မေ ၊၇ ၊၂၀၂၅
SP(VOM)
ပြီးခဲ့တဲ့ ဧပြီ ၂၇ ရက် နေ့ခင်းပိုင်းက မန္တလေးတိုင်း ၊ ချမ်းမြသာစည်မြို့နယ် ၊ အောင်ပင်လယ်ရပ် အမှတ် ၁၀၃နဲ့ ၁၀၄ ကြား ၅၅ လမ်းမှာရှိတဲ့ ရွှေဇာမဏီ ရွှေရတနာဆိုင်ကို ဓားပြတိုက်သွားတဲ့သူတွေကို မန္တလေးတိုင်း ရဲတပ်ဖွဲ့က ဖမ်းဆီးရမိတယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ် ။
” သုံးယောက်မိထားတယ် ၊ကျန်တဲ့သူတွေကို ဖမ်းဆီးရမိဖို့ ဆောင်ရွက်နေပါတယ် ‘ လို့မန္တလေးတိုင်း ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
ရွှေဇာမဏီ ရွှေဆိုင် ဓားပြတိုက်ခံရတာနဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့က ခြေရာခံ စုံစမ်းခဲ့ရာ ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာ ၊ တိုက်တန်း ၊အခန်း (၁) တိုက် (၃) မမ (၁၅) မှာနေထိုင်တဲ့ ကိုကိုလွင် အသက် ၅၆ နှစ်ဆိုသူကို ဖမ်းဆီးရမိတယ်လို့သိရပါတယ်။
အဲ့ဒီနောက် ကျောက်ဆည်မြို့နယ် မင်းစုကျေးရွာမှာနေထိုင်တဲ့ ညီညီလွင် (ခ) ညီညီ (၂၉) နှစ် ဆိုသူကို ထပ်မံ ဖမ်းဆီးရမိတာဖြစ်တာလို့ သိရပါတယ်။
ဒါ့အပြင် မန္တလေး ချမ်းမြသာစည်မြို့နယ် ၊ မြရည်နန္ဒာတိုက်တန်း ၊ အခန်း ၁ ၊ တိုက် ၃ ၊မမ (၁၅) နေထိုင်တဲ့ မမေမီမီကို (၃၁) နှစ် (ဓားပြတိုက်ရာပါ ပစ္စည်းတွေ သိမ်းဆည်းပေးတဲ့သူ ) ဆိုသူကို ထပ်မံဖမ်းဆီးရမိတယ်လို့ သိရပါတယ်။
” အခင်းဖြစ်စဥ်က ဓားပြတိုက်မှာ လူငါးယောက်ပါ၀င်တယ် ၊ကျန်ရှိနေတဲ့ သူတွေကို ဆက်လက်ဖမ်းဆီးနေတယ် ” လို့ ရဲနဲ့နီးစပ်သူ တယောက်က ပြောပါတယ်။
၂၀၂၁ နိုင်ငံရေးဖြစ်စဥ်ပြောင်းလဲမှူနောက်ပိုင်း မန္တလေးတိုင်းမှာ ရွှေဆိုင်ဓါးပြတိုက်မှုပေါင်း ၂၀ကျော်ဖြစ်တဲ့အနက် ဖမ်းမိတာရှိသလို မဖမ်းနိုင်သေးတာတွေလည်းရှိနေပါသေးတယ်။