ဖားကန့်မှာ အသားငါးတပိဿာ တသိန်းကျော်ထိရှိပြီး ကုန်စျေးနူန်းအဆမတန်မြင့်တက်

ဇူလိုင် ၂၂ ၊ ၂၀၂၅
GG (VOM)
ကချင်ပြည်နယ် ၊ဖားကန့်ဒေသမှာ ဆန်နဲ့ အသားငါးအပါအဝင် အခြေခံစားသောက်ကုန် စျေးနူန်းတွေအဆမတန်မြင့်တက်နေတဲ့အပြင် ပစ္စည်းပြတ် လပ်မှုတွေ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
လက်ရှိ ဖားကန့်ဒေသမှာ ဆန်ကြမ်း တအိတ်ကို ၁၇၀၀၀၀ ကျပ်မှ ၂၅၀၀၀၀ ဝန်းကျင်၊ ကြက်သား တပိဿာကို ၁၂၀၀၀၀ ကျပ်၊ ငါး တပိဿာကို ၈၀၀၀၀ ကျပ်ဝန်းကျင် ၊ ဝက်သားတပိဿာကို တသိန်းကျပ်ဝန်းကျင်၊ အမဲသားတပိသာကို ၇၀၀၀၀ ကျပ်ဝန်းကျင် ၊ ကြက်ဥတလုံး ၁၅၀၀ ၊ ကွမ်းရွက်တပိဿာ ၁၂၀၀၀၀ ဝန်းကျင်၊ ခရမ်းချဥ်သီးတစ်ပိဿာကို ၃၀၀၀၀ ကျပ်၊ ငရုတ်သီတဘူးကို ၃၀၀၀ ၊ မှိုတစီးကို ၄၀၀၀ ကျပ် အထိအဆမတန်မြင့်တက်လာနေတာဖြစ်တယ်လို့သိရပါတယ်။
ကုန်စျေးနူန်းတွေအဆမတန်မြင့်တက်လာနေတဲ့အပြင် ကွမ်းရွက် ၊ ကြက်သား ၊ ငါး ၊ ပန်း နဲ့ စတဲ့ စားသောက်ကုန်စည်တွေ ပြတ်လပ်တဲ့အထိဖြစ်နေပြီး ဝယ်ယူရခက်နေတာဖြစ်တယ်လို့သိရပါတယ်။
“ကုန်စျေးနူန်းကအဆမတန်ကိုတက်နေတာ။ကော်ဖီတထုတ်၁၀၀၀ ရှိတယ်။ပြီးရင်ဆန်ကအသစ်က ၁၇၀၀၀၀ ကျော်၊ အဟောင်းက ၂၅၀၀၀၀ ရှိတယ်။
လမ်းကြောင်းပိတ်လို့ပါ။ ကုန်စျေးနူန်းက ကြက်သားနဲ့ငါးကပြတ်လုနီးပါးဖြစ်သွားပြီ။ဒီဘက်ကထွက်တဲ့ ချောင်းငါးဘာညာပဲရှိမယ်။ဟင်းသီးဟင်းရွက်အစ ဘုရားပန်းအဆုံးအဆမတန်စျေးနူန်းမြင့်လာတာပါ။
ကွမ်းရွက်ဆိုလည်း ဝယ်မရဘူး။ကွမ်းဆိုင်တချို့ပိတ်ထားပြီ။ကွမ်းတယာကို ၁၀၀၀ ပေးရတာတောင်လိုချင်သလိုမရဘူး။တော်တော်ကိုတက်တာပါ အောက်ခြေလူတန်းစားဆိုတော်တော်ကိုဒုက္ခရောက်တဲ့အခြေအနေကိုရောက်သွားပြီ။” လို့ ဖားကန့်ဒေသခံကပြောပါတယ်။
စားသောက်ကုန်စျေးနူန်းတွေအဆမတန်မြင့်တက်ခြင်းကြောင့် ဖားကန့် ၊ လုံးခင်း ၊ ဆိုင်းတောင်း ကဒေသခံတွေအပြင် အဆိုပါမှော်ဒေသကိုမှီခိုပြီး ဝယ်ယူစားသောက်နေတဲ့ ဒေသခံတွေလည်း အားလုံးဒုက္ခရောက်နေကြရတာဖြစ်တယ်လို့သိရပါတယ်။
ခုလို ကုန်စျေးနူန်းတွေအဆမတန်မြင့်တက်လာတာဟာ ဖားကန့်ကို ဝင်ရောက်နိုင်တဲ့ မိုးကောင်း – ကားမိုင်း – ဖားကန့် လမ်းနဲ့ အင်းတော် – ဝှေခါ
လမ်းပိုင်းနှစ်ခုကိုပြီး ပိတ်ထားတာကြောင့်ဖြစ်တယ်လို့သိရပါတယ်။
” ဖားကန့်ဝင်တဲ့လမ်းနှစ်လမ်းရှိတယ်။ကားမိုင်း လမ်းနဲ့ အင်းတော်ဝှေခါလမ်းရှိတယ်။အဲလမ်းတွေပိတ်ထားတာ။မှော်ဒေသကလူတွေက ဖားကန့် ၊ လုံးခင်း၊ဆိုင်းတောင်ကိုမှီပြီးစျေးဝယ်ကြရတော့ လမ်းတွေပိတ်တော့ အဆမတန့်မြင့်ပြီး အကုန်ပစ္စည်းပြတ်တာပေါ့။ကားမိုင်းလမ်းက အရင်ရက်ကပြန်ဖွင့်ပြီပြောပေမယ့်ခုထိအသွားအလာမရှိဘူး။အာမခံမှုမရှိတော့ မသွားကြဘူး။ဝှေခါဘက်မှာဆိုလည်း ကားတွေပိတ်မိနေတယ်။” လို့ ဖားကန့်ဒေသခံကပြောပါတယ်။

ဖားကန့်မှာဖြစ်ပွားနေတဲ့ KIA နဲ့ နစကတပ်ဖွဲ့တွေအကြား တိုက်ပွဲကြောင့် ဖားကန့်ကို ကုန်စည်စီးဆင်းမှုဖြတ်တောက်ထားတဲ့အခြေအနေမျိုးဖြစ်ပြီး တိုက်ပွဲကတော့ လက်ရှိအထိလည်း ဖြစ်ပွားနေဆဲဖြစ်ကာ လက်နက်ကြီး လက်နက်ငယ်ပစ်ခတ်မှုအပြင် လေကြောင်းတိုက်ခိုက်မှုတွေလည်းရှိလာနေတယ်လို့သိရပါတယ်။

ဓာတ်ပုံ – U Zaw Moe

Related posts

Leave a Comment

VOM News

FREE
VIEW