တာချီလိတ်မှာ လူငယ်တွေ ဘိန်းစာရွက် သုံးစွဲမှု ပိုများလာနေပြီး ရောင်းချတဲ့ဆိုင်တွေလည်း တိုးပွားနေ

မတ် ၂၆၊ ၂၀၂၅
Shy V (VOM)
ထိုင်း – မြန်မာ နယ်စပ် တာချီလိတ် မြို့မှာ kratom ဆိုတဲ့ ဘိန်းစာရွက်ကို ကျောင်းသားလူငယ်တွေ သုံးစွဲမှုများလာလို့ မိဘတွေ စိုးရိမ် နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“လတ်တလော သားနဲ့သမီး ကျောင်းပို့တဲ့လမ်းမှာ Kratom (ဘိန်းစာ/ ကထော့)ရောင်းတဲ့ဆိုင်တွေ အရမ်းများလာတယ်။ သူတို့ အတန်းထဲက သူငယ်ချင်းတွေကလည်း တော်တော်များများ ပိတ်ရက်တွေ၊ အားလပ်ချိန်တွေမှာ ကထော့ဆိုင်မှာ သောက်စားနေကြတာ တွေ့လာရတယ်။ မိခင်တယောက်အနေနဲ့ စမ်းမသောက်ဖို့ မှာထားပေမယ့် စိုးရိမ်တယ်” လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။
တာချီလိတ်မှာ ဒီနှစ်အတွင်း ကထော့ သုံးတဲ့ ကလေးတွေ များလာပြီး အပျော်သဘောမျိုးအဖွဲ့လိုက် ဂိမ်းဆော့ရင်း ဆိုင်တွေမှာအော်ဟစ် သောက်စားနေကြတာလို့ ဆိုပါတယ်။
“ဆိုင်တွေက လုပ်ပြီးသား အချိုရေလို တဂျားကို ဘတ် ၁၂၀ ကနေ ၁၅၀ ထိ ရောင်းကြတယ်။ ရောင်းတဲ့ ပုံစံက တဆိုင်နဲ့တဆိုင် မတူတာ။ ကော်ဖီ အနွယ်ပုံစံ ဟုတ်တယ်။ ဘိန်းစာရွက် ခေါ်တာ။ ကထော့ လို့ပြောမှ သိတာ။ဘိန်းစာပင်ဆို လူသိပ်မသိဘူး။ တဆိုင်တဆိုင်မှာ လူငယ်တွေ ၃၀ ထက်မနည်းဘူး သောက်နေတာ။ စွဲတယ် အဲဒီဟာ။” လို့ ဒေသခံ အမျိုးသား တယောက်ကလည်း ပြောပါတယ်။
နှစ်ရက်လောက် သောက်ပြီး သုံးရက် မြှောက် လောက်ဆို ဘိန်းလိုပဲ မသောက်ရင် မနေနိုင်ဘူးလို့ သူက ပြောပါတယ်။
အရွက်ကို ပြုတ်ပြီး လိုင်ချီး၊ သခွားမွေး၊ စတော်ဘယ်ရီ၊ သရက် စတဲ့ အချိုရည်အနံ့ တမျိုးမျိုး အပြင် ချောင်းဆိုး ပျောက်ဆေး၊ အိပ်ဆေး လိုခပ်ပြင်းပြင်း ဆေးတွေနဲ့ ရောချပြီး ရောင်းတာဖြစ်လို့ သုံးစွဲသူတွေ စွဲလန်းကာ တဖြေးဖြေး များလာတယ်လို့ သူက ရှင်းပြပါတယ်။
ထိုင်းနိုင်ငံနဲ့ မလေးရှားနိုင်ငံ တွေမှာတော့ ရေလုပ်သားတွေ၊ အလုပ်ကြမ်းသမား တွေ အပင်ပန်းခံနိုင်ပြီး အချိန်ကြာကြာ အလုပ်လုပ်နိုင်ဖို့ သုံးစွဲကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီ ကထော့ ခေါ် ဘိန်းစာရွက် အလွန်အကျွံ သုံးရင် အသက်ရှူရခက်ခဲတာတွေ၊ လေဖြတ်တာတွေ၊ မသုံးရ မနေနိုင်အောင်စွဲလမ်းတာတွေ၊ နှလုံးခုန် အဆမတန် မြန်တာတွေ၊ အိပ်မပျော်တာတွေ၊ အသည်း အဆိပ်သင့်တာတွေ အပြင် အသက်သေဆုံးတဲ့ အထိ ဖြစ်နိုင်ကြောင်း ကျန်းမာရေး အသိပေးချက်တွေ အရသိရပါတယ်။
မြန်မာနိုင်ငံမှာတော့ ၂၀၀၅ ခုနှစ် ကတည်းကဒေသအခေါ် ကထော့ဆိုတဲ့ အဲဒီ kratom ခေါ် ဘိန်းစာပင် စိုက်ပျိုး ထုတ်လုပ်တာတွေ၊ အသုံးပြုတာတွေ တရား မဝင်ကြောင်း ထုတ်ပြန်ကြေညာထားတယ်လို့ သိရပါတယ်။
Photo Crd# ဒေသခံ

Related posts

Leave a Comment

VOM News

FREE
VIEW