ဇွန် ၅၊ ၂၀၂၅
Shy V (VOM)
MNDAA ထိန်းချုပ်နယ်မြေက ဒေသခံ အိမ်ထောင်စုနဲ့ ဒေသခံ ကတ်ပြားရှိသူတွေ ကို တရုတ် နယ်စပ်ဖြတ်ကျော်ခွင့် စာအုပ် ပြုလုပ်ပေးနေပြီ ဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“နယ်စပ်ဖြတ်ကျော်ခွင့် စာအုပ် လုပ်ပေးတာ ဟုတ်ပါတယ်။ MNDAA ထိန်းချုပ်နယ်မြေက ဒေသခံတွေ အကုန်လုံး လုပ်လို့ရပါတယ်။ MNDAA ဘက်က ထုတ်ပေးတဲ့ အိမ်ထောင်စု စာအုပ်နဲ့ မှတ်ပုံတင် ရှိထားသူတွေ အကုန် လုပ်လို့ ရပါတယ်” လို့ ဒေသခံ တယောက်က ပြောပါတယ်။
ရှမ်းပြည်နယ် အထူးဒေသ ၁ အိမ်ထောင်စုကတော့ ကျေးရွာအလိုက်ပြုလုပ်ပေးတာ ဖြစ်ပြီး ဒေသခံတွေအနေနဲ့ ဒေသခံ ကတ်ပြားဖြစ်တဲ့ အထူးဒေသ ၁ မှတ်ပုံတင် လျှောက်ယူမယ်ဆိုရင် တရုတ်ငွေယွမ် ၇၀ ကျသင့်ပြီး ၂ ရက် စောင့်ရတယ်လို့ ဆိုပါတယ်။
“နယ်စပ် ဖြတ်ကျော်ခွင့် စာအုပ်က ပိုက်ဆံ ပေးစရာ မလိုဘူး။ အခမဲ့ လုပ်ပေးတာပါ။ MNDAA ဘက်က လုပ်ပေးတာ မဟုတ်ပါဘူး။ ရှမ်းပြည်နယ် အထူးဒေသ ၁ က အိမ်ထောင်စုနဲ့ မှတ်ပုံတင်ရှိရင် တရုတ်ဘက်ခြမ်း သွားလုပ်ရတာပါ။ တရုတ်ဘက်က လုပ်ပေးတာ” လို့ နောက်ထပ် ဒေသခံ တယောက်ကလည်း ပြောပါတယ်။
အဲဒီ နယ်စပ်ဖြတ်ကျော်ခွင့်စာအုပ်နဲ့ တရုတ်နိုင်ငံ မံသီ အထိ သွားလာခွင့်ရှိတယ်လို့ သူက ပြောပါတယ်။
MNDAA ထိန်းချုပ်ထားတဲ့ နယ်မြေ အတော်များများမှာ ကျေးရွာတွေအထိ ရှမ်းပြည်နယ် အထူးဒေသ ၁ ရဲ့ အိမ်ထောင်စုစာရင်း စာအုပ်တွေ ရရှိနေပြီလို့ ဒေသခံတွေက ပြောပါတယ်။
ရှမ်းပြည်နယ် အထူးဒေသ ၁ ဒေသခံ မဟုတ်တဲ့ သူတွေ အနေနဲ့ ဒေသခံ လျှောက်ယူမယ်ဆိုရင် MNDAA တပ်ဖွဲ့နဲ့ သူ့ရဲ့ ဌာနဆိုင်ရာတွေမှာ နှစ်ချီ တာဝန်ထမ်းဆောင် နေသူတွေ၊ အဲဒီ ဒေသရဲ့ ဘဏ်မှာ ယွမ် ၅ သိန်းထက်မနည်း ၅ နှစ် အခမဲ့ အပ်နှံထားသူ၊ ယွမ် ၅ သိန်း နဲ့ အောက်မနည်းတဲ့ ပိုင်ဆိုင်မှု၊ ဒေသအကျိုးအတွက် ရင်းနှီးမြှုပ်နှံမှု ရှိတဲ့သူတွေ ဒေသခံ အဖြစ်လျှောက်ယူလို့ ရကြောင်းလည်း ဒေသခံတွေဆီက သိရပါတယ်။
Photo Crd# ဒေသခံ