အောက်တိုဘာ ၅ – ၂၀၂၅
SN (VOM)
ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့ အနောက်ဘက်ခြမ်းက စစ်ရှောင်စခန်းမှာ တောင်ကျရေ ဝင်ရောက်မှုကြောင့် ရေကြီးရေလျှံမှု ဖြစ်ပေါ်နေပြီး အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့ စစ်ရှောင်အရေး ကူညီ ဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။
အိမ်ခြေ ၁၅၀ ဝန်းကျင်လောက် ရှိတဲ့ အဲဒီ စစ်ရှောင်စခန်းမှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၂ ရက်နေ့ကနေ စပြီး တောင်ကျရေ ဝင်ရောက်လာတာ ဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိအချိန်အထိ ရေမြင့်တက်နေဆဲ ဖြစ်သလို တရက်ကို ရေ ၂ ပေကနေ ၃ ပေလောက်အထိ မြင့်တက်နေတဲ့အတွက် ဘေးလွတ်ရာကို စတင် ရွှေ့ပြောင်းနေပြီ ဖြစ်တယ်လို့ စစ်ရှောင်အရေး ဆောင်ရွက်နေသူက ပြောပါတယ်။
“စစ်ရှောင်စခန်း တခုလုံး ရွှေ့ရမှာပါ။ ဘယ်ကိုရွှေ့တာလဲဆို အဲဒီ အနီးဝန်းကျင်က ရေဘေးလွတ်ရာကို ရွှေ့ရတာပါ။ အခု ပြောင်းတဲ့သူတွေက စပြီး ပြောင်းရွှေ့နေကြပြီ။ ဒီအချိန်မှာ လိုအပ်တဲ့ အကူအညီကတော့ အမိုးအကာတွေပါ။ ဘေးလွတ်ရာ ပြောင်းရတော့ ဟိုမှာ နေဖို့ထိုင်ဖို့အတွက် အမိုးအကာတွေ အများကြီး လိုအပ်နေပါတယ်” လို့ သူက ပြောပါတယ်။
အဲဒီ ဒေသမှာ ပြီးခဲ့တဲ့ စက်တင်ဘာလ နောက်ဆုံးအပတ်အတွင်း မိုးအဆက်မပြတ် ရွာသွန်းတာကြောင့် တောင်ကျချောင်းရေ မြင့်တက်လာတာ ဖြစ်ပြီး လမ်းတချို့လည်း ရေတိုက်စား ပျက်စီးခဲ့သလို သစ်ပင် လဲကျတာကြောင့် နေအိမ် တလုံးလည်း ပျက်စီးခဲ့တယ်လို့ သူက ပြောပါတယ်။
ဒီးမော့ဆို အနောက်ခြမ်းမှာရှိတဲ့ စစ်ရှောင်စခန်းတွေမှာ နှစ်စဥ် ရာသီဥတုပေါ်မူတည်ပြီး အနည်းဆုံး တပတ်လောက်အထိ ရေကြီးမှုကို ကြုံတွေ့ရတတ်တယ်လို့ သိရပါတယ်။
ဒီးမောဆိုမြို့နယ်မှာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ အတွင်းကလည်း ပွန်ချောင်းရေ မြင့်တက်မှုကြောင့် မြို့အတွင်းက အနိမ့်ပိုင်း နေရာတွေအတွင်း ရေဝင်ရောက်ခဲ့ပြီး ဒေသခံတွေ ပြောင်းရွှေ့ခဲ့ရသလို ပွန်ချောင်းဘေးရှိ စစ်ဘေးရှောင်တဲတွေလည်း ရေစီးနဲ့ မျောပါသွားခဲ့တယ်လို့ သိရပါတယ်။
လက်ရှိ ဒီးမောဆိုမြို့နယ်မှာ ရေကြီးမှုအပြင် စစ်ရေး အခြေအနေအရ နယ်မြေရှင်းလင်းရေး လုပ်ဆောင်မှုတွေလည်း ရှိနေတာကြောင့် စစ်ရှောင်တွေ စိုက်ပျိုးထားတဲ့ သီးနှံတွေ မရိတ်သိမ်းနိုင်တာ၊ ပျက်စီးသွားတာတွေလည်း ရှိနေပြီး စားနပ်ရိက္ခာ ပြတ်လပ်မှုကို ဆိုးဆိုးရွားရွား ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။
နလအတပ်တွေ အနေနဲ့ ဒီးမော့ဆိုမြို့ကို ပြီးခဲ့တဲ့ သြဂုတ်အတွင်းက ပြန်လည် ထိန်းချုပ်ထားဖြစ်ပြီး အဲဒီနောက် ဒီးမော့ဆို – မိုးဗြဲလမ်းပိုင်းနဲ့ ဒီးမော့ဆို – ဖရူဆို – ဘောလခဲ လမ်းပိုင်းတွေကို နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေတာ ဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိ ကယားပြည်နယ်အတွင်းက မြို့နယ် ရှစ်မြို့နယ်မှာ စစ်ရှောင်ပြည်သူ နှစ်သိန်းရှစ်သောင်းကျော်ရှိပြီး ဒီးမော့ဆိုမြို့နယ်မှာ စစ်ရှောင်ပြည်သူ ရှစ်သောင်းကျော် ရှိတယ်လို့ သိရပါတယ်။
ဓာတ်ပုံ – ဒေသခံ