ဇွန် ၄ – ၂၀၂၅
SS (VOM)
ရခိုင်ပြည်နယ်အတွင်းက မြို့နယ်တချို့မှာ မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့ ဒီရေ မြင့်တက်မှုကြောင့် ရေကြီး၊ ရေလျှံမှုတွေ ဖြစ်ပေါ်နေတယ်လို့ လူမှုကူညီရေး အသင်းတွေဆီက သိရပါတယ်။
အဆိုပါ ပြည်နယ်အတွင်းက ကျောက်တော်၊ မြောက်ဦး၊ တောင်ကုတ် မြို့နယ်တွေအပြင် သံတွဲ၊ မင်းပြား၊ ပေါက်တော၊ မြေပုံနဲ့ ပုဏ္ဏားကျွန်းမြို့နယ် အပါအဝင် တခြားသော မြို့နယ်တွေမှာ ကုလားတန်မြစ်ရေနဲ့ လေးမြို့မြစ်ရေ မြင့်တက်လာမှုကြောင့် ရေနစ်မြုပ်မှုတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ မေလ ၂၆ ရက်နေ့မှ စတင်ကာ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် တောင်ကျရေတွေနဲ့အတူ ဒီရေတွေ မြင့်တက်လာခြင်းဖြစ်ပြီး ဇွန် ၂ ရက်နေ့ကစလို့ ကျေးရွာ၊ ရပ်ကွက်တွေထဲ ရေတွေ ဝင်ရောက်လာတာ ဖြစ်တယ်လို့ သိရပါတယ်။
“အခု ရေကြီးနေတာတွေက ရွာတွေဘက်မှာ များတယ်။ သံတွဲ၊ တောင်ကုတ်၊ မောင်တောဘက်တွေမှာတော့ မြို့ပေါ်မှာတော့ ရေဝင်နေတာ ရှိပါတယ်။ ရပ်ကွက်တွေကိုတော့ ကျွန်တော်တို့လည်း အခုမှ ရေဘေးကယ်ဆယ်ရေး လုပ်နေတာဆိုတော့ အတိအကျ ပြောလို့မရသေးဘူး” လို့ လေးဝတီ မျိုးချစ်လူငယ် ပရဟိတအသင်း တာဝန်ခံ ကိုနိုင်နိုင်ဇော်က ပြောပါတယ်။
လက်ရှိမှာ ရေကြီးမှုကြောင့် တချို့သော မြို့နယ်အတွင်းက ကျေးလက်ဒေသတွေမှာ နေအိမ် နစ်မြုပ်၊ ပျက်စီးမှုတွေအပြင် သိုလှောင်ထားတဲ့ စပါးတွေနဲ့ မျိုးစေ့ ပျက်စီး ဆုံးရှုံးမှုတွေလည်း ရှိနေတယ်လို့ သူက ပြောပါတယ်။
“စပါးကျီတွေက ရေမြုပ်သွားတာဆိုတော့ အဲဒါတွေလည်း ပျက်စီးသွားတယ်။ ရေက မြင့်ရင် မြင့်သလို တချို့ ရွာတွေမှာ အိမ်တွေ နစ်မြုပ်သွားတာတွေ ရှိပါတယ်။ ရေပြန်ကျသွားရင်တော့ အခြေအနေ ဘယ်လိုရှိမလဲ စောင့်ကြည့်ရမှာပေါ့။ အခုကတော့ ရေဘေးသင့်နေတဲ့ လူတွေကို ရွှေ့ပြောင်းပေးနေတာ ရှိတယ်။ တချို့ မြို့နယ်တွေမှာက ဒီရေက တက်လာနေတုန်း ဆိုတော့ ရွှေ့ပြောင်းတာတွေ လုပ်နေရတုန်းပဲ။ တချို့နေရာတွေကတော့ လက်ရှိမှာ ရေနည်းနည်းလေး ပြန်ကျသွားတာရှိတယ်” လို့ သူက ပြောပါတယ်။
လက်ရှိမှာ ရေဘေးသင့် ပြည်သူတွေကို ရေလွတ်ရာ နေရာတွေကို ရွှေ့ပြောင်းထားပြီး အဲဒီ နေရာအတိအကျကိုတော့ လတ်တလော ဒေသတွင်း ပဋိပက္ခ အခြေအနေတွေကြောင့် ဖုံးကွယ်ထားဦးမယ်လို့ သူက ပြောပါတယ်။
ရေဘေးသင့် ပြည်သူတွေအတွက် လတ်တလော လိုအပ်မှုကတော့ စားနပ်ရိက္ခာ ဖြစ်ပြီး ရေရှည်အတွက် ဆိုရင်တော့ လယ်ယာ စိုက်ပျိုးနိုင်ဖို့အတွက် မျိုးစေ့တွေ လိုအပ်နေတယ်လို့ သူက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ကလည်း ရခိုင်မှာ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ကျောက်တော်၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ မင်းပြား စတဲ့ မြို့နယ်တချို့မှာ ရေကြီး၊ ရေလျှံမှုဖြစ်ပွားပြီး ထောင်နဲ့ချီတဲ့ မိုးစပါး စိုက်ခင်းဧကတွေ ပျက်စီး ဆုံးခဲ့ရတယ်လို့ သိရပါတယ်။
မိုးလေသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနရဲ့ မနေ့ ဇွန် ၃ ရက်၊ ည ၇ နာရီအချိန် ထုတ်ပြန်ချက်အရ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတို့မှာ မုတ်သုံလေ အားကောင်းနေပြီး ကျန်ဘင်္ဂလားပင်လယ်အော်မှာ မုတ်သုံလေ အားအသင့်အတင့်မှ အားကောင်းနေတယ်လို့ သိရပါတယ်။
ဒါကြောင့် ဒီကနေ့ ဇွန် ၄ ရက်၊ မွန်းတည့်ချိန်အထိ မန္တလေးတိုင်း၊ မကွေးတိုင်းနဲ့ ကယားပြည်နယ်တို့မှာ နေရာစိပ်စိပ်၊ ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ်တို့မှာ နေရာအနှံ့ အပြား မိုးထစ်ချုန်းရွာပြီး ရန်ကုန် တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မီာ နေရာကွက်ပြီး မိုးကြီးနိုင်ကာ ရွာရန်ရာနှုန်းပြည့် ဖြစ်တယ်လို့ သိရပါတယ်။
ဒါအပြင် ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း (အထက်ပိုင်း)၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ ရှမ်းပြည်နယ် (မြောက်ပိုင်း၊ အရှေ့ပိုင်း) တို့မှာ မိုးတိမ်တောင်တွေ ဖြစ်ထွန်းလျက် ရှိတယ်လို့ သိရပါတယ်။
အဆိုပါ မိုးတိမ်တောင်တွေ ရွေ့လျားရာ နေရာတလျှောက်မှာ မိုးရွာသွန်းခြင်းနဲ့အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနဲ့ မိုးသီးကြွေခြင်း စတဲ့ မိုးလေဝသဖြစ်စဉ်တွေလည်း ဖြစ်ပေါ် နိုင်တဲ့အတွက် ကြိုတင်သတိပြုဖို့ လိုအပ်တယ်လို့ သိရပါတယ်။
ဒါအပြင် မြန်မာ့ကမ်းရိုးတန်း တလျှောက်နဲ့ ကမ်းလွန် ပင်လယ်ပြင်တို့မှာလည်း တခါတရံ မိုးသက်လေပြင်းတွေ ကျရောက်ပြီး လှိုင်းကြီးနိုင်တယ်လို့ သိရပါတယ်။
မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေဟာ တနာရီကို မိုင် ၃၀ မှ ၃၅ မိုင်အထိ တိုက်ခတ်နိုင်ပြီး မြန်မာ့ကမ်းရိုးတန်း တလျှောက်နဲ့ ကမ်းလွန် ပင်လယ်ပြင်တို့မှာ လှိုင်းအမြင့် ၉ ပေမှ ၁၁ ပေခန့်အထိ ရှိနိုင်တယ်လို့ သိရပါတယ်။
နောက်နှစ်ရက်အတွက် ခန့်မှန်းချက်အနေနဲ့ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတို့မှာ မုတ်သုံလေ ဆက်လက် အားကောင်းနေဦးမှာ ဖြစ်တယ်လို့ မိုး/ဇလ ထုတ်ပြန်ထားပါတယ်။
Photo – APM
