မန္တ​လေးမှာ ငလျင်​ကြောင့် ပြိုကျခဲ့တဲ့ Sky Villa မှာ အသက်ဆုံးရှုံးရသူ​တိုင်းကို တ​ယောက် သိန်း(၁၀၀) ကုမ္ပဏီက​ထောက်ပံ့ ၊ တိုက်ခန်းဝယ်ယူထားသူ​တွေက​တော့ မူလဝယ်ထားတဲ့​စျေးအတိုင်းရယူလို

မန္တ​လေး စက်တင်ဘာ ၈-၂၀၂၅
SA(VOM)
Sky Villa ကွန်ဒိုအဆောက်အဦဟာ မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် ပြိုကျပျက်စီးခဲ့ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့တာမှာ ဒီကနေ့ စက်တင်ဘာ ၈ ရက်နေ့ နေ့လယ်အထိ ငါးလအတွင်း သေဆုံးသူရုပ်အလောင်း ၂၀၆ တွေ့ရှိထားကာ အသက်ရှင်လျက်ဒဏ်ရာနဲ့ ကယ်ထုတ်နိုင်သူ ၅၂ ဦးရှိတယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
​သေဆုံးသူ ၂၀၆​ယောက်ထဲက​နေ ဆက်သွယ်လို့ရတဲ့ ကျန်ရစ်သူ​မိသားစုအတွက် ​သေဆုံးသူတ​ယောက်ချင်းဆီကို သိန်း(၁၀၀) Sky Villaကို တာဝန်ယူရတဲ့ ​NTL ကုမ္ပဏီက ဒီက​နေ့မှာ ထောက်ပံ့​ပေးခဲ့ပါတယ်။ ဒီက​နေ့ ​​ထောက်ပံ့​ငွေ​ပေးအပ်ပွဲမှာ ပထမအသုတ်အ​နေနဲ့ ဆက်သွယ်လို့ရသူ ၇၂ ဦးကို သက်ဆိုင်ရာ အုပ်ချုပ်​ရေးတာဝန်ရှိသူ​တွေ​ရှေ့မှာ ​ပေးအပ်တာ​တွေ့ရပါတယ်။
ဒီ​ထောက်ပံ့​ငွေ​ပေးအပ်ပွဲမှာ NTL ကုမ္ပဏီပိုင်ရှင်ရဲ့ဇနီး ​ဒေါ်သက်သက်ခိုင်၊NTL ကုမ္ပဏီရဲ့ SKY Villa ရှင်းလင်း​ရေးမန်​နေဂျာ ဦးလင်းလင်းထွန်း၊ SKY Villa မှာ အခန်းဝယ်ယူ​နေထိုင်ရင်း မိသားစုဝင် ၄​ယောက်နဲ့ တိုက်ခန်းဆုံးရှူံးသွားတဲ့ အခန်းပိုင်ရှင် ​ဒေါ်သီတာမြင့်တို့ကို VOM က ​တွေ့ဆုံ​မေးမြန်းခဲ့ပါတယ်။
SKY Villa အ​ဆောက်အဦဟာ မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ လမ်း ၆၀ ၊ ၂၂ လမ်း နဲ့ ၂၃ လမ်းကြား ရေစစ်ကန်အနီးမှာ တည်ရှိတဲ့ Sky villa ကွန်ဒိုအဆောက်အဦကို ၂၀၁၇ ခုနှစ်အကုန် ၂၀၁၈ ခုနှစ်အစပိုင်းမှာ NTL Construction Companyတာဝန်ယူ ဆောက်လုပ်ပြီးစီးခဲ့တယ်လို့ သိရပြီး စတင်ဆောက်လုပ်ခဲ့တဲ့ ခုနှစ်ကိုတော့ ဖော်ပြထားတာမတွေ့ရပါဘူး။
ကွန်ဒိုစတင်ပြီးစီးတဲ့အချိန်မှာပဲ လူနေထိုင်မှုတွေရှိခဲ့ပြီး ကွန်ဒိုတခန်းရဲ့တန်ကြေးကတော့ သိန်း ၆၅၀၀ အထက်မှာရှိတယ်လို့ ကွန်ဒိုအခန်းတွေ ရောင်းချမှု ဝန်ဆောင်မှုပေးနေတဲ့ အကျိုးတော်ဆောင်တွေရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ဖော်ပြထားတာကိုတွေ့ရပါတယ်။
Sky Villa မှာ A/ B/ C/ D ဆိုပြီး တွဲ ရက် လေးဆောင် ၁၁ ထပ် အမြင့်ရှိပြီးတော့ A အဆောင်နဲ့ B အဆောင်ဟာ အခန်းဖွဲ့ ကြီးပြီး Sq ft ကျယ်တဲ့အတွက် ငွေကြေးတတ်နိုင်သူတွေ နေထိုင်ကြတယ်လို့သိရပါတယ်။
အဆောင် C ကတော့ Sq ft ကျဥ်းတာကြောင့် အဌားခန်းအဖြစ် တခန်းကို တနှစ်စာဌားရမ်းခ သိန်း ၃၀ ဝန်းကျင်ရှိတယ်လို့ ဖော်ပြထားတာကိုတွေ့ရပါတယ်။
အဆောင် D ကတော့ Hotel အဖြစ်ထားပြီး Tourist တွေနေထိုင်ကြကာ အောက်ဆုံးထပ်နဲ့ အပေါ်ထပ်က ကားပါကင်ဖြစ်ပြီး ၊ ၃ လွှာကစပြီး လူတွေနေထိုင်ကြတယ်လို့ သိရပါတယ်။
ကွန်ဒို တခန်းနဲ့ တခန်းက ရောင်းချ/ ငှားရမ်းတဲ့ စျေးနှုန်းမတူညီကြသလို မြင်ကွင်းကောင်းတဲ့ဘက်အခြမ်းနဲ့ အထပ်မြင့်လေ စျေးပိုပေးရလေလို့ ဆိုပါတယ်။
ပြိုကျတဲ့ SKY Villa အ​ဆောက်အဦကိုရှင်းလင်းတာမှာ ၈၈ ရာနှုန်း​လောက်ပြီးစီးပြီလို့သိရပြီး NTL ကုမ္ပဏီဘက်က​တော့ ကွန်ဒိုဥပ​ဒေအတိုင်း​ဆက်လက်ဆောင်ရွက်မယ်လို့ဆို​ပေမယ့် နစ်နာခဲ့တဲ့ပ်ိုင်ရှင်တချို့က ​နောက်ထပ်​​နေဖို့ မရဲတာ​ကြောင့် မူလတန်ဖိုးပြန်လိုချင်တယ်လို့ ဆိုပါတယ်။
#voiceofmyanmar #VOM #SKYvilla #​ထောက်ပံ့​ငွေ​ပေးအပ်ပွဲ

Related posts

Leave a Comment

VOM News

FREE
VIEW