ပြန်လည်နာလန်ထူဖို့ မလွယ်သေးတဲ့ အင်းတိုင်းရင်းသားတွေရဲ့ ရိုးရာလက်မှုလုပ်ငန်းများ

မတ် ၂၅၊ ၂၀၂၅
ဖိုးသား(VOM)
ရိုးရာအမွေအနှစ်ဖြစ်တဲ့ လက်မှုလုပ်ငန်းတွေနဲ့ အသက်မွေးဝမ်းကြောင်းပြုနေကြရတဲ့ အင်းတိုင်းရင်းသား လူမျိုးတွေဟာ လက်ရှိမှာတော့ ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည်ဝင်ရောက်မှု နည်းပါးလာတာနဲ့ အတူ လက်မှုလုပ်ငန်းလုပ်ကိုင်သူတွေ တဖြည်းဖြည်း နည်းပါးလာနေပြီဖြစ်ပါတယ်။
အင်းတိုင်းရင်းသားလူမျိုးတွေဟာ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသမှာ အများဆုံးနေထိုင်တဲ့ ဒေသခံတိုင်းရင်းသားလူမျိုးတွေ ဖြစ်ပြီး တောင်ကြီးမြို့၊ ရွှေညောင်မြို့တို့မှာလည်း အနည်းငယ် နေထိုင်ကြပါတယ်။
အင်းလေးကန်ဟာ မြန်မာနိုင်ငံရဲ့ ဒုတိယမြောက် အကြီးဆုံးကန်ဖြစ်ပြီး တောင်နဲ့မြောက် တန်းနေတဲ့ တောင်တန်းကြီး နှစ်ခုကြားမှာ ခွက်ဝင်တည်ရှိနေတဲ့ ညောင်ရွှေချိုင့်ဝှမ်းကြီးရဲ့ အလယ် အနက်ရှိုင်းဆုံးအပိုင်းမှာ တည်ရှိတာပါ။ လောပိတမှာ ရှိတဲ့ ရေအားလျှပ်စစ် ဓာတ်ထုတ်လုပ်ရေးစက်ရုံ အတွက် အဓိကကျသော ရေအရင်းအမြစ် သဘာဝလှောင်ကန်လည်း ဖြစ်ပါတယ်။ အင်းလေးရေပြင်ပေါ်မှာ ရွာကြီး၊ ရွာငယ်တွေ အသွယ်သွယ်ဖွဲ့စည်းတည်ရှိပါတယ်။ တနေရာကနေ တနေရာကို လှေတွေ၊ စက်လှေတွေနဲ့ သွားလာကြပြီး လှေကို ခြေနဲ့ လှော်ခတ်ကြပါတယ်။ အင်းလေးဒေသ၊ သာလေးရွာရှိ ဖောင်တော်ဦးဘုရားဟာလည်း တန်ခိုးကြီးဘုရားအဖြစ် ထင်ရှားကျော်ကြားသလို အင်းလေးဒေသမှာ ခရီးသွားဧည့်သည် အများဆုံးလာရောက်တဲ့ နေရာတစ်ခု ဖြစ်ပါတယ်။
အင်းတိုင်းရင်းသားတွေက စိုက်ပျိုးရေးလုပ်ငန်းနဲ့ ငါးဖမ်းခြင်း၊ မွေးမြူရေး၊ စက်လှေမောင်းနှင်တာ၊ ချည်ထည် ရက်လုပ်တာ၊ ခရီးသွားဝန်ဆောင်မှုလုပ်ငန်းတွေကို အဓိကထားလုပ်ကိုင်ကြပေမယ့် ရိုးရာလက်မှု လုပ်ငန်း၊ မုန့်ကြွပ်၊ ပဲခွေ၊ ပဲလှော်စတဲ့ ရိုးရာစားသောက်ကုန်လုပ်ငန်းတွေ လုပ်ကိုင်ကြတဲ့ ဒေသခံတွေလည်း အများအပြားရှိနေပါတယ်။ အဲဒီလုပ်ငန်းတွေထဲက ငွေပန်းထိမ်ထုတ်ကုန် အလှဆင်ပစ္စည်းတွေဟာ ကမ္ဘာကျော်တဲ့အထိ ထင်ရှားပါတယ်။
ငွေထည်လက်မှုလုပ်ငန်းတွေကို အင်းလေးဒေသ၊ ဟဲယာရွာမကျေးရွာနေ အင်းတိုင်းရင်းသားတွေက လုပ်ကိုင်ကြပြီး ရိုးရာလက်မှုငွေပန်းတိမ်လုပ်ငန်းကို အဓိကလုပ်ကိုင်ကြတဲ့ အင်းလေးကန်တွင်းရှိ ဟဲယာရွာမကျေးရွာအုပ်စုမှာ ၂၀၁၄ သန်းခေါင်စာရင်းအရ ကျား ၂၄၉၉ ဦး၊ မ ၂၀၂၉ ဦး၊ လူဦးရေ စုစုပေါင်း ၄၅၂၈ ဦး နေထိုင်ကြပါတယ်။
အဲဒီငွေထည်ပစ္စည်းတွေကို ဖောင်တောင်ဦးဘုရား၊ ညောင်ရွှေမြို့ ပေါ်မှာ အဓိကထားရောင်းချကြသလို တောင်ကြီးအပါအဝင် ရှမ်းပြည်နယ်အတွင်းရှိ နေရာအနှံ့ အပြားကို တင်ပို့ရောင်းချကြပါတယ်။ ရန်ကုန်၊ မန္တလေး၊ ဧရာဝတီတိုင်းဒေသကြီးထံကိုလည်း တင်ပို့ရောင်းချနေကြကြောင်း ဒေသခံတွေက ရှင်းပြပါတယ်။ ဟဲယာရွာမကျေးရွာမှာ ငွေဖလား၊ ငွေအုပ်၊ ဆွမ်းတော်အုပ်၊ ဆွမ်းတော်ခွက်၊ ဘုရားသောက်တော်ရေခွက်၊ လက်ဝတ်တန်ဆာ၊ စက်လှေပန်ကာ၊ အမှတ်တရလက်ဆောင်ပစ္စည်းတွေကို အဓိကထားပြုလုပ်ကြတာပါ။
-ငွေထည်ပစ္စည်းထုတ်လုပ်ပုံအဆင့်ဆင့်
ငွေထည်ပစ္စည်းထုတ်လုပ်ဖို့အတွက် ကုန်ကြမ်းတွေကို ရှမ်းပြည်နယ်တောင်ပိုင်းဒေသအနှံ့အပြားရှိ မြို့ပေါ်နဲ့ ကျေးလက်တောရွာတွေထံ လိုက်လံဝယ်ယူပြီးနောက် ရေနဲ့ ဆေးကြောသန့်စင်ရပါတယ်။ အဲဒီနောက် မှာယူတဲ့ အသုံး အဆောင်စ္စည်းတွေအလိုက် ပုံဖော်ကာ ထုဆစ်ထုတ်လုပ်တာ ဖြစ်ပါတယ်။ ဥပမာ-ငွေဖလားပြုလုပ်မယ်ဆိုပါက ပြုလုပ်မယ့် ငွေထည်ပစ္စည်းအလေးချိန်အလိုက် သံဖို(ဖားဖို၊ ပန်ကာဖို)နဲ့ မီးအပူပေးပြီး အရည်ကျိုကာ ပုံစံခွက်ထဲ လောင်းထည့်ရပါတယ်။ ထွက်လာတဲ့ ငွေချောင်းတွေကို လိုချင်တဲ့အရွယ်အစား အထူအပါးရအောင် အပြားကြိတ်စက်နဲ့ ဖိကြိတ်ယူရတာပါ။ အဲဒီနောက် ရရှိလာတဲ့ အပြားကို ငါးကြိမ်ခန့် မီးဖုတ်လိုက်၊ တူနဲ့ထုလိုက်နဲ့ မတ်ခွက်ပုံစံဖြစ်လာအောင် ပြုလုပ်ရပါတယ်။ အဲဒီမတ်ခွက်ပုံစံကို ဖလားဖြစ်လာအောင် တူ၊ ပေတို့ကို အသုံးပြုပြီး အုံထုတ်(ပုံပြင်) ရပါတယ်။ ဖလားပုံရလာပါက ပန်းဖလားလိုပါက ပန်းထုပြီး ရရှိလာတဲ့ ဖလားကို စက်နဲ့ချောပြီးပြီဆိုပါက ပန်းဖလားကို ရရှိပါတယ်။
အဲဒီကနေတဆင့် ကနုတ်ပန်းဖော်ရာမှာ အဖြူထည်ပြုလုပ်ပြီး အထည်တွေကို ပန်းဖော်တာ၊ ဇာတ်ကြီးဆယ်ဘွဲ့ဇာတ်လမ်းတွေ ထုလုပ်ပါက သုံးလေးမီးခန့် ချိတ်သွင်းခြင်း၊ ပုံစံအမျိုးမျိုးနဲ့ အနုစိတ်ပုံဖော်ခြင်းတွေ ပြုလုပ်ရပါတယ်။ ဒီအခါမှသာ ဝင်းလက်တောက်ပြောင်တဲ့ ငွေထည်ပစ္စည်းတွေကို ရရှိပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်းနေ ဒေသခံတိုင်းရင်းသားတွေဟာ ငွေဖလား၊ ငွေကွမ်းအစ်၊ ငွေထုံးဗူး စတဲ့ ငွေထည်အသုံးအဆောင်တွေကို ဝယ်ယူထားလေ့ရှိကြပါတယ်။ ဒါပေမယ့် အဲဒီငွေထည်ပစ္စည်းတွေကို နေ့စဉ် အသုံးမပြုဘဲ ပွဲလမ်းသဘင်၊ အလှူ၊ မင်္ဂလာအခမ်းအနားတွေမှာသာ အသုံးပြုကြတာပါ။
ငွေထည်လုပ်ငန်းမှာ ငွေထည်ပစ္စည်းတွေကို အရုပ်တွေ၊ ပန်းခက်ပန်းနွယ်တွေကို ရုပ်လုံးဖော်ကာ ထွင်းလုပ်ထားတာဟာ ငွေထည်လုပ်ငန်းရဲ့ အသက်လို့ ဆိုရမှာဖြစ်ပြီး ပန်းခက်ပန်းနွယ်၊ ဇာတ်နိပါတ်ရုပ်ပုံတွေကို ပစ္စည်းအလိုက် ထုလုပ်ထားတတ်ပါတယ်။ အများအားဖြင့် ငွေဖလားကြီးတွေမှာ ဇာတ်ကြီးဆယ်ဖွဲ့က အခန်းတွေ၊ ငါးရာ့ငါးဆယ်နိပါတ်တော်လာ ရုပ်ပုံတွေ၊ ၁၂ ရာသီစက် အမှတ်အသားတွေ၊ ပန်းပုံတွေကို သရုပ်ဖော်ကာ ရုပ်ကြွတွေအဖြစ် ထုလုပ်ထားပါတယ်။ ငွေထည်လုပ်ငန်းမှာ ပညာရှင်ရဲ့ ပညာစွမ်း၊ လက်ရာစွမ်းကို ဆုံးဖြတ်ရာမှာ ငွေထည်ပစ္စည်းရဲ့ ပုံပန်းသရုပ်ဖော်ထားတဲ့ ပန်းခက်ပန်းနွယ် ရုပ်ပုံတွေကို အနုစိတ်နိုင်နင်းခြင်း၊ သရုပ်ပေါ်အောင် ဖော်နိုင်တာနဲ့ ရုပ်လုံးဖော်နိုင်တာတို့ကို ကြည့်ရှု ဆုံးဖြတ်တတ်ကြပါတယ်။
ဒါကြောင့် ရှေးအခါက ငွေဖလားကြီးတွေမှာ ပတ်လည်အပြည့်မျှ ပန်းခက်ပန်းနွယ်၊ ခြူးကနုတ်၊ ယိုးဒယားပန်းတွေ၊ ရုပ်လုံးတွေနဲ့ လက်စွမ်းပြ ထားတတ်ပါတယ်။ တစ်ခါတစ်ရံ ငွေဖလားကြီးရဲ့ အပေါ်ပိုင်းမှာ သဇင်ခွေ၊ ကုလားပန်း၊ ခြူးတက်တွေကို ပေါင်းစပ်ပြီး အလယ်ပိုင်းမှာ ဇာတ်နိပါတ်လာ ရုပ်ပုံတွေကို သရုပ်ဖော်ပြီး ဖလားရဲ့ အောက်ခြေမှာ မှော်ရွက်တွေနဲ့ လက်စွမ်းပြတတ်ကြပါတယ်။
အဲဒီလိုသရုပ်ဖော်ရာမှာ ပညာရှင်ရဲ့ ဉာဏ်စွမ်း၊ လက်စွမ်းအလိုက် တယောက်နဲ့ တယောက်၊ တခုနဲ့ တခု မတူ၊ ထူးခြားချက်တွေ ရှိတတ်ပါတယ်။ ငွေထည်ပစ္စည်းတွေ လုပ်ရာမှာ လုပ်မယ့် ပစ္စည်းအတန်းအစားအလိုက် ဘော်ခေါ်မယ့် အကောင်းဆုံးငွေ ၉၉ ဒသမ ၅၊ ၉၄ ဒသမ ၅၊ ၈၉ ဒသမ ၅ စတဲ့ ရာခိုင်နှုန်းပါရှိတဲ့ ငွေတွေမှာ ကြေးနီအကောင်းစား အနည်းငယ်ထည့်ပြီး လုပ်ကိုင်ကြပါတယ်။ ဘော်ချည်းသက်သက်နဲ့ ပြုလုပ်တဲ့ ငွေထည်တွေဟာ အလွန်ပျော့ပျောင်းတဲ့အတွက် သုံးစွဲရာမှာ အထိအခိုက်မခံကြပါဘူး။ ဒါကြောင့် သုံးစွဲရာမှာ ခိုင်ခံ့ဖို့ ကြေးနီထည့်ရတာပါ။
ငွေပန်းတိမ်လုပ်ငန်းလုပ်ကိုင်မယ့် ဟဲယာရွာမနေ အင်းတိုင်းရင်းသားတွေဟာ ငွေထည်ပစ္စည်းတွေကို ကျင်လည်စွာ လုပ်နိုင်ဖို့ နှစ်နှစ်ကနေ သုံးနှစ်အထိ သင်ကြားရပါတယ်။ အဲဒီအဖြူထည်ပစ္စည်းကို ပန်း၊ အရုပ်တွေ ထုလုပ်ဖို့ ပန်းထုဆရာလက်ကို အပ်ရပါတယ်။ ပန်းထုဆရာကလည်း ကျင်လည်စွာ တတ်မြောက်ဖို့ သုံးနှစ်ကနေ ငါးနှစ်အထိ အားထုတ်သင်ကြားရပါတယ်။
ဟဲယာရွာမနေ အင်းတိုင်းရင်းသားအများစုဟာ ဘိုးစဉ် ဘောင်ဆက် ငွေပန်းတိမ် လုပ်ငန်းကိုသာ လုပ်ကိုင်ကြတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ ၂၀၁၉ခုနှစ်မှာ စတင်ဖြစ်ပွားခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ရောဂါ(COVID-19) စတင်ဖြစ်ပွားချိန်ကစလို့ အင်းလေးဒေသအပါအဝင် နိုင်ငံတဝန်းလုံးကို နိုင်ငံခြားခရီးသွားဧည့်သည် ဝင်ရောက်မှု မရှိသလောက် နည်းပါးလာသလို အင်းလေးဒေသကို ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည် ဝင်ရောက်မှု မရှိသလောက်နည်းပါးခဲ့ပါတယ်။ အဲဒီနောက် နစကမှ အာဏာရယူခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ထပ်မံဖြစ်ပွားမှု ကြုံတွေ့ခဲ့ရသလို နယ်မြေမတည်ငြိမ်မှု၊ တိုက်ပွဲဖြစ်ပွားမှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပါတယ်။
ဒီအခြေအနေတွေကြောင့် အင်းလေးဒေသကို ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည် ဝင်ရောက်မှု နည်းပါးနေခဲ့တာကြောင့် အင်းလေးဒေသက ငွေပန်းတိမ်လုပ်ငန်းလုပ်ကိုင်သူတွေဟာလည်း စားဝတ်နေရေးနဲ့ လုပ်ငန်းဆက်လက်ရပ်တည်ရေး တဖြည်းဖြည်း ခက်ခဲလာခဲ့ပါတယ်။ ၂၀၁၉ခုနှစ်က ငွေထည်လုပ်ငန်း လုပ်ကိုင်သူ ၇၀ကျော် ရှိခဲ့ရာမှာ လက်ရှိမှာ ၂၀ကျော်သာ ကျန်ရှိတော့သလို အဲဒီလုပ်ကိုင်သူတွေကလည်း စားဝတ်နေရေးအတွက် ငွေထည်လုပ်ငန်းတခုတည်းနဲ့ မလုံလောက်တာကြောင့် တခြားအလုပ်တွေပါ ပူးတွဲလုပ်ကိုင်နေရတယ်လို့ ဆိုပါတယ်။
ငွေပန်းတိမ်လုပ်ငန်း တခုတည်းနဲ့သာ ရပ်တည်ဖို့မလွယ်ကူတော့တဲ့အတွက် တခြားလုပ်ငန်းတွေကို ပြောင်းရွေ့လုပ်ကိုင်နေရသူတွေလည်း အများအပြားရှိနေပြီဖြစ်သလို လက်မှုလုပ်ငန်း ပြန်လည်နာလန်ထူရန် မလွယ်ကူတော့တဲ့ ရိုးရာအမွေအနှစ်ပျောက်ကွယ်မယ့် အရေးကို စိုးရိမ်နေရပြီဖြစ်ပါတယ်။

 

Related posts

Leave a Comment

VOM News

FREE
VIEW