ဟိမ၀န္တာ လာဒက်‌ဒေသမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဆန္ဒပြပွဲအတွင်း လူလေးယောက်သေဆုံးပြီးနောက် ညမထွက်ရအမိန့်ထုတ်

ဒေလီ၊ စက်တင်ဘာ-၂၆-၂၀၂၅
ရတီ(VOM)
အိန္ဒိယနိုင်ငံ ဟိမ၀န္တာ‌ဒေသ လာဒက်မှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တောင်းဆိုနေတဲ့ ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့တို့အကြား ပဋိပက္ခတွေဖြစ်ပွားပြီးနောက် လူလေးယောက်သေဆုံးအပြီးမှာ လာဒက်ရဲ့မြို့တော် လိချ်မှာ ညမထွက်ရအမိန့် ထုတ်ပြန်လိုက်ပါတယ်။
ပဋိပက္ခတွေအတွင် ဒါဇင်နဲ့ချီ ဒဏ်ရာရခဲ့ပြီး အိန္ဒိယနိုင်ငံရဲ့ အာဏာရ (BJP)ပါ ရဲ့ ရုံးခန်းတခုလည်း မနေ့က မီးလောင်ခဲ့ပါတယ်။ အကြမ်းဖက်မှုတွေကို လှုံ့ဆော်နေကြောင်း အစိုးရ စွပ်စွဲထားပေမယ့် ဆန္ဒပြပွဲ ဦးဆောင်သူတွေကတော့ ပယ်ချထားပါတယ်။
မွတ်ဆလင်နဲ့ ဗုဒ္ဓဘာသာဝင်တွေနေထိုင်တဲ့ ဟိမ၀န္တာတောင်တန်းဒေသတခုဖြစ်တဲ့ လာဒက်ဟာ ၂၀၁၉ ခုနှစ်မှာ ဂျမူးနဲ့ ကက်ရှ်မီးယား ပြည်နယ်ကနေ အစိုးရက ခွဲထုတ်ပြီးနောက် တစိတ်တပိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ဆုံးရှုံးခဲ့ပါတယ်။
လာဒက်‌ဒေသမှာ လူဦးရေသုံးသိန်းရှိပြီး တရုတ်နဲ့ ပါကစ္စတန်နယ်စပ်မှာ တည်ရှိပါတယ်။ အကြမ်းဖက်မှုများဖြစ်ပွားခဲ့တဲ့ လိချ်‌ဒေသဟာ သီးခြားဒေသတခုကို ဆယ်စုနှစ်များစွာ တောင်းဆိုနေခဲ့တဲ့ ဗုဒ္ဓဘာသာအသိုင်းအဝိုင်း အများစုဖြစ်ပါတယ်။
ဒီအတောအတွင်း မွတ်ဆလင်အများစုနေထိုင်ရာ ကာဂီလ် ခရိုင်ဟာ အိန္ဒိယအုပ်ချုပ်တဲ့ ကက်ရှ်မီးယားနဲ့ ပေါင်းစည်းဖို့ သမိုင်းကြောင်းအရ ဆန္ဒရှိနေခဲ့ပါတယ်။ ဒါပေမယ့်လည်း ဗုဒ္ဓဘာသာနဲ့ မွတ်ဆလင်အသိုင်းအဝိုင်းနှစ်ခုစလုံးဟာ ပြည်နယ်အဆင့်နဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပြန်လည်ရရှိရေး တောင်းဆိုရာမှာ အတူတကွပူးပေါင်းခဲ့ကြပါတယ်။
ဆယ်စုနှစ်အတွင်း အဆိုးရွားဆုံး အကြမ်းဖက်မှုဖြစ်တဲ့ ပြီးခဲ့တဲ့နေ့က အကြမ်းဖက်မှုကို ဖြစ်ပေါ်စေခဲ့တဲ့ အကြောင်းရင်းကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ဆန္ဒပြပွဲတွေဟာ ဒေသအတွင်းမှာ လအတော်ကြာ ပြတ်တောင်းပြတ်တောင်း ဖြစ်ပွားနေခဲ့ပါတယ်။
အစာငတ်ခံ ဆန္ဒပြနေတဲ့ ဆန္ဒပြခေါင်းဆောင် မစ္စတာ ဝန်ချူခ် ဟာ ဆူပူအုံကြွမှုတွေအတွက် လှုံ့ဆော်မှုတွေ ပြုလုပ်နေတယ်လို့ အိန္ဒိယပြည်ထဲရေး ဝန်ကြီးဌာနက စွပ်စွဲထားပါတယ်။
“သူဟာ အစာငတ်ခံဆန္ဒပြမှုကို ဆက်လက်လုပ်ဆောင်ပြီး အာရပ်နွေဦးပုံစံ ဆန္ဒပြပွဲတွေနဲ့ နီပေါရှိ Gen-Z ဆန္ဒပြပွဲတွေကို ရည်ညွှန်းပြောဆိုခြင်းဖြင့် လူတွေကို အထင်အမြင်လွဲမှားစေပါတယ် “လို့ ထုတ်ပြန်ချက်မှာ ဆိုပါတယ်။
ဆန္ဒပြသူများသည် BJP ရဲ့ ဒေသခံရုံးကို တိုက်ခိုက်ခဲ့ပြီး အဆောက်အဦကို မီးတင်ရှို့ကာ ရဲကားတစီးကို မီးရှို့ခဲ့ရာ ပဋိပက္ခအတွင်း ရဲတပ်ဖွဲ့ဝင် ၃၀ ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ ပြောပါတယ်။ သတင်းဌာနတွေရဲ့ အဆိုအရ ရဲတပ်ဖွဲ့က ကျည်ဆန်တွေနဲ့ မျက်ရည်ယိုဗုံးတွေ ပစ်ခတ်ခဲ့လို့ ဆန္ဒပြသူ ဒါဇင်နဲ့ချီ ဒဏ်ရာရခဲ့ကာ လေးဦး ပြင်းထန်စွာ ဒဏ်ရာရခဲ့ပြီး နောက်ပိုင်းမှာ သေဆုံးသွားခဲ့တယ်လို့ ပြောပါတယ်။
Ref:BBC
Photo:Reuters

Related posts

Leave a Comment

VOM News

FREE
VIEW