မတ် ၂၅ – ၂၀၂၅
GG (VOM)
အမျိုးသားရေးလှုပ်ရှားသူ ဦးမင်းဆွေ ခေါ် ငါးမင်းဆွေကို ဒီနေ့ မတ်လ ၂၅ ရက်နေ့မှာ အင်းစိန်ထောင်တွင်း တရားရုံးက ပုဒ်မ ၅၀၅ – က နဲ့ အလုပ်ကြမ်းနဲ့ထောင်ဒဏ် သုံးနှစ်ချမှတ်လိုက်တယ်လို့ ရှေ့နေဆီကသိရပါတယ်။
ငါးမင်းဆွေကို သူရဲ့ဖေ့ဘုတ်စ်စာမျက်နှာမှာ တင်တဲ့ စာသားတွေရုပ်သံဖိုင်တွေနဲ့ပတ်သက်ပြီး ဖမ်းဆီးခဲ့တာဖြစ်ကြောင်း ၊ ဖမ်းဆီးပြီးလေးလကျော် အကြာမှာ အမိန့်ချမှတ်လိုက်တာဖြစ်ပါတယ်။
“လိူင်မြို့နယ်တရားရုံး၊အင်းစိန်အကျဥ်းထောင်တရားခွင်က ဒီနေ့အမိန့်ချလိုက်တယ်။ ငါးမင်းဆွေအကောင့်မှာတင်ထားတဲ့စာတွေကို စခရင်ရှော့ရိုက်ပြီးလုပ်ထားတဲ့ စာ၂၀ ကိုအမှုတည်ဆောက်ပြီး တရားစွဲတာ။ ဒါတွေက အကောင့်တုကလုပ်တာပါ အကောင့်စစ်ကသူလုပ်တာမဟုတ်ဘူးလို့ ငြင်းဆိုတဲ့အကြောင်း အပိုင်ရဲစခန်းမှာပြောတယ်။တရားခံဦးမင်းဆွေဘက်က သူ့အကောင့်စစ်မဟုတ်ကြောင်း အီလက်ထရွန်နစ်ကိရိယာတွေထောင်ထဲကိုယူခွင့်မရှိတာကြောင့် ကျွန်တော်တို့ဘက်ကသက်သေပြဖို့အခက်အခဲရှိခဲ့တယ်။သက်သေပြဖို့အခွင့်အရေးတွေဆုံးရှုံးခဲ့ရတယ်။” ငါးမင်းဆွေရဲ့ရှေ့နေ ဦးသန်းဇော်အောင် ကပြောပါတယ်။
ငါးမင်းဆွေကို ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၉ ရက်နေ့မှာ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ဖက္ကလိပ်ရွာ၊ ဗိုလ်ချုပ်လမ်းက နေအိမ်မှာ ဖမ်းဆီးခဲ့တာဖြစ်ကြောင်း ၊ရန်ကုန်တိုင်း လှိုင်မြို့နယ်ရဲစခန်းမှူးက တရားလိုပြုလုပ်တိုင်တန်းကာ အမှုဖွင့်တရားစွဲဆိုခဲ့တာဖြစ်တယ်လို့သိရပါတယ်။
ငါးမင်းဆွေကိုတော့ ဖမ်းဆီးထိန်းသိမ်းပြီးကတည်းက အင်းစိန်ထောင်မှာ ချုပ်ထားတာဖြစ်တယ်လို့သိရပါတယ်။
Photo – ငါးမင်းဆွေလူမှုကွန်ရက်