ကိုလံဘို၊ ဩဂုတ်-၂၂-၂၀၂၅
မျိုးဆက် (VOM)
သီရိလင်္ကာသမ္မတဟောင်း ရာနေးလ်ဝီကရီမီဆင်းကို အစိုးရငွေတွေ အလွဲသုံးစားလုပ်တယ် စွပ်စွဲပြီးနောက် အာဏာပိုင်တွေက ဒီကနေ့မှာ ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။
သူနိုင်ငံအကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်နေချိန် ၂၀၂၃ ခုနှစ် စက်တင်ဘာလက လန်ဒန်ကိုသွားရောက်မှာ သူ့ဇနီးအတွက် ဗြိတိသျှတက္ကသိုလ်တခုက ကျင်းပတဲ့ အခမ်းအနား တက်ရောက်ခဲ့မှုနဲ့ ပတ်သက်ပြီး စစ်ဆေးမေးမြန်းပြီးနောက် ဝီကရီမီဆင်းကို ဖမ်းဆီးထိန်းသိမ်းခဲ့တာပါ။
ဝီကရီမီဆင်းကို ကိုလံဘိုမြို့ရှိ တရားရုံးသို့ လွှဲပြောင်းပေးအပ်မှာဖြစ်ပြီး နိုင်ငံ အရင်းအမြစ်တွေကို ကိုယ်ပိုင်အကျိုးအတွက် အသုံးပြုမှုအတွက် စွဲချက်တင်သွားမယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
ဝီကရီမီဆင်း ဟာ ၂၀၂၃ ခုနှစ်က ဂျီ-၇ ထိပ်သီးအစည်းအဝေးတက်ရောက်ဖို့ ကျူးဘားက အပြန် လန်ဒန်မြို့တွင် ခေတ္တရပ်နားခဲ့ပြီး သူနဲ့အတူ သူရဲ့ဇနီး မိုင်သရီ တို့ဟာ Wolverhampton တက္ကသိုလ်က ကျင်းပတဲ့ အခမ်းအနားကို တက်ရောက်ခဲ့ပါတယ်။
ဝီကရီမီဆင်း က သူ့ဇနီးရဲ့ ခရီးစရိတ်ကို သူမကိုယ်တိုင်ကျခံပြီး နိုင်ငံတော်ငွေကို အသုံးမပြုခဲ့လို့ ဆိုပေမယ့်လည်း မှုခင်းစုံစမ်းရေးဌာနကတော့ ဝီကရီမီဆင်း ရဲ့ ကိုယ်ပိုင်ခရီးစဉ်အတွက် အစိုးရငွေကို အသုံးပြုခဲ့ပြီး သူရဲ့ ပုဂ္ဂလိက လုံခြုံရေးတွေ စရိတ်ကိုလည်း အစိုးရက ကျခံခဲ့တယ်လို့ စွပ်စွဲထားပါတယ်။
ဝီကရီမီဆင်းဟာ ၂၀၂၂ ခုနှစ် ဇူလိုင်လမှာ သမ္မတ ဂိုတာဘာယာ ရာဂျာပက်ဆာနုတ်ထွက်ပြီးနောက် သူ့ရဲ့ လက်ကျန်သမ္မတသက်တမ်းအတွက် သီရိလင်္ကာသမ္မတဖြစ်လာခဲ့ပါတယ်။ ရာဂျာပက်စာ ကတော့ အလွဲသုံးစားမှု၊ အုပ်ချုပ်ရေးကဏ္ဍ အလွဲတွေကြောင့် လူထုဆန္ဒပြပွဲတွေ လပေါင်းများစွာ ဖြစ်ပွားပြီးနောက်ပိုင်းနုတ်ထွက်ခဲ့တာပါ။
လက်ရှိမှာ ဖမ်းဆီးခံထားရတဲ့ သမ္မတဟောင်း ဝီကရီမီဆင်းဟာ ၂၀၂၂ ခုနှစ်က သီရိလင်္ကာရဲ့ အဆိုးရွားဆုံးစီးပွားရေးအကျပ်အတည်းကို တည်ငြိမ်အောင် လုပ်ဆောင်ခဲ့သူအဖြစ် အသိအမှတ်ပြုခံထားရပေမယ့် ပြီးခဲ့တဲ့ စက်တင်ဘာလ ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့ပါတယ်။
Ref:CNA
Photo:AP
