းကြသည်။ အတွင်းတော်မှ တီးခတ်လိုက်သော စောင်းသံနွဲ့နွဲ့က တံခါးနီကိုကျော်ဖြတ်ပြီးမှ မင်းလမ်းမကြီးများအတိုင်း လေးဘက်လေးတန် ပျံ့လွင့်လာ၏။ အဆောင်ဆောင် အခန်းခန်းကလည်း ထိုစောင်းသံနှင့်ထပ်တူမျှလိုက်ပါတီးခတ်ကြလေသောအခါ သာယာသော အသံလှိုင်းက ရွှေမြို့တော်ကြီးအား ဖြည်းဖြည်းချင်းဖုံးလွှမ်းသွားလေ သယောင်…….။
”စံရာတောင် ကျွန်းလုံးသူ့ ဥသျှောင် ကျင်ငယ်လေ…..
မင်းများ့ထိပ်ခေါင်တင်။
စံရာတောင် ကျွန်းလုံးသူ့ ဥသျှောင် ကျင်ငယ်လေ…..
မင်းများ့ထိပ်ခေါင်တင်….”
အမရပူရနန်းစံ ရွှေဘိုမင်းလက်ထက်ကတည်းက မြဝတီမင်းကြီးဦးစရေးသားခဲ့သော ‘စံရာတောင်ကျွန်း’ အစချီဘုန်းတော်ဘွဲ့ ကြိုးသီချင်းအား သံပြိုင်တီးခတ်နေသည့် စောင်းသံတွင် အတာသင်္ကြန်ပွဲတော်ကို ရွှေမြို့တော်သူမြို့တော်သားတို့ ဆင်နွှဲနေကြသည်မှာ ယဉ်ကျေး ပါဘိတောင်း…။ အလွန်မွန်မြတ်၍ ကျက်သရေ ရှိလှစွာသော နှစ်သစ်နှစ်ကူးအခါတော်တွင် မင်္ဂလာရှိသော စကား၊ မင်္ဂလာရှိသော အပြုအမူ၊ မင်္ဂလာရှိသော အသံတို့ကိုသာ ပြုမူလေ့ရှိသည့်အတိုင်း မြို့တော်သူမြို့တော်သားတို့က သရီရဓာတ်တော် မွေတော်မြတ် ကိန်းဝပ်တော်မူသည့် ရုပ်ပွားတော်၊ ပုခန်းစည်သူရှင်ဘုရား၊ ရှင်မတောင်မြတ်ပေါင်း မဉ္စူဘုရား၊ ဒက္ခိဏသာခါဘုရား၊ သီဟတောဘုရား၊ ရှင်ဖြူဘုရား၊ နဂါးရုံဘုရား၊ ဆုတောင်းပြည့်ဘုရားရှင်တို့အား ရေမြေ့ရှင်မင်းတရားကြီးကိုယ်တော်တိုင် မွန်မြတ်သော ရေမွှေးရည်တို့ဖြင့် သပ္ပာယ်ပူဇော်ကာ ဆွမ်းတော်ကြီး အဖွယ်အရာစုံလင်ခင်းကျင်းကပ်လှူတော်မူသည်။ ရွှေမြို့တော်သူမြို့တော်သားတို့ကလည်း မြို့တော်၏ပြလမ်းတလျှောက်ဝေကိုင်းဝါညွတ် နေအောင်ပွင့်ဖူးကြသည့် ပိတောက်ခိုင်၊ ပိတောက်ခက်တို့ကို ခူးဆွတ်ယူငင်ကြ၏။ ထို့နောက် အိုးစည်ပန်းကုံး၌ ထိုးစိုက်ပတ်ခွေပြီး ဗေထုံဗေထုံ အယိုင်တီး၍ ကခုန်ကြသည်။ ငွေဖလားတွင် သပြေခက်စိုက်၍ ပျော်ပျော်ရွှင်ရွှင်ရေကစားကြပြီး အလားတူ ဘုရားစေတီများသို့ တစ်စုတစ်ဝေး တည်းသွားရောက်ကာ ရေကန်တော့ပူဇော်ကြလေသည်။
အရှင်နှစ်ပါး၏ နံတော်သင့် မဟာမုနိဘုရား၊ လောကမာရဇိန်ဘုရားရှင်တို့၌လည်း ဆွမ်းတော်ကြီး အဖွယ်အရာအစုံ၊ ပကတိရေ၊ အမွှေးအထုံရေစသောရေမျိုးစုံများကို အစီအစဉ်အခမ်းအနားနှင့်တကွ မှူးတော် မတ်တော်တို့ အသီးသီးကြီးကြပ်စေ၍ သင်္ကြန်အခါရက်များ အတွင်းနေ့စဉ်သွားရောက် ပူဇော်လှူဒါန်းကြသည်။ မင်းညီမင်းသား၊ မှူးတော်မတ်တော်အရာရှိ၊ လက်သုံးတော်၊ လက်ဖက်ရည်၊ ကွမ်းရေ၊ ထီးထားလက်စွဲအဆောင်မြဲတို့နှင့် အနောက်အတွင်းတော်ရှိ မင်းသမီး၊ မြို့စား၊ ရွာစား၊ အပျိုတော်၊ ကတော်မယားပါဦးရေတစ်ထောင်ကျော် တို့ကိုလည်း လွန်းများလက်ချိတ်၊ လွန်းများစပ်၊ ဗလာပိုးဖဲ၊ ပုဆိုး၊ ထဘီ၊ ခေါင်းပေါင်းအုပ်၊ ပိတ်အုပ်၊ ပုဝါအုပ်များကို ရာထူးဌာနန္တရ အလျှောက် အသီးသီးသနားတော်မူခဲ့သည်။ ရွှေနန်းတော်ကြီးအတွင်း၌သာမက မြို့တွင်းမြို့ပြင်ပြလမ်းများ၌ သင်္ကြန်ထမင်းအချိုအဆိမ့်များကို အရှင်နန်းမတော်ဘုရားဝန်၊ စာရေးကြီးတို့က ကြပ်မတ်ကျွေးမွေးပြန်ရာ ကျိတ်ကျိတ်တိုး စည်ကားပျော်ပါးရွှင်မြူးသာယာလှသည်ဟု ဆိုကြ၏။
”သောင်းမြေပြင်ငယ်လေ….ထီးဆူဆူကိုလေ…..စိုးလို့မိုးတော်မူ
သောင်းမြေပြင်ငယ်လေ…..ထီးဆူဆူကိုလေ…..စိုးလို့မိုးတော်မူ
ဘုန်းပန်းငယ်ကြိုင်မွှေး၊ မြတ်လေးငယ် အတူ….
ကြူပင်ကြူချည့်လေ…….”
‘စံရာတောင်ကျွန်း’ စောင်းသံညှင်းက စည်းချက်ကျကျထွက်ပေါ်နေဆဲဖြစ်သည်။ ကြိုးကြားကြိုးကြားပေါ်လာသော အိုးစည်သံနှင့်အတူ ရွှေမြို့တော်အနှံ့ အတာသင်္ကြန်ပွဲကား မင်္ဂလာရှိစွာ ဆင်နွှဲလျှက်ရှိကုန်၏။ မင်းဘုရင်နှင့်မိဖုရားတို့မှာ မြောက်ဥယျာဉ်တော်၊ အရှေ့မြောက်ထောင့်၊ အနောက်မြောက်ထောင့်တို့၌ သင်္ကြန်တန်ဆောင်းပွဲခံ ကန္နားကဖျင်းများ ဆောက်၍ သင်္ကြန်မတိုင်မီကတည်းက မင်းညီမင်းသား၊ မှူးတော် မတ်တော်တို့ ဗောင်းနားဋောင်းဝတ်လုံ စလွယ်ဆင်ယင်ပြီး ဝင်ထွက်ခစားစေ၏။ ထို့နောက် သင်္ကြန်အခါတော်နီးသည်နှင့် ကုန်းတပ်ရေတပ်ခင်း ကျင်းကာ မင်္ဂလာမြောင်းတော်က ရေကြောင်းထွက်တော်မူခဲ့သေးသည်။
ယခုသင်္ကြန်အခါတော်အတွင်း၌ ရွှေနန်းတော်သို့တက်တော်မူပြီး အငြိမ့်တော်များ၊ အတွင်းဆိုင်း၊ မွန်ဆိုင်း၊ ယိုးဒယားဇာတ်ကြီး အဆိုအကများကို အခါသုံးရက်အတွက် နေ့ညာဉ့်မပြတ်ကခုန်သီကြူးတီးမှုတ်သံများ၊ ရတနာပုံနေပြည်တော်တစ်ဝှမ်းပျံ့ထုံလွှမ်းခဲ့သည်။ မြို့စား၊ ရွာစား၊ အပျိုတော်တို့နှင့် လက်သုံးတော် လက်ဖက်ရည် တော်တို့ အမိန့်တော်မြတ်နှင့်တစ်ဦးကို တစ်ဦးပျော်ပါးစွာ ရေစင်သွန်းလောင်း ကစားကြသည်။ ရွှေမြို့တော်တွင်းရှိ နန်းတော်၊ အဆောင်၊ အိမ်ရာများမကျန် အိမ်တိုင်းစေ့တွင် မြေအိုး၌ သပြေညွန့်၊ တမာညွန့်၊ သီးညွန့်၊ အုန်းလက်နှင့်မြေစာမြက်တို့ စုစည်းထိုးဆိုက်ထားသည့် အတာအိုးများကား နုသစ်လန်းဆတ်လျှက်…..။
xxx xxx xxx
(ခ)
သပြေညွန့်၊ တမာညွန့်၊ သီးညွန့်၊ အုန်းလက်နှင့်မြေစာမြက်တို့စုစည်းထိုးစိုက်ထားသော အတာအိုးကို အိမ်ရှေ့တွင် သေချာစွာ ပြင်ဆင်ချထားလိုက်သည်။ သပြေညွန့်လေးမှာ ရေစက်ရေပေါက်လေးများပင်သီးနေ၏။ နေရောင်တွင် ရေစက်တို့က ပန်းစကြာမီးပွင့်တို့ လင်းလက်စေသည်။ အုန်းလက်၏ စိမ်းနုသွေးက ကျောက်စိမ်းရောင်တောက်နေ၏။ သပြေရွက်တွေ…..အုန်းလက်တွေ….ရှုပ်ထွေးဝေဝါးသွားသည်။ နေခြည်သွေးက ဆည်းဆာတွင် ပန်းနုသွေးသန်းချေပြီ။ ကတော့ထိုးထားသော ငှက်ပျောဖတ်များက ပန်းနုဆည်းစာတွင် နုသောအသွေး ဖက်လုနေသည်။ ငှက်ပျောဖက်ညွန့်ကတော့လေးတွင် ဖြည်းဖြည်းချင်းအပေါ်သို့ အဖျားရှုးသွားသည်။ သပြေရွက်ညွန့် များနှင့်အတူ ရောင်ပြား ရွှေငွေစက္ကူပန်းကလေးများကို ခပ်ဖြောက်ဖြောက်ထိုးထားသည့် ကန်တော့ပွဲညွှန့် ကြီးက ဂျစ်ကားဘောနက်ပေါ်၌ မှန်စီရွှေချအုပ်ကြီးဖြင့် ခံ့ထည်လှဘိ….။ ခမ်းခမ်းနားနားပြင်ဆင်ထားသည့် ကန်တော့ပွဲ အုပ်ကြီးကား အဖျားရှုးကာ ဖြည်းဖြည်းချင်းမြင့်တက်သွားပုံက နောက်ခံ ကျော်မိုးတံခါးပြသာဒ်ကြီးနှင့် ပုံသဏ္ဌာန်ချင်းတူလှသည်။
ကျော်မိုးတံခါး (ဝါ)မင်္ဂလာတံခါးရှေ့ ကျုံးကူးတံတားကြီးထိပ်မှ ကန်တော့ပွဲညွန့်ထိုးထားသည့် မဟာအတာ သင်္ကြန်ပွဲတော် ရှေ့ပြေးကားက အဆင်သင့်နေရာယူထားသည်။ သူ့နောက်မှာ ရိုးရာအတာသင်္ကြန် အလှပြကားတွေက အစီအရီ….။ မင်္ဂလာတံတားပေါ်….။ မင်္ဂလာတံခါးအောက်…..။ ထို့နောက် နန်းတွင်းအင်္ဂါထောင့် ကွင်းပြင်ကြီးထဲအထိ….။ မန္တလေးတွင် ထွန်ကားခဲ့သော စပ်ပန်းချီမဏ္ဍပ် ရုပ်လုံးအတတ်၊ ဆေးရေးပန်းချီအတတ်များဖြင့် အစွမ်းကုန်ခြယ်သထားသည့် အလှပြယာဉ်များသည် နဂါးရုပ်၊ ခြင်္သေ့ရုပ်၊ နယားရုပ်၊ ဟင်္သာရုပ်၊ ဇာမဏီရုပ်၊ ပဉ္စရူပရုပ်၊ ဥဒေါင်းရုပ်၊ ငန်းရုပ်၊ ကြက်ရုပ်၊ နန်းမြင့်ပုံ၊ နန်းဆောင်ပုံများဖြင့် ရွှေပြားငွေပြားပန်းချီထည်များ စပ်ဟပ်ခြယ်သကာ အလှကြီးလှ လျှက်ရှိနေသည်။
အရှင်နှစ်ပါးပါတော်မူပြီး ထီးကျိုးစည်ပေါက်ဖြစ်ကာ တိုင်းတစ်ပါး ဘာသာခြားလက်အောက် ကျွန်သဘောက်ဘဝ ရောက်ခဲ့ရ သော်လည်း ကိုယ့်အမျိုး၊ ကိုယ့်ဘာသာ၊ ကိုယ့်ရိုးရာ၊ ကိုယ့်ယဉ်ကျေးမှုကို အပျက်အစီးအထိ အပါးမခံဘဲ မန္တလေး၌ ကျန်ကောင်းကျန်ရာ ကျန်သင့်သော ဆွေတော်မျိုးတော်၊ မှူးတော်မတ်တော်ဟောင်းကြီးများနှင့် ဂုဏ်သရေ ရှိသော မြို့မိမြို့ဖများက တာဝန်တစ်ရပ်ကဲ့သို့ စွမ်းစွမ်း တမံဆောင်ရွက်ကြရင်း ယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကြီးအား ဆင်နွှဲခဲ့ကြခြင်းဖြစ်၏။ ရှေးယခင်ကလို လေးပြင်လေးရပ်၌ ဓာတ်တံခါး၊ မိတ်တံခါးများမှ သင်္ကြန်အမြောက် ၃ ချက်စီကို တံခါး ၁၂ ရပ်အပြည့်ပစ်ဖောက်ခြင်းမျိုးမတတ်နိုင်ငြား….၊ အရှင်နှစ်ပါးမှအစပြု၍ မဟာသင်္ကြန်ပွဲကို ရှေးထုံးရှေးနည်း များအတိုင်း စောင်းသံ၊ အငြိမ့်သံ၊ ဆိုင်းသံခြိမ့်ခြိမ့်ဖြင့် မကျင်းပနိုင်ငြား….၊ ပြောင်းလဲလာသော ခေတ်အခြေအနေ အရ တွင်ကျယ်စွာသုံးစွဲလာသော လော်ရီကုန်ကားကြီးများအား ပန်းချီမဏ္ဍပ်ရုပ်လုံးရုပ်ကြွ အပြင်အဆင်များဖြင့် ခြယ်သ ကြသည်။ စောင်းညှင်း ပတ်သာများအစား ခေတ်ပေါ်လေမှုတ်တူရိယာများဖြင့် ခေတ်မီခံ့ညားထည်ဝါစွာ သင်္ကြန်ပွဲတော်ကို ဆင်နွှဲပျော်ခဲ့ကြကုန်၏။
မြို့မိမြို့ဖများဦးဆောင်သည့် မဟာသင်္ကြန်ပွဲတော် ကျင်းပရေးကော်မီတီ၏ အချက်ပေးသံနှင့်အတူ ခေတ်ပေါ် တူရိယာများဖြင့် စတင်တီးမှုတ်လိုက်သောအသံက ကြက်သီးမွေးညှင်းထမျှထွက်ပေါ်လာ၏။
ကိုယ့်အရှင်ကိုယ့်သခင်ရှိစဉ်ကာလ….သင်္ကြန်တော်ကျသည်နှင့် မြဝတီမင်းကြီးဦးစရေးသားခဲ့သည့် ”စံရာတောင် ကျွန်းလုံးဥသျှောင် ကျင်ငယ်လေ” အစချီ ‘ဘုန်းတော်ဘွဲ့’ ကြိုးသီချင်းသံကို စောင်းသံနွဲ့ညှင်းဖြင့် သာယာ နာပျော်ဖွယ်ကြားခဲ့ရသည်လေ….။
အခု….မဟာအတာသင်္ကြန်ပွဲတော်အကြိုနေ့ညနေဆည်းဆာတွင် ‘စံရာတောင်ကျွန်း’ ကြိုးသီချင်းအလိုက်တွင် စာသားများရေးစပ် ထည့်သွင်းထားသည့် ”အေးတဲ့ရေ” ဟူသော သီချင်း……။
နားဆင်ကြည့်ပါဘိ…….။
မန္တလေးဆိုင်းတန်းရပ်က မြို့မဗုဒ္ဓဝေယျာဝစ္စတူရိယာအသင်းမှ ကိုဘညိန်းနှင့် ကိုရင်လေးတို့ရေးစပ်ကာ အသင်းသားများ မြိုင်မြိုင် ဆိုင်ဆိုင်တီးမှုတ်ထားကြပုံက မန္တလေးမူ၊ မန္တလေးဟန်နှင့် ထီးဆန်နန်းဆန်လိုက်ပါဘိ…..။
ပလုတ်တုတ်ဗုံတောင်သံနှင့်အတူ အနောက်တိုင်းလေမှုတ်တူရိယာများဖြင့် တီးမှုတ်သောသီချင်းသွားက တငြိမ့်ငြိမ့်ထွက်ပေါ်လာသည်။ ကန်တော့ပွဲညွန့်တင်ဆောင်မည့် ရှေ့ပြေးကားနှင့် နောက်မှအလှပြယာဉ်တန်းကြီးက သီချင်းတေးသွားသံနှင့်အတူ မဟာမုနိဘုရားကြီးထံ သင်္ကြန်ကြိုကန်တော့ပန်ဆင်ရန် စီတန်းလှည့်လည်ကြပါပကော……။ ပိတောက်တွေပွင့်နေသည့် လမ်းတလျှောက်တွင် မြို့လူထုက လမ်းလုံးပြည့် မျှမက အိမ်ရှေ့၊ အိမ်ပေါ်ဝရံတာ၊ ပြတင်းပေါက်များ မှာထိ တိုးဝှေ့ထွက်ပြူကြည့်ရှုသြဘာပေးကြသံများလည်း ညံမစဲ…..။
”…….သင်းပျံ့နေ…..ရွှေမန်းပိတောက်တွေ တွဲရရွဲနဲ့လေ….
ဆင်မြဲမြန်းကာလှတဲ့မေ…… ငွေငန်းမောင့်ကိုလောင်းတဲ့ရေ…….
ဘေးဘယာဝေးကွာ ကင်းစင်ပမယ်……
သည်ရေပွဲ……သင်္ကြန်ရေ…..” တဲ့လေ……။
သီချင်းသံက လမ်းလုံးညွှတ်မျှအပြည့်အလျှံ……။ ၁၉၄ဝ ဝန်းကျင်သင်္ကြန်……။
ဆူးငှက်
#voiceofmyanmar #VOM #ဆင်မြဲမြန်းကာလှတဲ့မေ #ဆူးငှက်