ဆူးငှက်
ကျွန်တော်က ၁၉၉၄ခုနှစ်၊ မေလ၁၃ရက်နေ့က မြို့မအသင်းတိုက်တွင် ကျင်းပသည့် မြို့မငြိမ်းသီချင်းများ မူမှန်ဖြစ်ရေး အစည်းအဝေးတွင် မြို့မအဆိုတော်တွေ ကိုယ်နှိုက်က သီချင်းစာသားတွေ တလွဲဆိုနေတာ ပြောတော့ သည်အကြောင်းကို ပြောလိုက်သည်။ ထိုစဉ်ကာလ ကထိန်ပွဲများကျင်းပသည့် ဈေးချို အေရုံ နေ့ပွဲတွင် မြို့မအဆိုတော် တဦးက လူမိုက်နှင့်ငွေ သီချင်းကို သီဆိုသည်။ ထိုသီချင်းတွင် နောက်ဆုံးအပိုဒ်၌ “ မဆင်ခြင်သူတွေ ဖြုန်းကြတော့ငွေ၊ မဆင်ခြင်သူကို မုန်းလှတဲ့ငွေ၊ အသင်ကိုရွှေလူ ကျုပ်မှ မချစ်ဘဲ၊ ခွဲမှ ဖြစ်မယ်မောင်ရေ၊ ကျုပ်စရိုက် လူမိုက်ထံမှာမနေ” ဟူ၍ ပါရှိရာ သီဆိုသူ အမျိုးသားအဆိုတော်က ““မဆင်ခြင်သူတွေ ဖြုန်းကြတဲ့ငွေ၊ မဆင်ခြင်သူတွေ သုံးကြတဲ့ငွေ၊ အသင်ကိုရွှေငွေ ကျုပ်မှ မချစ်ဘဲ၊ ခွဲမှ ဖြစ်မယ်မောင်ရေ၊ ကျုပ်စရိုက် လူမိုက်ထံမှာမနေ” ဟု (မဆင်ခြင်သူကို မုန်းလှတဲ့ငွေ) အစား (မဆင်ခြင်သူတွေ သုံးကြတဲ့ငွေ) ဟု သီဆိုခဲ့သလို (အသင်ကိုရွှေလူ) အစား (အသင်ကိုရွှေငွေ) ဟ ုတလွဲသီဆိုခဲ့သည်။ သီဆိုရုံမက အသင်ကိုရွှေငွေ ကျုပ်မှ မချစ်ဘဲ ခွဲမှ ဖြစ်မယ်မောင်ရေ ကျုပ်စရိုက် လူမိုက်ထံမှာမနေ ဟု ဆိုကာ တိုက်ပုံအင်္ကျီအိတ်ထဲ ထည့်လာသည့် ဂျပန်ငွေစက္ကူများကို ပရိသတ်ထဲ ကြဲချပြီး ပါဖောင့်မင့် လုပ်သွားသေးသည်။ လွဲပြီလေ။
တကယ်တော့ ထိုသီချင်းက ဒုတိယကမ္ဘာစစ်ကြီးကြောင့် အိုးအိမ်အဆောက်အအုံများ ပြာကျရုံမက ပညာရေးတွေ ဆုတ်ယုတ်ပျက်စီးရာ လူငယ်လေးများ၏ စာရိတ္တများလည်း ဆုတ်ယုတ်ခဲ့ရသည်။ အင်္ဂလိပ် အမေရိကန် ဂျပန်စသော နိုင်ငံခြားသား စစ်သားများနှင့်အတူ ပါလာသည့် အသောက်အစား၊ အပျော်အပါး၊ လောင်းကစားမှုများက စိတ်ဓာတ်နုပျိုစ အရာရာ စူးစမ်းစွန့်စားလိုစိတ် ပွင့်ဖူးစ မြန်မာလူငယ်များအား လမ်းမှားရောက်အောင် ဆွဲဆောင် ခဲ့ကြသည်။ မန္တလေး မြို့လယ်ကောင် ရုံတော်ကြီး၊ ကျောက်သွေးတန်းနှင့် တရုတ်တန်းရပ်ကွက်များတွင် ရုတ်ခြည်း ပေါ်ပေါက်လာသော အောက်လင်းဓာတ်မီး ထိန်ထိန်ညီးနှင့် ဟိုတယ်စားပွဲရုံကြီးများဆီ လူတရုန်းရုန်း စည်ကားနေခြင်းက သက်သေဖြစ်ပါ၏။ အများစုမှာ လူငယ်များချည်း ဖြစ်နေသည်။ ရသမျှ ငွေကြေးအားနေ့ဖို့ ညစာပင် မထားဘဲ နောင်ခါလာ နောင်ခါစျေး သဘောထားကာ ပျော်ပျော်ကြီး သုံးစွဲ ဖြုန်းတီးပစ်နေကြသည်။
ထို့ကြောင့် ဆရာမြို့မငြိမ်းက “လူမိုက်နှင့်ငွေ” ဟူသော သီချင်းတစ်ပုဒ် ရေးစပ်၍ သတိပေးခဲ့ဖူးသည်။ ထိုသီချင်း၏ ခြေဆင်းကို ဆရာမြို့မငြိမ်းက“ချစ်တဲ့သူငယ်လေ” အစချီ အိုင်ချင်းပုံစံ ရေးစပ်ခဲ့ခြင်းက ထူးခြား ဆန်းသစ်မှု တစ်ခုပင် ဖြစ်သည်။ ရှင်ငြိမ်းမယ်၏ အိုင်ချင်းများမှာက “ချစ်တဲ့သူငယ်လေ … သူငယ်ချင်းကောင်း ယောင်းမတို့လေ ..” ဟု စတင်ခဲ့ပုံကို ဆရာကသူ၏ ဟာသဉာဏ်ဖြင့် “ချစ်တဲ့သူငယ်လေ .. သူငယ်ချင်းဆိုး … ကြမ်းပိုး ထိုးဖက်တို့လေ. ..” ခပ်သွက်သွက်လေး စဖွင့်ခဲ့သည်။
ဆရာမြို့မငြိမ်း၏ သီချင်းတွင် ခေါင်းစဉ်ကပင် “လူမိုက်နှင့်ငွေ” ဟုဆိုသောကြောင့် မြန်မာတွေ နားထဲစွဲနေသည့် ဆိုရိုးစကား “လူမိုက်နှင့်ငွေ အတူမနေ” ဟူသည်ကို ချက်ချင်း အတွေးရောက်သွားစေသည်။ ထိုရည်ရွယ်ချက်ကို သြ၀ါဒ ပေး၊ ပညာပေးသည့်ပုံစံ အပေါ်စီးမှ မရေးဘဲ လက်ရှိမြင်တွေ့ နေကြရသည့် သုံးဖြုန်း သောက်စား လောင်းကစား နေကြမှုတွင် ကိုယ်တိုင်ပါ၀င် စီးမျောလိုက်ပြီးမှ “ဒီလိုသာ သုံးဖြုန်းနေမယ် ဆိုရင်၊ ငွေဆိုတာ လူမိုက်တွေ ထံမှာ နေရိုးထုံးစံမရှိ”ကြောင်း၊ သက်မဲ့ “ငွေ” ကိုယ်နှိုက်ကပင် သက်ရှိ၊ အသိဉာဏ်ရှိ “လူ”ကို လက်ညှိုး ငေါက်ငေါက်ထိုး အပြစ်တင်ကာ ခွဲခွာသွားခဲ့လေဟန် ရေးစပ်ခဲ့၏။ ဆရာ့သီချင်းစာသားထဲမှ …
“မဆင်ခြင်သူ(တွေ)… ဖြုန်းကြ(တော့) ငွေ၊ မဆင်ခြင်သူ(ကို) …မုန်းလှ(တဲ့) ငွေ”
ဟူသော အပိုဒ်မှ ဝိဘတ်သုံးစွဲပုံများကို သတိမူသင့်လှပေသည်။
ထိုသီချင်းကို အခုလိုပြန်ဆိုကြတော့ မြို့မပင်တိုင် နံမည်ကျော်အဆိုတော်ကပင် ထိုစာသားများကို ခပ်လွယ်လွယ် ခပ်ပေါ့ပေါ့နှင့် “မဆင်ခြင်သူတွေ ဖြုန်းကြတဲ့ငွေ၊ မဆင်ခြင်သူတွေ သုံးကြတဲ့ငွေ” ဟုပဲ သီဆိုနေကြသည်။ ထိုထက်ဆိုးသည်မှာဆရာကသက်မဲ့ “ငွေ”ကပင် သက်ရှိ“လူ”ကိုပညာပေးလိုက်ပုံက … ““အသင်ကိုရွှေလူ … ကျုပ်မှမချစ်ဘဲ …၊ ခွဲမှဖြစ်မယ်မောင်ရေ … ကျုပ်စရိုက်၊ လူမိုက်ထံမှာမနေ …” ဟူလို။
ထိုစာသားကို ဂရုမမူကြဘဲ “အသင်ကိုရွှေငွေ ကျုပ်မှမချစ်ဘဲ…” ဟု သီဆို အသံသွင်းခဲ့ဖူးသလို၊ မြို့မ ပင်တိုင် အဆိုတော်ကလည်း ပရိသတ်အကြိုက် ပါဖောင့်မင့်နှင့် သီဆိုခြင်းကလည်း “အမှား” ဆိုတာ သိထားကြဖို့ လိုပါသည်။
ဆူးငှက်