မော်စကို၊ ဇွန်-၃၀-၂၀၂၅
ရတီ (VOM)
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ဂျူလီဘစ်ရှော့ဟာ လုပ်ငန်းတာဝန်ရဲ့ တစိတ်တပိုင်းအဖြစ် မြန်မာ့အရေးနဲ့ပတ်သက်ပြီး မော်စကိုမှာ ရုရှားအရာရှိတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
မြန်မာနိုင်ငံအပေါ် ဩဇာလွှမ်းမိုးမှုရှိတယ်လို့ ယူဆထားတဲ့ ရုရှားနိုင်ငံကို သွားရောက်ခဲ့တဲ့ ရှားရှားပါးပါး ခရီးစဉ်အတွင်း ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆာဂေးဗာရှီနီနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ သူမဟာ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူတွေနဲ့ ရိုက်ကူးထားတဲ့ ဓါတ်ပုံတွေကို သူမရဲ့ အင်စတာဂရမ်မှာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်းက တင်ခဲ့ပါတယ်။
ဒါဟာ ယူကရိန်းကို ကျူးကျော်တိုက်ခိုက်မှုကြောင့် ရုရှားကို အရေးယူပိတ်ဆို့မှုတွေနဲ့အတူ အထီးကျန်စေရေး ဥရောပနဲ့ အနောက်နိုင်ငံတွေရဲ့ ကြိုးပမ်းမှုတွေကြားမှာ ကုလသမဂ္ဂ ထိပ်တန်းသံတမန်တယောက်ရဲ့ ရှားရှားပါးပါး ခရီးစဉ်တခုလည်း ဖြစ်ပါတယ်။
မြန်မာအာဏာပိုင်တွေကို ရုရှားက ပံ့ပိုးကူညီနေမှု ၊ လက်နက်ထောက်ပံ့မှု၊ ကုလသမဂ္ဂ ဆုံးဖြတ်ချက်တွေကို ရုရှားက ဗီတိုအာဏာသုံး ပယ်ချနေမှုနဲ့ မြန်မာနဲ့ စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုတွေ မြှင့်တင်နေတာနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။
ဒါအပြင် မြန်မာနိုင်ငံမှာ အရပ်သားသေဆုံးမှု၊ အိုးမဲ့အိမ်မဲ့ဖြစ်မှု ၊ ရိုဟင်ဂျာလို လူနည်းစုတွေအပေါ် တိုက်ခိုက်မှုတွေ အပါအဝင် ၂၀၂၁ ခုနှစ် နိုင်ငံရေးအပြောင်းအခဲဖြစ်ပြီးနောက် မြန်မာနိုင်ငံမှာ ဆိုးရွားလာတဲ့ လူသားချင်းစာနာမှု အခြေအနေတွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။
အဲဒီနိုင်ငံရေး အကျပ်အတည်းနောက်ပိုင်း မြန်မာနိုင်ငံမှာ အရပ်သားသေဆုံးမှု ၁၄၀၀၀ အပါအဝင် သေဆုံးမှုစုစုပေါင်း ရှစ်သောင်းကျော်၊ အိုးမဲ့အိမ်မဲ့ဖြစ်ပြီး နေရပ်စွန့်ခွာထွက်ပြေးသူ ၃ ဒဿမ ၅ သန်းကျော်နဲ့ အိမ်ခြေ တသိန်းကျော် မီးလောင်ပျက်စီးခဲ့တယ်လို့ ယခုလအတွင်း ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံမှာတော့ ရွေးကောက်ပွဲကို ယခုနှစ်ကုန် သို့မဟုတ် လာမယ့်နှစ်ဆန်းပိုင်းမှာ ပြုလုပ်မယ်လို့ အာဏာပိုင်တွေက ထုတ်ဖော်ပြောကြားထားပါတယ်။
Ref: The Sydney Morning Herald
Photo: Instagram