စံကားအင်းက စစ်ဘေးရှောင် ၆၀၀၀ခန့် စားနပ်ရိက္ခာနဲ့ ဆေးဝါး၊ အဝတ်အစားများ အရေးပေါ်လိုအပ်နေ

မတ် ၂၅၊ ၂၀၂၅
ZY(VOM)
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ စံကားမြို့၊ စံကားအင်းဒေသရှိ စစ်ဘေးရှောင် ၆၀၀၀ကျော်ဟာ လက်ရှိအချိန်မှာ စားနပ်ရိက္ခာနဲ့ ဆေးဝါး၊ အဝတ်အစားတွေ အရေးပေါ်လိုအပ်နေတဲ့အတွက် ပါဝင်ကူညီ လှူဒါန်းပေးကြစေလိုကြောင်း စစ်ဘေးရှောင်အရေး ကူညီသူအရေး ကူညီနေသူတွေက ပြောပါတယ်။
စံကားအင်းတလျှောက်ရှိ စစ်ဘေးရှောင်စခန်းတွေမှာ စစ်ဘေးရှောင် ၄၀၀၀ကျော် ရောက်ရှိခိုလှုံနေကြသလို နေအိမ်ငှားရမ်းနေထိုင်သူတွေ၊ ဂိုဒေါင်တွေ၊ ပွဲရုံတွေမှာ နေထိုင်ကြသူတွေ ၂၀၀၀ကျော်ရှိနေပြီး လက်ရှိမှာ ရိက္ခာမလုံလောက်မှုအပြင် သောက်သုံးရေမလုံလောက်မှုတွေပါ ကြုံတွေ့နေတယ်လို့ သိရပါတယ်။
“သူတို့က စစ်ဘေးရှောင်နေရတာ ငါးလ ကျော်ပြီ။ တိုက်ပွဲတွေက အခုထိကို မရပ်သေးဘူး။ ကြာလာတာနဲ့အမျှ စားသောက်နေထိုင်ဖို့က အခက်အခဲရှိလာတယ်။ ပြီးခဲ့တဲ့ တစ်ပါတ်လောက်ကသွားတာ လူအရမ်းများလို့ ပါသွားတာလေးတွေ မျှဝေပေးခဲ့ရတယ်။ စစ်ရှောင်စခန်းတာဝန်ခံတွေကို မေးကြည့်တော့ လူဦးရေ ၆၀၀၀ နီးပါးလောက် ရှိတယ်လို့ ပြောတယ်”လို့ စစ်ဘေးရှောင်အရေး ကူညီသူအရေး ကူညီနေသူတယောက်က VOMကို ပြောပါတယ်။
စစ်ဘေးရှောင်လာရတဲ့ ငါးလအတွင်း စစ်ရှောင်စခန်းအချို့မှာ စားနပ်ရိက္ခာမလုံလောက်မှုကြောင့် ထမင်းတစ်နပ်လျှော့ စားခဲ့ရတဲ့ အခြေအနေထိ ဖြစ်ခဲ့ရသလို စစ်ရှောင်ပြည်သူအချို့ဟာ ၎င်းတို့‌စစ်ရှောင်ရာ ဒေသတွေမှာ ကုန်စိမ်းရောင်းတာ၊ နေ့စားလိုက်တာ စတဲ့ အလုပ်တွေနဲ့ အလုပ်လုပ်ကိုင်ကာ စားဝတ်နေရေး ဖြေရှင်းကြပေမယ့် အလုပ်အကိုင်ရှားပါးမှုနဲ့ ကြုံတွေ့နေရတယ်လို့လည်း သိရပါတယ်။
“တောဘက်ရှောင်တဲ့သူတွေလည်း တော်တော်များတယ်။ ပိုက်ဆံမရှိကြတော့ မြို့ပေါ်တွေကို မသွားနိုင်ကြဘူးလေ။ တောဘက်ရှောင်တဲ့သူတွေက ရေပြဿနာရော၊ စားနပ်ရိက္ခာပြဿနာပါ ထိပ်တိုက်ရင်ဆိုင်နေရတယ်။ ပြီးခဲ့တဲ့နှစ်တွေမှာ သိုလှောင်ထားတဲ့ ရိက္ခာတွေကို ပြန်စားရတယ်။ တောဘက်က သစ်သီးဝလံတွေကို ရောင်းပြီး စားဝတ်နေရေးကို ဖြေရှင်းနေကြရတယ်။ နေတာကတော့ ဘယ်လိုနေနေ၊ ဝတ်တာက ဘယ်လိုဝတ်ဝတ် ရိက္ခာမရှိရင်တော့ ဘယ်လိုမှ အဆင်မပြေနိုင်ဘူးလေ”လို့ ဒေသအရေး စောင့်ကြည့်လေ့လာသူတယောက်က VOMကို ပြောပါတယ်။
အဲဒီစစ်ဘေးရှောင်တွေဟာ ဖယ်ခုံ၊ မိုးဗြဲ၊ ပင်လောင်းနဲ့ ကယားပြည်နယ်က တိုက်ပွဲတွေကြောင့် ဘေးလွတ်ရာကို တိမ်းရှောင်လာကြသူတွေ ဖြစ်ပြီး ဆေးဝါးနဲ့ ရိက္ခာ မလုံလောက်တဲ့ အခြေအနေအပြင် သောက်သုံးရေမသန့်ရှင်းတဲ့ ပြဿနာနဲ့ ကြုံတွေ့နေရတာကြောင့် တစ်ကိုယ်သန့်ရှင်းမှု အားနည်းနေကြတယ်လို့လည်း စစ်ဘေးရှောင်အရေး ကူညီသူအရေး ကူညီနေသူတွေထံကနေ သိရပါတယ်။
ဓာတ်ပုံ- ZunLay Wai

Related posts

Leave a Comment

VOM News

FREE
VIEW