ကံမ၊ အင်းမနဲ့ ပြည်မြို့မှာ မိုးကြီးပြီး လေပြင်းတိုက်ခတ်မှုကြောင့် ရေကြီးမှုနဲ့ တောင် ပြိုကျမှုတွေဖြစ်

စက်တင်ဘာ ၁ – ၂၀၂၅
SN (VOM)
မကွေးတိုင်း၊ ကံမမြို့နဲ့ ပဲခူးတိုင်း ပြည်မြို့နဲ့ အင်းမမြို့မှာ မနေ့ ဩဂုတ် ၃၁ ရက်၊ ညနေပိုင်းမှ စတင်ကာ မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်း တိုက်ခတ်မှုကြောင့် ရေကြီးမှု၊ တောင်ကမ်းပါးယံ ပြိုကျမှုအပြင် သစ်ပင်တွေနဲ့ ဓာတ်တိုင် လဲကျမှုတွေလည်း ဖြစ်ပေါ်ခဲ့တယ်လို့ လူမှုကူညီရေး အသင်းတွေဆီက သိရပါတယ်။
ပြည်မြို့မှာ မနေ့ ညနေ ၄ နာရီဝန်းကျင်ကစပြီး မိုးကြီး၊ လေပြင်းတိုက်မှုကြောင့် အဆိုပါမြို့အဝင် PT Power ဆီဆိုင်အနီး လမ်းတလျှောက် ရေလွှမ်းမိုးမှု ဖြစ်ပေါ်ခဲ့ပြီး ကားနဲ့ ဆိုင်ကယ်တွေ ဖြတ်သန်းမရအောင်အထိ ဖြစ်ခဲ့တယ်လို့ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (ပြည်) မှ တာဝန်ရှိသူတယောက်က ပြောပါတယ်။
ဒါအပြင် ပြည်မြို့၊ နန္ဒဝန်ရပ်ကွက်ရှိ ကုလားကန်ဘက်၊ ကောလိပ်ကျောင်း အနောက်ဘက်အခြမ်းနဲ့ စက်မှုကွက်သစ်ဘက်ကအထွက် နေရာတွေ၊ ကိုးသောင်းရပ်ကွက်ဘက်အခြမ်း အစရှိတဲ့ နေရာတွေမှာလည်း ရေဝင်ရောက်မှုတွေ ဖြစ်ပေါ်နေတယ်လို့ သူက ပြောပါတယ်။
“မနေ့က ညနေလောက်ကနေစပြီး တညလုံးမိုးရွာတယ်။ အဲဒါကြောင့် အနိမ့်ပိုင်းနေရာတွေ ရေဝင်တာပေါ့။ PT Power ဆီဆိုင်နားကလည်း အနိမ့်ပိုင်းနေရာဆိုတော့ အဲဒီတောက်လျှောက်က ရေလျှံတယ်။ အဲဒီက စီးတဲ့ရေက အောက်ချိုင့်လိုဖြစ်နေတဲ့ ကုလားကန်ဘက်ကို စီးဝင်တာ။ ဒီနေ့ မနက်ပိုင်းလည်းကျရော ခါတိုင်းသွားနေကျ လူသွားလမ်းက ပျောက်သွားတယ်။ အိမ်ပေါ်က ဆင်းလိုက်ရင်ပဲ ရေက လူတရပ်မြုပ်သွားတာ” လို့ သူက ပြောပါတယ်။
အဆိုပါ PT Power ဆီဆိုင်နားမှာ ကွန်ကရစ်လမ်း ခင်းနေတာဖြစ်တယ်လို့ သိရပြီး လမ်းတခြမ်းသာ ပြီးသေးတာဖြစ်ကာ လက်ရှိမှာတော့ မိုးကြီးမှုကြောင့် ဒူးခေါင်း ကျော်လောက်အထိ လမ်းအပြည့် ရေမြုပ်သွားပြီဖြစ်ကာ ကားအသေးတွေနဲ့ ဆိုင်ကယ်တွေ ဖြတ်သန်းသွားလာလို့မရ ဖြစ်နေတယ်လို့ သူက ပြောပါတယ်။
ဒါအပြင် ပြည်မြို့ နဝဒေးတံတား အနီးမှာလည်း တောင်ကျရေကြောင့် တောင်ကမ်းပါး ပြိုကျခဲ့ပြီး ကားလမ်း ပိတ်ဆို့မှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ သူက ပြောပါတယ်။
“နဝဒေးတံတားဘေးက ချဉ်းကပ်လမ်းပေါ့။ တောင်ပေါ်က မြို့မဘုန်းကြီးကျောင်း ဘေးကလမ်း။ ဒီမနက် ၄ နာရီကတည်းက ​တောင်ကမ်းပါးပြိုကျမှုတွေ ဖြစ်တယ်။ အဓိက ကတော့ အဲဒီနေရာက ရေကြောလည်းဖြစ်တယ်။ တောင်ပေါ်မှာ မိုးတအားများတော့ ကမ်းပါးယံတွေ ပြိုကျတာပေါ့။ အဲဒီနေရာဆို အရင်က အခုလို တခါမှမဖြစ်ဖူးဘူး။ အခုမှဖြစ်တာ။ အဓိက ကတော့ မိုးရေချိန်များလို့ပါ။ မုန်တိုင်းအကြွင်းအကျန် တိမ်တိုက်တွေကြောင့် မိုးကြီးတာ။ အဲဒါကြောင့် ရေက အရင်က ဝင်ဖူးတဲ့ နေရာတွေရော၊ မဝင်ဖူးတဲ့ နေရာတွေကိုရော ဝင်လာတာ” လို့ သူက ပြောပါတယ်။
ဒါအပြင် ကိုးသောင်းရပ်ကွက်၊ ချင်းစုရပ်ကွက်၊ နဝင်းကွက်သစ် (၁၁) လမ်း၊ စကားတောင်ကျောင်းဝင်း အစရှိတဲ့ နေရာတွေမှာလည်း လူနေအိမ်နဲ့ လမ်းတွေပေါ် သစ်ပင်လဲကျတာ၊ ဖုန်းကြိုးနဲ့ ဝိုင်ဖိုင်ကြိုးလိုင်း ပြုတ်ကျတာတွေ ရှိခဲ့ပြီး လူထိခိုက် ဒဏ်ရာရတာမျိုးတော့ မရှိခဲ့ဘူးလို့ သူက ပြောပါတယ်။
အလားတူ အင်းမမြို့မှာလည်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြို့လယ်မှာ ကားလမ်းရေကျော်နေပြီး အောက်ပိုင်းနိမ့်တဲ့ကားတွေ ဖြတ်သန်းသွားလာလို့မရ ဖြစ်နေတယ်လို့ သိရပါတယ်။
အဲဒီလိုပဲ ကံမမြို့နယ်မှာလည်း မိုးရွာသွန်းမှုကြောင့် ပုညိုရွာနဲ့ သံပုရာရွာလမ်းပေါ် ရေကျော်တာ၊ သစ်ပင်တွေနဲ့ ဓာတ်တိုင်တွေ လဲကျတာ၊ နေအိမ်တွေအတွင်း ရေဝင်ရောက်တာတွေ ဖြစ်ပေါ်လျက်ရှိသလို ကွမ်းစိုက်ခင်းတွေလည်း ရေနစ်မြုပ်နေတယ်လို့ သိရပါတယ်။
ဒါအပြင် ကံမ – ပြည် ကားလမ်းပေါ်နဲ့ သရက် – ကံမ ကားလမ်းပေါ်မှာလည်း မနေ့ သြဂုတ်လ ၃၁ ရက်က သစ်ပင်တွေ လဲကျခဲ့တာကြောင့် ကားလမ်း ပိတ်ဆို့မှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။
လက်ရှိ မိုးလေဝသ ဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနရဲ့ ဒီကနေ့ စက်တင်ဘာ ၁ ရက်၊ နေ့လယ် ၂ နာရီအချိန် ထုတ်ပြန်ချက်အရ မကွေးတိုင်းနဲ့ ရခိုင်ပြည်နယ်တို့ကို ဖြတ်ကျော်ခဲ့တဲ့ လေပွေလှိုင်းဟာ အနောက် – အနောက် မြောက်ဘက်ကို ရွေ့လျားခဲ့ပြီး ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ ယင်းနဲ့ ဆက်စပ်လျက်ရှိတဲ့ ဘင်္ဂလားပင်လယ်အော် အရှေ့မြောက်ပိုင်းတို့ကို ဆက်လက် ဖြတ်ကျော်လျက် ရှိတယ်လို့ သိရပါတယ်။
အဆိုပါ လေပွေလှိုင်းဟာ ပိုမို အားကောင်းလာနိုင်ပြီး နောက် ၂၄ နာရီအတွင်း ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်းအဖြစ် ရောက်ရှိလာနိုင်တယ်လို့ သိရပါတယ်။
အဆိုပါ ဖြစ်ပေါ်လာနိုင်တဲ့ လေဖိအားနည်းရပ်ဝန်းရဲ့ အရှိန်ကြောင့်အပြင် ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလား ပင်လယ်အော်တို့မှာ မုတ်သုံလေ ဆက်လက် အားကောင်းနိုင်ခြင်းတို့ကြောင့် ဒီကနေ့ စက်တင်ဘာ ၁ ရက်၊ နေ့လယ်ပိုင်းမှ ၃ ရက်နေ့အတွင်း တိုင်းနဲ့ ပြည်နယ်တချို့မှာ မိုးရွာသွန်းမှု များပြားလာနိုင်တယ်လို့ သိရပါတယ်။
မိုးရွာသွန်းနိုင်တဲ့ ဒေသတွေနဲ့ မိုးရွာသွန်းမှု အခြေအနေတွေကတော့ နေပြည်တော်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ် (မြောက်ပိုင်း) တို့မှာ နေရာကျဲကျဲ၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် (တောင်ပိုင်းနဲ့ အရှေ့ပိုင်း) တို့မှာ နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်သလို ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာတော့ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ သိရပါတယ်။
ဒါအပြင် မြန်မာ့ကမ်းရိုးတန်း တလျှောက်နဲ့ ကမ်းလွန် ပင်လယ်ပြင်တို့မှာ ရံဖန်ရံခါ မိုးသက်လေပြင်းတွေ ကျရောက်ပြီး လှိုင်းကြီးနိုင်ကာ မိုးသက်လေပြင်းကျစဉ် ရေပြင်၊ မြေပြင်လေဟာ တနာရီကို ၃၅ မိုင်အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်ကတော့ ၁၀ ပေမှ ၁၂ ပေခန့်အထိ ရှိနိုင်တယ်လို့ သိရပါတယ်။
မိုးသည်းထန်စွာ ရွာသွန်းခြင်းနဲ့အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တပြက်ရေကြီးခြင်းနဲ့ မြေပြိုခြင်း စတဲ့ သဘာဝ ဘေးအန္တရာယ်တွေလည်း ဖြစ်ပေါ်နိုင်တယ်လို့ ဆိုပါတယ်။
ဒါကြောင့် အဆိုပါဒေသတွေရှိ ကုန်းမြင့်ဒေသအနီး နေထိုင်ကြသူတွေအနေနဲ့ မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်တွေအနီးတွင် နေထိုင်ကြသူတွေ အနေနဲ့ ရေကြီး၊ ရေလျှံမှုတွေကို ကြိုတင်သတိပြု ရှောင်ရှားကြဖို့လိုသလို ပြည်တွင်း ရေကြောင်းသွားလာရေး၊ လေကြောင်း ပျံသန်းရေးနဲ့ ဆည်မြောင်း တာတမံတွေအနေနဲ့လည်း လိုအပ်တာတွေကို ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားကြစေလိုတယ်လို့ မိုး/ဇလဌာနက သတိပေး နှိုးဆော်ထားပါတယ်။
Photo – MRO / CJ

Related posts

Leave a Comment

VOM News

FREE
VIEW