ကိုရီးယားနဲ့ စင်္ကာပူကိုစေလွှတ်မယ့် လုပ်သားအရေအတွက် ဆက်လက် ကန့်သတ်

မတ် ၂၅ – ၂၀၂၅
SN (VOM)
အလုပ်သမားဝန်ကြီးဌာန အနေနဲ့ အလုပ်ခေါ်စာအသစ် (Demand Letter – DL) တင်ရမယ့် လုပ်သားဦးရေကို နိုင်ငံအလိုက် ခွင့်ပြု ကြေညာပေးလျက်ရှိရာမှာ ကိုရီးယားနဲ့ စင်္ကာပူကို စေလွှတ်တဲ့ လုပ်သား အရေအတွက်ကိုလည်း အကန့်အသတ်နဲ့သာ ခွင့်ပြုသွားမှာ ဖြစ်တယ်လို့ အသိပေး ကြေညာထားပါတယ်။
မနေ့ မတ် ၂၄ ရက်နေ့မှာ ကိုရီးယားနိုင်ငံအတွက် DL တင်ပြမယ့် အေဂျင်စီတွေကို အလုပ်သမား ၁၀ ယောက်အတွက်သာ အလုပ်ခေါ်စာ တင်ခွင့်ပေးတော့မှာ ဖြစ်တယ်လို့ ကြေညာခဲ့သလို ဒီကနေ့ မတ် ၂၅ ရက်နေ့မှာလည်း စင်္ကာပူနိုင်ငံအတွက် DL ကို ငါးယောက်သာ ခွင့်ပြုပေးမယ်လို့ အသိပေးထားပါတယ်။
“အခုက အလုပ်သမား သက်သေခံကတ် (OWIC) ရှိတဲ့ သူတွေကို အရင် ဦးစားပေးတာပေါ့။ ဒါပေမယ့် အရေအတွက်တွေကတော့ ပိုနည်းလာတယ်။ ကိုရီးယားအတွက် G to G စနစ်နဲ့ သွားတဲ့ EPS စနစ် E-9 တွေကတော့ ပုံမှန်အတိုင်း လုပ်သားစေလွှတ်မှုကို လူဦးရေ ကန့်သတ်မထားဘူး။ ပုဂ္ဂလိက အေဂျင်စီတွေကိုပဲ အရေအတွက် ကန့်သတ်ထားတာ။ ကျွန်တော်တို့အတွက်က ဒီအတိုင်းဆိုရင်တော့ ဘယ်လိုမှ အဆင်မပြေဘူး။ ကျွန်တော်တို့ အေဂျင်စီရော၊ တချို့ အေဂျင်စီတွေမှာဆိုရင်လည်း Demand အရမ်းများတယ်။ ကိုယ့်ဆီမှာရှိနေတဲ့ Demand အရေအတွက်နဲ့ဆို နောင်နှစ် ကုန်တဲ့အထိတောင် လူကုန်လွှတ်နိုင်မယ် မထင်ဘူး” လို့ ပြည်ပအလုပ်အကိုင် အေဂျင်စီ အကျိုးဆောင်တယောက်က ပြောပါတယ်။
ကိုရီးယားနိုင်ငံကို မြန်မာလုပ်သား စေလွှတ်တာမှာ Public Oversea Employment Angency (POEA) အစီစဉ်နဲ့ ကိုရီးယားဘာသာစကား အရည်ချင်းစစ်စာမေးပွဲ (EPS-TOPIK) ဖြေဆိုစေပြီး အောင်မြင်သူတွေကို နှစ်နိုင်ငံအစိုးရချင်း သဘောတူညီမှု G to G စနစ်နဲ့ လုပ်သား ပို့ဆောင်တယ်လို့ သိရပါတယ်။
ဒါပေမယ့် သင်္ဘောကျင်း လုပ်ငန်းတွေမှာ ဝရိန်ဆော်ဖို့အတွက် ခေါ်ယူနေတဲ့ ကျွမ်းကျင်လုပ်သား (E7-3 ဗီဇာ)၊ ရေလုပ်ငန်းတွေအတွက် ရေလုပ်သား (E10-2 ဗီဇာ) တို့ကိုတော့ ပုဂ္ဂလိက ပြည်ပအလုပ်အကိုင် အကျိုးဆောင် လိုင်စင်ရ အေဂျင်စီတွေက ပို့ဆောင်ပေးနေတာဖြစ်ပြီး ဝန်ကြီးဌာနအနေနဲ့ လက်ရှိမှာ အေဂျင်စီတွေအတွက်ကိုသာ လူဦးရေ ကန့်သတ်ထားတာ ဖြစ်တယ်လို့ သိရပါတယ်။
အလုပ်သမားဝန်ကြီးဌာနရဲ့ လတ်တလော အသိပေးစာတွေမှာတော့ အေဂျင်စီတွေအနေနဲ့ ကိုရီးယားနဲ့ စင်္ကာပူနိုင်ငံကို လုပ်သား စေလွှတ်ဖို့အတွက် ဇန်နဝါရီ ၃၀ ရက်မတိုင်မီက စာချုပ်ချုပ်ဆိုထားတဲ့ အလုပ်ခေါ်စာတွေမှာ သတ်မှတ် လူဦးရေထက်ပိုနေရင် အဲဒီ အလုပ်ခေါ်စာတွေကို ပြန်လည် ပြင်ဆင်ရမှာဖြစ်တယ်လို့ ဆိုပါတယ်။
အေဂျင်စီတခုကို အလုပ်ခေါ်စာ တစောင်နဲ့ သတ်မှတ် လူဦးရေထက် မပိုစေဘဲ တလကို တကြိမ်သာ တင်ပြရမှာဖြစ်သလို စာချုပ် ချုပ်လိုတဲ့ရက် မတိုင်မီ တပတ် ကြိုတင် တင်ပြရမှာဖြစ်တယ်လို့ သိရပါတယ်။
အဲဒီ အလုပ်ခေါ်စာတွေကို လာမယ့် မတ် ၂၅ ရက်နေ့ကစလို့ ပြင်ဆင် တင်ပြရမှာဖြစ်ပြီး အလုပ်သမား ဝန်ကြီးဌာနအနေနဲ့ အေဂျင်စီတွေရဲ့ အလုပ်ခေါ်စာအသစ် တင်ပြခြင်းကို အခု ၂၀၂၅ ခုနှစ်၊ မေလ ၂ ရက်နေ့မှ စတင်ကာ လက်ခံ ဆောင်ရွက်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
“အခုက Demand ကျပြီးသားတွေလည်း Demand ပြန်တင်ရမယ် ကြားတယ်။ တချို့ကလည်း တင်စရာမလိုဘူး ပြောကြတယ်။ ‌ဘာမှ ရေရေရာရာ မသိရဘူး။ အလုပ်သမားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကလည်း မရှင်းလင်းဘူး။ အေဂျင်စီဘက် မေးကြည့်တော့လည်း သူတို့ကိုယ်တိုင်တောင် ဘာမှန်းမသိကြဘူး။ တိတိကျကျ ဖြေမပေးနိုင်ကြဘူး။ Demand ပြန်တင်ရမယ်ဆို တင်ပြီးရင် ကျဖို့ နောက်တခါ ပြန်စောင့်ရဦးမယ်။ အခုလို တလ တကြိမ် အရေအတွက် နည်းနည်းချင်း လွှတ်နေတာမျိုးဆို Demand ကျဖို့ စောင့်နေရင်း COE သက်တမ်းကတခါ ထပ်ကုန်ဦးမယ်။ တခုကုန် တခုထပ်တင်၊ ထပ်စောင့်နဲ့ ချာလည် လည်ရင်း လိုရင်းကိုရောက်မှာ မဟုတ်တော့ဘူး” လို့ ပြည်ပထွက်ခွာဖို့ ပြင်ဆင်နေသူတယောက်က ပြောပါတယ်။
အလုပ်သမားဝန်ကြီးဌာန အနေနဲ့ မတ် ၂၂ ရက်နေ့မှစတင်ကာ နိုင်ငံအလိုက် Demand Letter ခွင့်ပြု အရေအတွက်ကို စတင် ကြေညာပေးနေတာဖြစ်ပြီး ထိုင်းနိုင်ငံအတွက် အယောက် ၅၀၊ ဂျပန်နိုင်ငံအတွက် ၁၅ ယောက် စသဖြင့် သတ်မှတ်ထားကာ ကျန်ရှိနေသေးတဲ့ မလေးရှားနဲ့ တခြားနိုင်ငံတွေအတွက် ဆောင်ရွက်ရမယ့် လုပ်ငန်း အစီအစဉ်တွေကိုလည်း ဆက်လက် ဖော်ပြပေးသွားမှာဖြစ်တယ်လို့ အသိပေးထားပါတယ်။
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW