စာချုပ်ပြီးသား အလုပ်သမားတွေကို စေလွှတ်ပြီးမှ ပြည်ပအလုပ်ခေါ်စာအသစ်တွေ လက်ခံမယ်

မတ် ၁၈ – ၂၀၂၅
SS (VOM)
ပြည်ပ အလုပ်အကိုင်အတွက် စာချုပ် ချုပ်ဆိုထားပြီးဖြစ်တဲ့ အလုပ်သမားတွေကို စေလွှတ်ပြီးမှသာ အလုပ်ခေါ်စာအသစ် (Demand Letter) တင်ပြတာကို ခွင့်ပြုသွားမှာဖြစ်ကြောင်း မြန်မာ ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်း (MOEAA) က အကြောင်းကြားလာတယ်လို့ အေဂျင်စီတွေက ပြောပါတယ်။
မနေ့ မတ် ၁၇ ရက်နေ့ ရက်စွဲနဲ့ အကြောင်းကြားစာ ပေးပို့ခဲ့တာလို့ သိရပြီး သက်ဆိုင်ရာနိုင်ငံအလိုက် စေလွှတ်ဖို့ကျန်တဲ့ အလုပ်သမားတွေကို စေလွှတ်ပြီးပါက သက်ဆိုင်ရာနိုင်ငံအလိုက် Demand Letter အသစ် တင်နိုင်ပြီဖြစ်ကာ တင်ခွင့်ပေးမယ့် အရေအတွက်ကို ဌာနက သတ်မှတ်ပြီး အကြောင်းကြားသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
“သူက Demand Letter အသစ် ပြန်တင်ခွင့် ရရင်လည်း အကန့်အသတ်နဲ့ ဖြစ်သွားပြီ။ အလုပ်သမား ညွန်ကြားရေးဦးစီးဌာနဆီ ဇန်နဝါရီ ၃၀ ရက် နောက်ပိုင်း တင်ပြခဲ့တဲ့ Demand Letter တွေနဲ့ ပတ်သက်လို့ အေဂျင်စီ တခုချင်းအလိုက် တင်ပြရမယ့် ကန့်သတ်ဦးရေစာရင်းကို ထပ်အကြောင်းကြားသွားဖို့ ရှိတယ်ဆိုတော့ အဲဒီ အသိပေးချက်အရ အေဂျင်စီတွေအနေနဲ့ Demand Letter တင်တာကို နစက က ခွင့်ပြုတဲ့ ကန့်သတ်ဦးရေအရပဲ စေလွှတ်ရမယ့် အခြေအနေပါ” လို့ အေဂျင်စီလုပ်ငန်းရှင် တယောက်က ပြောပါတယ်။
လက်ရှိမှာတော့ MOEAA အနေနဲ့ ဇန်နဝါရီ ၃၀ ရက်မတိုင်ခင်မှာ ထိုင်းနိုင်ငံအတွက် အလုပ်ရှင်၊ အလုပ်သမား သဘောတူစာချုပ်ချုပ်ပြီးတဲ့ အလုပ်သမားတွေနဲ့ တခြားနိုင်ငံတွေဆီ သွားမယ့် အလုပ်သမားတွေအတွက် ခွင့်ပြုထားတဲ့ Demand Letter တွေအတွက် စေလွှတ်ခွင့်ကို စတင် ဆောင်ရွက်ပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။
“အခုက ဇန်နဝါရီ ၃၀ ရက်နေ့အထိ သံရုံးထောက်ခံချက် ရရှိပြီးနဲ့ လေဘာညွှန်မှူး ထောက်ခံချက် ရရှိပြီးတဲ့ အလုပ်ခေါ်စာတွေကို အရင် စေလွှတ်မှာပေါ့။ အဲဒါတွေအကုန် ပြီးသွားမှသာ Demand letter အသစ် ပြန်တင်ခွင့်ရမယ် ဆိုတော့ ဒါက တော်တော်လေးတော့ အချိန်ပေးရနိုင်တယ်။ အခုက အလုပ်စာချုပ် ချုပ်ပြီး OWIC ကတ် လုပ်ဖို့ စောင့်ဆိုင်းနေတဲ့သူတွေတင် ခုနစ်သောင်းနီးပါး ရှိနေတာလေ။ အဲဒီတော့ အရင်လိုတော့ မမြန်လောက်တော့ဘူး။ အနည်းဆုံး ခြောက်လ၊ တနှစ်လောက် အချိန်ပေးရနိုင်တယ်။ နောက်တခုက အလုပ်ခေါ်စာတိုင်းကိုလည်း ချပေးမှာ မဟုတ်တော့ဘူး၊ အရေအတွက်လည်း ကန့်သတ်ဦးမယ် ဆိုတော့ ပြည်ပထွက်မယ့် လူတိုင်းလည်း ကြိမ်းသေ ထွက်ခွင့်ရဖို့ မသေချာတော့ဘူး” လို့ ပြည်ပအလုပ်အကိုင် အေဂျင်စီ အကျိုးဆောင် တယောက်က ပြောပါတယ်။
အခုလို ဆောင်ရွက်ချက်ဟာ ပြည်ပနိုင်ငံတွေဆီက အလုပ်ခေါ်စာအသစ် ရရှိထားတဲ့ အေဂျင်စီတွေအတွက် အခက်တွေ့နိုင်ပြီး အချိန်မီ အလုပ်သမားမပို့နိုင်ပါက လုပ်ငန်း ထိခိုက်လာနိုင်တယ်လို့ ဆိုပါတယ်။
အလုပ်သမား ဝန်ကြီးဌာနအနေနဲ့ ဖေဖော်ဝါရီ ၁၈ ရက်ကစပြီး ပြည်ပအလုပ်အကိုင် အလုပ်သမား သက်သေခံကတ် (OWIC) ထုတ်ပေးတာကို ရပ်နားခဲ့တာကြောင့် ပြည်ပထွက်မယ့် အလုပ်သမား သောင်းနဲ့ချီ ကတ်ရဖို့ စောင့်ဆိုင်းနေခဲ့ရတာ ဖြစ်ပါတယ်။
OWIC ကတ် ထုတ်ပေးတာကို လာမယ့် မတ် ၂၀ ရက်နေ့ကစပြီး ပြန်လည် ခွင့်ပြုပေးမယ်လို့ နစက က မတ် ၁၀ ရက်နေ့မှာ အသိပေး ကြေညာခဲ့ပြီးနောက် Demand Letter အသစ်တွေ ဆက်ပိတ်ထားမယ့်အကြောင်း မနေ့ မတ် ၁၇ ရက်နေ့ ရက်စွဲနဲ့ ထပ်မံ အသိပေးလာတာ ဖြစ်ပါတယ်။
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW