ဆူးငှက်
မန္တလေးသင်္ကြန်၌ ခြေကျင် (သို့မဟုတ်) စက်ဘီးကိုယ်စီနှင့် မြို့မနောက်တကောက်ကောက်လိုက်လိုလိုက် …။ ချစ်ပန်းနွယ်တို့ ရွှေမန်းမေတို့ရှေ့တွင် မော့လိုမော့ ….။ ဗိုလ်သခင်ဆရာတို့၊ ဒိုးဒိုးဒေါက်ဒေါက်တို့၊ ဒဿဂီရိတို့လို သံချပ်အသင်းတွေဘေးငေးလိုငေးနှင့် သင်္ကြန်မရောက်ခင် တီးလုံးတိုက်ကြကတည်းက ရင်ခုန်၊ သင်္ကြန်တွင်း ၄ ရက်လုံးမမောမပန်းလည်ပတ်၊ သင်္ကြန်ပြီးတော့ လွမ်းလွမ်း ဆွေးဆွေးနှင့် နှမြောတသပြီ၊ နောက်နှစ်သင်္ကြန်ရောက်ဖို့ ၃၆၄ ရက်ပဲလိုတော့တယ်ဟု အသစ်တစ်ဖန်ပြန်လည်မျှော်လင့်ခဲ့ကြရသော ကျွန်တော်တို့မိတ်ဆွေများသည် ၁၉၈ဝ ဝန်းကျင်မှာတော့ အသီးသီးအသက၊ အသက ၊ မန္တလေးက ခွဲခွာသွားကြရသည်။ အသက် ၂ဝ နှင့် ၃ဝ အတွင်းတွေဆိုတော့လည်း ယုံကြည်ရာ၊ တာဝန်ရှိရာ၊ ရေကြည်ရာမြက်နုရာတွေဆီ ထွက်ခွာသွားကြသည့်သဘောဖြစ်သည်။
ဤသို့ဖြင့် ၁ဝ နှစ်၊ အနှစ် ၂ဝ။ ထို့နောက် ၂၅ နှစ်…..။ ၂၅ နှစ်သော ငွေရတုနှစ်ကာလများအထိ ကျော်ဖြတ်ပြီးမှ မိတ်ဆွေများလည်း အတော်အတန်ထုသားပေသားရကာ ဇာတိမြေမန္တလေးသို့ အရပ်ကိုးမျက်နှာမှ ပြန်လည်ဝင်ရောက်အခြေချလာကြခြင်းဖြစ်သည်။ အရပ်ရှစ် မျက်နှာသာမက ကောင်းကင်မှဆင်းလာသူပါမလာနိုင်သောကြောင့် အရပ်ကိုးမျက်နှာဟုပြောရခြင်းဖြစ်သည်။ ထားပါတော့ …။ လူ့သက်တမ်း၏ တစ်ဝက်နီးပါးခွဲခွာကြရတော့ ပြန်လည်ဆုံတွေ့ကြရချိန်၌ ယခင်မန္တလေးအရသာကို အပြည့်အဝခံစားလိုကြ၍ မနက်လင်းတာနှင့် လက်ဖက်ရည် ဆိုင်ထိုင်၊ ထွေရာလေးပါးပြော၊ ၁ဝ နာရီ ၁၁ နာရီခန့်မှ လုပ်ငန်းခွင်သို့သွားနိုင်ကြခြင်းဖြစ်၏။ အားလုံး၏ ဆန္ဒကိုယ်စီမှာလာမယ့် သင်္ကြန် ပျော်ကြမယ်ဟူသော အစီအစဉ်ချည်းဖြစ်နေသည်။ တကယ်တော့ပြောလို့သာပြောတာ… မန္တလေးသင်္ကြန်ကား ၁၈ဝ ဒီဂရီပြောင်းလဲသွားတာ သူတို့မသိ …။ ကျွန်တော်တို့ပျော်စရာမရှိ ….။ ကျုံးပတ်ပတ်လည်လက်ယှက်ထိုးမျှ.. မြို့ရိုးကျောပေးပြီး လက်ခုပ်တဖောင်မကမြင့်သည့် ဧရာမဏ္ဍပ်ကြီးတွေပေါ်မှာ ရန်ကုန်က အဆိုတော်တွေချည်းသင်္ကြန်သီချင်းမဟုတ်သော ခေတ်ပေါ်သီချင်းတွေသံပြိုင်ဟစ်ကြသည်။ အောက်က ကတ္တရာလမ်းမပေါ်မှာ လူတွေ … လူတွေက ခြေချစရာမရှိ … မူးယစ်ပျော်ရွှင်ပေါက်ကွဲခုန်ပေါက်နေကြ၏။ ဂီတမရှိ၊ အကမရှိ။ အသိမ်အမွေ့ အနုအညံ့၊ အယဉ်အကျေးမရှိ … ။
၁၉၉၃ ခုနှစ်ရောက်ပါမှ ငွေငန်းယာဉ်ကြီးဖြင့် ဖျစ်ညှစ်ကြိုးစားကာ ယခင်မူဟန်အတိုင်း သာယာနာပျော်ဖွယ်သင်္ကြန်သီချင်းများဖြင့် ငြိမ့်ငြောင်းစွာ လှည့်လည်ဆင်နွှဲသည့် မြို့မတူရိယာအသင်းကြီးတစ်သင်းသာ သူနှင့်လိုက်လျောညီထွေသော ဧည့်ခံမဏ္ဍပ်က လက်တစ်ဖက်စာ သာမရှိတော့သဖြင့် သင်္ကြန်တွင်းအိမ်တွင်းအောင်းနေကြရရှာသော မန္တလေးသားကြီးများရှိရာ အိမ်ဂေဟာများသို့ လှည့်လည်ဖျော်ဖြေနေရကြောင်း ချစ်မိတ်ဆွေများကို ပြောပြလိုက်တော့ သက်ပြင်းကိုယ်စီချလိုက်ကြသည်။ ထားတော့ ….။
ဤသို့ဖြင့် ပြန်လည်ဆုံဆည်းကြသည့် ၁၉၉၇ သင်္ကြန်မှာ ငယ်ဘဝကလို တစ်မြို့လုံးအနှံ့မဏ္ဍပ်တိုင်း လှည့်လည်ငေးမောစရာ မလိုတော့ဘဲ မိတ်ဆွေတစ်ဦး၏ လုပ်ငန်းတည်ရှိရာ မြို့လယ်၌ အကြတ်နေ့ညနေကတည်းက စုကြပြီး ဖန်ခွက်ကိုယ်စီဖြင့် လွမ်းနာကျကြရုံပဲ တတ်နိုင်သည်။ ပြီးတော့ မြို့မအလှပြယာဉ်ကြီးအား ထိုနေ့ည၌ ထိုနေရာသို့ ဖိတ်ခေါ်ထားရုံပဲတတ်နိုင်သည်ပေါ့။ ညနေ ၆ နာရီ …။ အားလုံးမှာ အတိတ်ဆီသို့ ရီဝေရီဝေပြန်လည်ရောက်သွားကြပြီ….။ သို့သော်ပုံဆောင်မဲ့ မြင်ကွင်းများ …။ ဆုတ်ကိုင်မရသည့် စကားလုံးများ ဖြင့်သာ … ။ ည၏အစ ၇ နာရီ….။ သင်္ကြန်နှင့်တူသည့် ဂျစ်ကားဘောနက်အား စည်းချက်ကျတဒုံးဒုံးရိုက်ခတ်သံပဲကြားရ၏။ အခြားဘာမှမရှိ…။ ပကတိတိတ်ဆိတ်…..။ ကျွန်တော်တို့ အတိတ်ဇာတ်လမ်းက ဇာတ်ရှိန်မြင့်နေသည်။ ၁၉၇ဝ ဝန်းကျင်က လှိုင်းထဲတွင် ပုံရိပ်ပီပြင်လာ၏။ ဟော …။
တိုက်ပုံအင်္ကျီအဖြူကိုယ်စီ၊ ရင်ထိုးတံဆိပ်ပြာ၊ တောင်မြို့လုံချည်နက်ပြာကွက်စိပ်ဆင်တူဖြင့် ဆိုင်ကယ်နှစ်စီးထိုးဆိုက်လာပြီး နောက်မှာ မြို့မအသင်းကြီး လမ်း ၃ဝ အတိုင်းတက်လာပြီဖြစ်ကြောင်း….။ ၂၉ လမ်းအတိုင်းဝင်ဖို့က ၈၁ လမ်းသည် တစ်လမ်းမောင်းဖြစ်နေ၍ မရကြောင်းရှေ့ပြေးအနေနှင့် လာရောက်ကြိုတင်သတင်းပေးကြသည်။ ကျွန်တော်တို့အတိတ်ရေယာဉ်က ရုတ်ချည်းရပ်တန့်သွားသလို…။ အားလုံးက ထိုင်ရာမှထကာ .. ဟို … အနောက်ဆီမျှော်လင့် …။ ကျုံးထိပ်ပေါ်တော်မူ ဓမ္မာရုံ၏ သစ်သားခိုနန်းချိုးတွင် မီးရောင်အရိပ်တွေ ထင်ဟပ်လာ၏။ ဟော …..။
မကြာမီ အချက်ပြမီးလည်ဖြင့် ရှေ့ပြေးကားတစ်စီးပေါ်လာသည်။ နောက်မှာ ကန်တော့ပွဲညွန့်ကြီးတင်ထားသည့် ဆန်နီပစ်ကပ် ကားတစ်စီး …။ ပြီးတော့ မီးရောင်စုံထိန်လင်းနေသည့် ငွေငန်းအလှပြယာဉ်ကြီး ….။ မြင်ကွင်းတွင် ပေါ်လာခြင်းနှင့်အတူ ပြိုင်တူတီးမှုတ်လိုက် သော တေးသွားအတောက ပတ်မကြီးအဆို့အပိတ်ဖြင့် ခံ့ခံ့ညားညားဟည်းထမြိုင်ဆိုင်သွားသည်။ ကျွန်တော်တို့မိတ်ဆွေအားလုံးရုတ်ချည်း မေ့မြောသွားကြလေသလား …။ နီးစပ်ရာလက်တွေဖမ်းကိုင်လိုက်မိ …။ အားလုံးအေးစက်…။ အားလုံး ငယ်လွမ်းဝေဒနာ …။ တူရိယာသံနှင့်အတူ ငွေငန်းယာဉ်ကြီးတငြိမ့်ငြိမ့်ချိုးကွေ့လာ …။
”အေးအေးချမ်းချမ်း .. လောင်းစမ်းသင်္ကြန်ရေ၊
မာပါစေ၊ တောင်းဆုကိုချွေ၊ ဖျန်းပက်သူတို့ ယဉ်စစချောနွဲ့နွဲ့လုံမေ …၊
ထောင့်သုံးရာငါးဆယ့်ရှစ်ခုနှစ် သင်္ကြန်ရေ …၊
စွတ်သူစိုသူ၊ ကြည်ဖြူစွာလေ ….
စိတ်မှာထင်မြင်၊ ရေစင်တွေဖျန်း … မောင်ရင်းနှမတမ်းတသူတွေ ….”
ငွေငန်းအလှပြယာဉ်ကြီးက တေးသံမြိုင်မြိုင်နှင့်အတူ ကျွန်တော်တို့ရှေ့ထိုးဆိုက်လာသည်။ အရင်ကတော့ အခုလိုအလှပြယာဉ်ကြီး ရှေ့မှာ ငန်းရုပ်လေးတွေကိုယ်စီနှင့် ပိုင်းလော့ကားအစီး ၂ဝ ခန့်နှင့် ဘေးမှာ နောက်မှာ သင်္ကြန်ပျော်ကားတွေကျပ်ညှပ်ပြီး လိုက်ပါလာသည်။ အခုတော့ ….။
တကယ်တော့ ကျွန်တော်တို့ ကိုယ်နှိုက်ကလည်း သင်္ကြန်မှာ အထီးကျန်ဖြစ်နေတာကြာပြီ…။ မြို့မငွေငန်းကြီးက အခုလို ခေတ်ပေါ် သင်္ကြန်တွင် အထီးကျန်နေသူပေါင်းများစွာဆီဖြေသိမ့်ပေးနေတာပဲလေ…။
”ဒီသီချင်းက အတော်ခံ့ညားတာပဲ …။ ရင်ထဲဆို့တက်ကြီး မျက်ရည်တောင်လည်လာမိတယ် …. ထောင့်သုံးရာငါးဆယ့်ရှစ်သင်္ကြန်ရေ ……ဆိုတော့ ဒီနှစ်စပ်တာလား” ဟု ဟို … တောင်ပေါ်အနှံ့အဝးဆီခြေဆန့်ပြီး နှစ်အစိတ်ကျော်မှ မန္တလေးပြန်လာသူ မိတ်ဆွေကမေး၏။
”မဟုတ်ဘူးဗျ၊ ဒါ ဆရာမြို့မငြိမ်းရေးခဲ့တာ …၊ လွန်ခဲ့တဲ့ နှစ်ပေါင်းငါးဆယ်တိတိက သီချင်း၊ ၁၉၄၇ ခုနှစ်ကပေါ့ဗျာ …”
ဖွင့်ချည်မှိတ်ချည်မီးလုံးရောင်စုံသွယ်တန်းရစ်ဆွဲထားသည့် ပျံလုမတတ်ငွေငန်းရုပ်ကြီးကို ငေးမောကြည့်ရှုနေရင်း အမြင်တွေ ဝေဝါးသွားသည်။ သတင်းစာဟောင်းများ၏ ဝါကျင့်ကျင့်စာမျက်နှာများလည်း တဖျပ်ဖျပ်လန်သွားပါပကော ….။
xxx xxx xxx
(က)
၁၉၄၇ ခုနှစ် ဧပြီလ ၁ဝ ရက်။ ကောဇာသက္ကရာဇ် ၁၃ဝ၉ ခုနှစ် တန်ခူးလပြည့်ကျော် (၅)ရက်နေ့ထုတ် လူထုသတင်းစာမျက်နှာဖုံးတွင် သင်္ကြန်ပွဲတော်၌ ဆင်နွှဲမည့် မြို့မအသင်းကြီး၏ အလှပြယာဉ်ဒီဇိုင်းကို ဖော်ပြထားပြီး သီဆိုဖျော်ဖြေမည့် သီချင်းအသစ်များ၏ စာသားများအား မျက်နှာဖုံး၌ပင် ပုံနှိပ်ဖော်ပြထားသည်။ သီချင်းသစ်များတွင် ‘ရွှေမန်းတောင်ရိပ်ခို’ သီချင်း၊ ‘အေးအေးချမ်းချမ်း … လောင်းစမ်းသင်္ကြန်ရေ’ အစချီ အေးအေးချမ်းချမ်းသီချင်း၊ ‘ရေလောင်းရေပက်ခံလာတယ် သူငယ်ချင်းရင်းတဲ့ လုံမေရယ် …’ အစချီ ‘ရေလောင်းရေပက်’ သီချင်း၊ ‘ပျော်ပါစေ မယ်လာကွယ်အလှရယ် ရေပက်ခံမယ် ‘ အစချီသီချင်းစာသားများအပြည့်အစုံနှင့် မြို့မအသင်းမှ သံချပ်ကိုပင် ထည့်သွင်းဖော်ပြ ထား၏။
ထို့ကြောင့် ယနေ့နာမည်ကျော်နေသော ‘ရွှေမန်းတောင်ရိပ်ခို’ သီချင်းသည် ၁၉၄၇ ခုနှစ်က စတင်ပေါ်ပေါက်ခဲ့သော သီချင်း ဖြစ်ကြောင်း မှတ်သားရသည်။ ‘အေးအေးချမ်းချမ်း’ ဟူသော သီချင်းတွင် ‘အေးအေးချမ်းချမ်း လောင်းစမ်းသင်္ကြန်ရေ မာပါစေ တောင်းဆုကိုချွေ၊ ဖျန်းပက်သူတို့ ယဉ်စစချောနွဲ့လုံမေ၊ ထောင့်သုံးရာရှစ်ခုနှစ် သင်္ကြန်ရေ….’ ဟု မြို့မငြိမ်းက ရေးစပ်ခဲ့သည်။
၁၉၄၇ ခု (၁၃ဝ၈ ခုမှ ၁၃ဝ၉ ခုနှစ်ကူး) သင်္ကြန်ကား စစ်ကြီးအပြီးတွင် ပြန်လည်၍ထူးထူးခြားခြားစည်ကားသော သင်္ကြန်ဖြစ်သည်။ သင်္ကြန်မတိုင်မီကတည်းက တီးလုံးတိုက်ကြ၊ သီချင်းစပ်ကြ၊ သံချပ်စပ်ကြ၊ အလှပြယာဉ်ဒီဇိုင်းပြင်ဆင်ကြနှင့် အပြိုင်အဆိုင်စီစဉ်ခဲ့ကြရာ တစ်ဦးနှင့်တစ်ဦးအတုခိုးအသာရသွားရမှာစိုးသောကြောင့် လျှို့ဝှက်စွာကျိတ်၍ စီစဉ်ကြခြင်းဖြစ်၏။ မြို့လူထုကလည်း မည်သည့်အသင်းက မည်သို့မည်ပုံသင်္ကြန်ဆင်နွှဲမည်ကို အထူးသိလိုနေကြသည်။ ထို့ကြောင့် မန္တလေးမြို့ထုတ် လူထုသတင်းစာက သင်္ကြန်မတိုင်မီက တင်ကြို၍ သင်္ကြန်အလှပြယာဉ်များ၏သတင်းကို ပုံစံဒီဇိုင်း၊ သီချင်း၊ သံချပ်များနှင့်တကွ နေ့စဉ်သတင်းပေးဖော်ပြခဲ့ခြင်းဖြစ်သည်။
နန်းရှေ့ရေသဘင်အသင်းက ‘လွတ်လပ်ရေးကိုတိုက်ယူမယ်’ ဟူသော အဓိပ္ပာယ်ဖြင့် အမြောက်များတပ်ဆင်ထားသော တိုက်ရေယာဉ် ကြီးပုံ အလှပြယာဉ်၊ ရွာဟိုင်းဈေးမှ ‘ခင်ကိုကို’ က မြန်မာ့ဦးစွန်းအမှတ်အသား ဥဒေါင်းရုပ်ပုံအလှပြယာဉ်၊ ‘ရှုတိုင်းယဉ်’ အသင်းက ခေတ်မီနိုင်ငံသစ်နှင့် သိပ္ပံပညာကိုရည်ညွှန်း၍ အာကာသယာဉ်ပုံစံအလှပြယာဉ်၊ ‘ရွှေလက်ဝါး’ အသင်းက ဒုံးပျံပုံစံအလှပြယာဉ်များဖြင့် ပါဝင်ဆင်နွှဲခဲ့သည်ဟု သိရသည်။ ထိုနှစ်က မြို့မအသင်း၏ အလှပြယာဉ်က လှပခေတ်မီ၏။ ကားရှေ့ပိုင်းကို ငန်းခေါင်းငန်းရင်အုပ်ကြီးဖြင့် ဆင်ယင်ထားပြီး ကားဘေးတစ်ဖက်တစ်ချက်မှာ ထုသဖွယ်အနိမ့်အမြင့်ဒီဇိုင်းဖြင့် ငန်းတောင်ပံများဖြန့်ကျက်ထား၏။ အောက်မှာ လှိုင်းခေါင်း ဖြူများဖြင့် ရေလှိုင်းပြာနွဲ့နွဲ့များ…..။
၁၉၄၇ ခုနှစ် သင်္ကြန်တွင် ဤသို့ ခေတ်မီလှပသော ငွေငန်းအလှပြယာဉ်ကြီးနှင့် မြို့မအသင်းသည် ယဉ်ကျေးဖွယ်ရာသော သီချင်း များသီဆိုရင်း ကျုံး၊ မြို့ရိုး၊ ပြာသာဒ်များရှေ့ ပနံရတင့်တယ်နေမှာပေါ့။ ဈေးချိုမှာ၊ ကျောက်သွေးတန်းမှာ၊ ဝါးတန်းမှာ မန်းမြို့သူ၊ မူယာနွဲ့များက မောင်ရင်းနှမအသွင်ခင်မင်ပျော်ရွှင်စွာ သူတစ်ပြန်ကိုယ်တစ်ပြန် အနုပညာတွေတောက်စားရင်း ‘ကျန်းမာပါစေ…’ ဟု မေတ္တာပို့ကြမှာပေါ့….။ အလှပြယာဉ်များ၊ ဧည့်ခံမဏ္ဍပ်များ၊ မြို့လုံးအနှံ့ ဥဒဟိုရှက်သန်းရင်း….
‘ပျော်ပျော်ရွှင်ရွှင်၊ ခင်ခင်မင်မင်၊ တွေ့ပေါ့ဒီနှစ်တွင်
အလှဘုရင်တွေတိုးလို့သာနေ…၊ မြို့မမောင်တွေ၊
အံ့အားသင့်ပါရဲ့၊ လှရက်ပါပေ့ မန်းမြို့ဂုဏ်ပေ….’ ဟု သီဆိုရင်း မြို့လူထုနှင့် တစ်သွေးတည်း တစ်သားတည်းဖြစ်နေမှာပေါ့။
xxx xxx xxx
(ခ)
တကယ်တော့ မန္တလေးသင်္ကြန်သည် အလှ၊ အက၊ ဂီတများဖြင့် မွှမ်းထုံနေလေ့ရှိရာ အလှပြယာဉ်တူရိယာအဖွဲ့များ ထုံးစံအတိုင်း သင်္ကြန်ဒိုးချက်နှင့်သီချင်းများ၊ အနောက်တိုင်းအသွားဖြင့် သီချင်းများ အပြင် မဟာဂီတလာသီချင်းကြီးအသွားများဖြင့် ဣန္ဒြေရရ အခံ့အညား သင်္ကြန်သီချင်းများတွင် မြို့မငြိမ်း၏ ‘အေးအေးချမ်းချမ်း’ သီချင်းသည် ကနဦးမူလအစအနေနှင့် လမ်းဖောက်ခဲ့သည့်သီချင်းဖြစ်သည်။ မြို့မငြိမ်းနှင့်ဦးရင်လေးတို့ ရေးစပ်ခဲ့ကြသော ‘မြူမှောင်ဝေကင်း’ အစချီ ‘အေးတဲ့ရေ’ သီချင်းမှာလည်း ‘စံရာတောင်ကျွန်း’ ကြိုးသီချင်းအသွားပဲ မဟုတ်ပါကလား။ ဤအစဉ်အလာကို ဆက်လက်ထိန်းသိမ်းခဲ့ကြရာ နောက်ပိုင်းမျိုးဆက်များ ကလည်း မန္တလေးသင်္ကြန်တွင် သင်္ကြန်ဒိုး ဆစ်များမဟုတ်သည့် ပတ်မချက်စည်တော်သံစသည့် အဆစ်များဖြင့် အခံ့အညားသီချင်းကို ဆက်တိုက်ရေးစပ်ခဲ့ကြသည်။ ထို့ပြင် ခေတ် ဆန်ဆန်နှမပျိုများအတွက်လည်း ဥရောပဗုံချက်များဖြင့် ခပ်သွက်သွက်ခပ်မြူးမြူးသင်္ကြန်သီချင်းများလည်း အများအပြားရေးစပ်ကြသည်။
နောက်နှစ်များတွင် ခေတ်စားခဲ့သော သင်္ကြန်သီချင်းများကား ဥရောပဗုံချက်များကို အသားပေးရေးစပ်ခဲ့သည်က ပိုမိုအားကောင်း လာသည်။
၁၉၅ဝ ဝန်းကျင် သင်္ကြန်…..။ ။
ဆူးငှက်
#voiceofmyanmar #VOM #ဆူးငှက် #အေးအေးချမ်းချမ်း၊ရွှေမန်းတောင်ရိပ်ခိုသင်္ကြန်