ထီးချိုင့် လေကြောင်းတိုက်ခိုက်မှု လေးယောက် သေဆုံး

စက်တင်ဘာ ၈ – ၂၀၂၅
SS (VOM)
စစ်ကိုင်းတိုင်း၊ ထီးချိုင့်ဒေသမှာ နလအရဲ့ စစ်သင်္ဘောတွေအတွက် လုံခြုံရေးအဖြစ် လိုက်ပါလာတဲ့ လေယာဉ်က လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့တာကြောင့် လေးယောက် သေဆုံးပြီး ၁၀ ယောက်ကျော် ဒဏ်ရာ ရရှိခဲ့တယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
အဆိုပါ စစ်သင်္ဘောတွေဟာ ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကနေ ဧရာဝတီ မြစ်ကြောင်းအတိုင်း စုန်ဆင်းလာတာဖြစ်ပြီး မနေ့ စက်တင်ဘာ ၇ ရက်၊ ညနေ ၄ နာရီခွဲ ဝန်းကျင်က ထီးချိုင့်ဒေသ ဖြတ်သန်းချိန် မြစ်ကမ်းနံဘေး ကျေးရွာတွေဖြစ်တဲ့ ကမ်းနီ၊ မောင်းကုန်းနဲ့ ဘိုကုန်းကျေးရွာတွေမှာ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
“စစ်သင်္ဘောတွေ အပေါ်ကနေ လုံခြုံရေး လိုက်ပါလာတဲ့ Y-12 အမျိုးအစား လေယာဉ်က လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့တာပါ။ ၁၅ ယောက်ထက်မနည်း ဒဏ်ရာရတယ်။ အဲဒီထဲကမှ မောင်းကုန်းက လေးယောက် သေတယ်။ ကမ်းနီက နွား ငါးကောင် သေတယ်” လို့ စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။
ဒါအပြင် ပြီးခဲ့တဲ့ စက်တင်ဘာ ၆ ရက်နေ့ကလည်း မောင်းကုန်း၊ ဘိုကုန်း ကျေးရွာတွေအပြင် ကျောက်မှော်နဲ့ ဝဲကြီး (ချွန်း) ကျေးရွာတွေမှာ လေကြောင်း တိုက်ခိုက်မှုနဲ့ လက်နက်ကြီး ပစ်ခတ်မှု‌တွေ ရှိခဲ့တယ်လို့ သိရပြီး စုစုပေါင်း ခုနစ်ယောက် သေဆုံးခဲ့တာကြောင့် နှစ်ရက်အတွင်း ၁၁ ယောက်ထက်မနည်း သေဆုံးခဲ့တာ ဖြစ်တယ်လို့ သူက ပြောပါတယ်။
အဆိုပါ စစ်သင်္ဘောတွေဟာ စုစုပေါင်း ၁၂ စီးခန့် ရှိတယ်လို့ သိရပြီး ထီးချိုင့် ရုံးပင်ထောင့်ကနေတဆင့် အောက်ဘက်ကို မြစ်ကြောင်းအတိုင်း စုန်ဆင်းလျက်ရှိတာမှာ ဒီကနေ့ စက်တင်ဘာ ၈ ရက်၊ နေ့လယ်ပိုင်းမှာတော့ သပိတ်ကျင်းနယ်၊ ကျောက်ဖျာရွာအနီး ရောက်ရှိနေပြီး ဆက်လက် စုန်ဆင်းလျက်ရှိတယ်လို့ သူက ပြောပါတယ်။
“ဒါကြောင့် ထီးချိုင့်အောက်ဘက်က စစ်သင်္ဘောသွားရာ လမ်းတလျှောက်က မြစ်ကမ်းဘေး ကျေးရွာတွေအနေနဲ့ ဒီရက်ပိုင်းမှာ လေကြောင်းနဲ့ လက်နက်ကြီးရန်ကို အထူး သတိပြုဖို့ လိုပါတယ်။ တိုက်ပွဲတွေလည်း ရှိလာနိုင်တဲ့အတွက် ပေါ့ပေါ့ဆဆ မနေကြစေချင်ဘူး” လို့ သူက ပြောပါတယ်။
ဒါအပြင် ပြီးခဲ့တဲ့ စက်တင်ဘာ ၆ ရက်နေ့ကလည်း ထီးချိုင့်မြို့နယ်၊ ကျော်မှော် ကျေးရွာဘက်မှာ လက်နက်ကြီး ကျရောက် ပေါက်ကွဲမှုကြောင့် တယောက် သေဆုံးကာ သုံးယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း မန္တလေးမြို့ကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်သွားတဲ့ နလအရဲ့ စစ်သင်္ဘောတွေဟာ စက်တင်ဘာ ၅ ရက်မှာ ဗန်းမော်မြို့ကနေ အောက်ဘက်ကို ပြန်လည် စုန်ဆင်းလာတာ ဖြစ်တယ်လို့ သိရပါတယ်။
မန္တလေးကနေ စစ်သင်္ဘောတွေ စတင် ဆန်တက်ချိန်ကလည်း မတ္တရာနယ်မှ စတင်ကာ ဗန်းမော်အထိ မြစ်ကမ်းတလျှောက် မြို့၊ ရွာတွေမှာ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။
စစ်သင်္ဘောတွေ အထက်ကို ဆန်တက်စဉ် ပြီးခဲ့တဲ့ ဇူလိုင် ၂၄ ရက်နေ့ကလည်း မောင်းကုန်းကျေးရွာရှိ ဆီဆိုင်မှာ ဒရုန်းနဲ့ တိုက်ခိုက်မှု ဖြစ်ပွားခဲ့တယ်လို့ ဒေသတွင်း လက်နက်ကိုင် တပ်တွေက အသိပေး ထုတ်ပြန်ထားပါတယ်။
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW