Dj Violet တောင်းပန်မှုကိုလက်ခံပြီး ကိုယ်စားခွင့်လွတ်ခဲ့တဲ့ သင်္ဃန်းကျွန်းမြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌအပါအဝင် ဆရာတော်ငါးပါး ဝန်ခံကတိလက်မှတ်ထိုးရမယ်

စက်တင်ဘာ ၁၈ ၊၂၀၂၅
GG (VOM)
ဗုဒ္ဓ သရဏံ ဂစ္ဆာမိ ဓမ္မတေးသီးချင်းကို ကလပ်မှာ တီးခတ်ကပြဖျော်ဖြေခဲ့တဲ့ Dj Violet ရဲ့ မှားကြောင်း ခံဝန်ထိုးတောင်းပန်မှုကို လက်ခံခဲ့တဲ့ သင်္ဃန်းကျွန်းမြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ပါ ဆရာတော်ငါးပါးအနေနဲ့ ခံဝန်ကတိပြုလက်မှတ်ရေးထိုးရမယ်လို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က ဆုံးဖြတ်လိုက်တယ်လို့သိရပါတယ်။
မခင်ထွေးထွေးမွန်(ခ)Dj Violet က ဝန်ချတောင်းပန်တာကို မြို့နယ်အဆင့်ရှိ သံဃနာယက အဖွဲ့က နိုင်ငံတဝန်း ရဟန်းရှင်လူ ပြည်သူတို့ရဲ့ ကိုယ်စား ခွင့်လွတ်ကြောင်းလက်မှတ်ရေးထိုးခြင်းက လျော်ကန် သင့်မြတ်မှု မရှိကြောင်း၊ သံဃာအဖွဲ့ အစည်းအခြေခံစည်းမျဉ်း လုပ်ထုံးလုပ်နည်း သံဃာ့နာယကလက်စွဲတို့နဲ့လည်း ညီညွတ်မှု မရှိကြောင်း၊ နောင်မှာလည်း ဗုဒ္ဓဘာသာကိုစော်ကားပြီး ၎င်းတို့ကျူးလွန်ခဲ့သော ပြစ်ဒဏ်လွတ်မြောက်စေ ရေးအတွက် သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်ကို အကာအကွယ်ယူ အသုံးချလာနိုင်တဲ့ ဖြစ်စဉ်တွေ ဖြစ်ပေါ် လာနိုင်တဲ့အတွက် ဗုဒ္ဓဘာသာကိုစော်ကားတဲ့ ဖြစ်စဉ်ကိစ္စရပ်ကို လက်ခံခွင့်လွတ်ပေးခြင်းမျိုး မရှိစေရေး ညွှန်ကြားချက်ထုတ်ပြန်ပေးဖို့ တင်ပြလျှောက်ထားလာတာကြောင့် စက်တင်ဘာ ၁၅ ရက်နေ့ကကျင်းပခဲ့တဲ့ နဝမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့(ပထမအဖွဲ့ခဲ့)ရဲ့ ပထမအကြိမ်၊ ပထမအထူးအစည်းအဝေးက အထက်ပါအတိုင်း ဆုံးဖြတ်လိုက်တာဖြစ်တယ်လို့သိရပါတယ်။
သရဏဂုံ သုံးပါးစာသား ကို Dj Version ပြုလုပ်ဖန်တီးပြီး မူးယစ်ကခုန်မြူးထူးခြင်းသည် ဗုဒ္ဓသာသနာတော်ကို ထိခိုက်အောင်စော်ကားခြင်းဖြစ်တဲ့အပြင် ဗုဒ္ဓဘာသာအပေါ် ပိုမိုရိုင်းပြတဲ့ အပြုအမူတွေကို တိုးပွားဆောင်ရွက်လာနိုင်တာကြောင့် ထိရောက်စွာ ဟန့်ထားဖို့ အရေးတကြီး လိုအပ်တဲ့အတွက်လည်း ခုလိုဆုံးဖြတ်ချက်ချလိုက်တာဖြစ်တယ်လို့သိရပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ဆရာတော်တပါးက ” ဝန်ခံကတိထိုးရမယ်ဆိုတာ ဟုတ်ပါတယ်။ဘယ်တော့ထိုးရမလဲဆိုတာတော့သေချာမသိပါဘူး။” လို့ မိန့်ပါတယ်။
သာသနာတော်ညှိုးနွမ်းအောင် ပြုမှုခဲ့ကြသူတွေက ဥပဒေအရ အရေးယူခံရခြင်းမှ ကင်းလွတ်ခွင့်ရအောင် တိုင်းဒေသကြီး/ပြည်နယ် သံဃနာယကအဖွဲ့၊ မြို့နယ်သံဃနာယကအဖွဲ့တွေက ဆရာတော်ကြီးများထံချဉ်းကပ်ပြီး ဆရာတော်ကြီးတွေ ကို အသုံးချလျှောက်ထားလာခြင်းကို လက်ခံခွင့်လွှတ် ပေးခြင်းမျိုး မရှိစေရေးအတွက်လည်း တိုင်းဒေသကြီး/ပြည်နယ်သံဃနာယကအဖွဲ့(ဂိုဏ်းစုံ)ကို ညွှန်ကြားသွားဖို့လည်း အစည်းအဝေးမှာဆုံးဖြတ်ခဲ့တယ်လို့သိရပါတယ်။
သရဏဂုံသုံးပါး စာသားကို Dj Version ဖန်တီးပြီး ကလပ်မှာပျော်ပါး ကခုန်ခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီး လူမှုကွန်ယက် မှာဝေဖန်ပြစ်တင်မှုမြင့်တက်ခဲ့တာကြောင့် စက်တင်ဘာ ၁၁ ရက်မှာ Dj Violet က သင်္ဃန်းကျွန်းမြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော် အမှူးပြုသော ဆရာတော်ငါးပါးရှေ့မှောက်မှာ မှားယွင်းသောအပြုအမူမျိုးကို ပြုမူဆောင်ရွက်တော့မည်မဟုတ်ကြောင်း ဝန်ချတောင်းပန်ခဲ့ရာ တောင်းပန်လာမှုအပေါ် ရဟန်းရှင်လူ ပြည်သူတို့ရဲ့ကိုယ်စား ခွင့်လွတ်ပါကြောင်း ဆရာတော်ငါးပါးက လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
အဲဒီနေ့ မှာ ယခုလိုတောင်းပန်မှုအပေါ် ပေါက်ကိုယ်တော် အပါအဝင် အမျိုးသားရေးသမားတွေနဲ့ပြည်သူအချို့ကလက်ခံနိုင်စရာမရှိကြောင်း ထိရောက်တဲ့အရေးယူမှုတွေပေးဖို့တောင်းဆိုခဲ့ကြပါတယ်။
အဲဒီနောက် စက်တင်ဘာ ၁၁ ရက်နေ့ညပိုင်းမှာပဲ အာဏာပိုင်တွေက Dj Violet နဲ့ မန်နေဂျာဖြိုးဟိန်းကို ရန်ကုန်က သူတို့နေအိမ်မှာဝင်ရောက်ဖမ်းဆီးခဲ့သလို သရဏဂုံ သုံးပါး ဓမ္မတေးသီချင်းကို ဖွင့်လှစ်ခဲ့တဲ့ မန္တလေး ၊မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်၊ ၃၆ လမ်းနှင့် ၃၆ x ၅၃ လမ်းထောင့်ရှိ Cover Club ကို ဝင်ရောက်စစ်ဆေးပြီး ဆိုင်ပိုင်ရှင် နဲ့ဆိုင်မန်နေဂျာတို့ပါ ဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။
လက်ရှိမှာ Cover Club ဆိုင်ကိုပိတ်သိမ်းထားပြီး ဖမ်းဆီးထားတဲ့ Dj Violet အပါ လေးယောက်ကို မဟာအောင်မြေမြို့နယ်၊ အမှတ်(၉)မြို့မရဲစခန်းကရာဇသတ်ကြီးပုဒ်မ ၅၀၅-က နဲ့ အမှုဖွင့် အရေးယူစစ်ဆေးဆောင်ရွက်နေတယ်လို့ နလအမှသတင်းထုတ်ပြန်ထားပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW