လက်ဆည်ကန်ရပ် ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်က ပြည်သူချစ်သော ထီးရိပ်အောက်မှာ(၁၅)

ဆူးငှက်

၁၉၉၀ ဝန်းကျင်ကာလတွေမှာက အမြန်ချောပို့ မရှိနိုင်သေး …။ ရန်ကုန်သို့ စာမူပို့လိုလျှင် မှတ်ပုံတင်စာဖြင့် ပေးပို့ကြသည်။ ပို၍ သေချာတာက လူကြုံဖြင့် စာမူပို့ကြခြင်းဖြစ်၏။ ထိုစဉ်က၊ ကဗျာဆရာ ဆရာနီမောင်က ရန်ကုန်သို့ တစ်လတစ်ခေါက် ဆင်းတတ်သည်။ ဆရာကံချွန်ကလည်း လစဉ်လဆန်း ၁၀ရက် နေ့တိုင်း ရန်ကုန်ဆင်း၍ သူ့စာမူတွေ၊ ကာတွန်းတွေကို ရန်ကုန်မဂ္ဂဇင်းတိုက်အသီးသီးသို့ ကိုယ်တိုင်သွားပို့သည်။ ဆရာကျော်ရင်မြင့်ကလည်း ရုံးကိစ္စဖြင့် ရန်ကုန်သို့ မကြာခဏ ဆင်းတတ်ပါ၏။ ထိုသို့ ရန်ကုန် လူကြုံရှိလျှင် တစ် ဆင့်စကား တစ်ဆင့်နားဖြင့် “ဘယ်သူ၊ ဘယ်ဝါဖြင့် ဘယ်နေ့ ညနေ၊ ဘာရထးနှင့် ရန်ကုန်ဆင်းမည်” ဆိုသည့် သတင်းတွေ ရောက်လာ သည်။ ဘာရထား၊ တွဲဘယ်လောက်၊ ထိုင်ခုံနံပါတ် ဘယ်လောက်ဆိုတာထိလည်း သတင်းပေးတတ်သည်။ ထိုသို့သော သတင်းမျိုးကို အမြန်ဆုံးရဖို့ဆိုလျှင် ၈၄ လမ်းပေါ်က နဂါးစာပေ(သို့မဟုတ်) မျက်သွယ်ကဖေး (သို့မဟုတ်) ၃၂ လမ်း မုတ်ဆိတ်(သို့မဟုတ်) လက်ဆည် ကန်လူထုတိုက် … စသည်ဖြင့် တစ်နေရာရာကို ထိတွေ့လိုက်မှဖြစ်မည်။ ထို့ကြောင့် ကျွန်တော်တို့တစ်တွေ မနက်လင်းတာနှင့် စက်ဘီး လေးတွေကိုယ်စီနှင့် အဆိုပါနေရာများဆီ သွားရောက်လေ့ရှိကြ၏။

၁၉၉၀ ဝန်းကျင်ရောက်တော့ ကျွန်တော် ဝန်ထမ်းအလုပ်က နှုတ်ထွက်ပြီးပြီ။ ၁၉၈၇ ခုနှစ်ကတည်းက နှုတ်ထွက်ခဲ့ခြင်းဖြစ်၏။ ဟေမာဇလအိမ်မှာ စာအုပ်အငှားဆိုင်လေး ဖွင့်ထားသည်။ အငှားဆိုင်အတွက် နဂါးစာပေမှာ၊ ဆုမွန်စာပေမှာ … စာအုပ်ဝယ်ရင်း ထွက် ဖြစ်သည်။ မြို့ထဲထွက်သည်ဟုပဲ လွယ်လွယ်ခေါ်ကြ၏။ ဆရာအော်ပီကျယ်ကလည်း “ပြည် ဆင်တဲ” မော်တော်ကားစက်ရုံက အင်ဂျင်နီ ယာ ရာထူးကို စွန့်လွှတ်ပြီး မန္တလေးက အမေ့အိမ်ရောက်လာသည်။

သူတို့က မင်္ဂလာဈေးဆေးတက္ကသိုလ်အနီးမှာဆိုတော့ ကျွန်တော်နှင့် မလှမ်းမကမ်းဖြစ်သည်။ မနက်လင်း တစ်ခါတစ်ရံ လက်ဖက်ရည်သောက်ရင်း ဖြစ်စေ …။ ၉နာရီ ၁၀ နာရီ ဝန်းကျင် မြို့ထဲထွက်ဖို့ဖြစ်စေ … ဆရာအော်ပီကျယ်လည်း စက်ဘီးလေးနှင့် ကျွန်တော့်အိမ်သို့ ရောက်လာ၏။ ထို့နောက် နှစ်ယောက်သား စက်ဘီးကိုယ်စီနှင့် မြို့ထဲ ထွက်ဖြစ်သည်။ ကျွန်တော်တို့က အဓိက လူထုတိုက်သို့ ဦးတည်ကြခြင်းဖြစ်သည်။ တစ်ခါတစ်ရံ မျက်သွယ်လက်ဖက်ရည်ဆိုင်သို့လည်း ထိုင်ဖြစ်ကြသည်။ နဂါးစာပေကိုတော့ မဖြစ်မနေ ဝင်ကြသည်။ စာအုပ်တွေ၊ မဂ္ဂဇင်းတွေ ငေးကြတာပေါ့။

ထိုသို့ မြို့ထဲသွားရင်း ရန်ကုန်လူကြုံရှိပြီးဆိုလျှင် ရေးပြီးသား စာမူတွေ၊ ကာတွန်းတွေ … လူကြုံနှင့် ပေးဖို့ ပြင်ကြဆင်ကြ…။ မရှိသေးလျှင် သွက်သွက်လက်လက် ရေးကြချွတ်ကြ …။ မဟေသီမှာ စာမူမရှိတော့ဘူး၊ ပေဖူးလွှာမှာ စာမူမရှိတော့ဘူး …။ စံပယ်ဖြူမှာ စာမူမရှိတော့ဘူး စသည်ဖြင့် အားတက်သရော တက်ကြွကြသည့်ကာလဖြစ်၏။ မှတ်မှတ်ရရ ထိုစဉ်က ရေးအားအကောင်းဆုံးမှာ ဆရာ ဝင်းစည်သူဖြစ်သည်။ တစ်လတည်းမှာပင် သူ့ဝတ္ထုတိုတွေ သုံးပုဒ်လေးပုဒ် ပါလာတတ်သည်။ အကြောင်းအရာလေးတစ်ခုကို လက်ဖက် ရည်ဆိုင်မှာပင် သူကိုယ်တိုင် ပြောပြတတ်ပြီး … ခဏနေ ဆိုင်ကယ်လေးနှင့် ထွက်သွားသည်။ ညနေမှာ ထိုအကြောင်းအရာက ဝတ္ထုတို တစ်ပုဒ်အဖြစ် သပ်ရပ်ခမ်းနားစွာ ရေးသားပြီးစီးလေပြီ။ ဆရာသိုက်ထွန်းသက်ကလည်း ထိုစဉ်က ရေးအားကောင်းသည်။ ဆရာရဲသျှမ်း လည်း ဟောတစ်ပုဒ် ဟောတစ်ပုဒ် …။ ဆရာညီပုလေးကလည်း စကားနည်းသလောက် ရေးအားကောင်းသည်။ ဆရာ ကြည်ဇော်ဝင်း …၊ ဆရာကိုရိုးကွန့်၊ ဆရာကျော်ရင်မြင့်၊ ဆရာကျော်စွာထက် … ရေးအားကောင်းသည့်ဆရာတွေ တစ်စုတစ်ဝေးကြီး …။ ဆရာညိုထွန်းလူက လည်း … ဖွဲ့ဖွဲ့နွဲ့နွဲ့ ဝတ္ထုများဖြင့် တစ်ချက်ချင်းပင် ပစ်နေသည်။ ကျွန်တော် … ထိုဆရာများကို အားကျပါသည်။ ဆရာတို့ လက်ဖက်ရည် ဝိုင်းမှာ ဘေးနားက “ရွှေဘော်စာ” အဖြစ် ကပ်ထိုင်ပြီး ပြန်လာသည်နှင့် “အားကျစိတ်၊ အားမရစိတ်” များဖြင့် စာရေးဖို့ အင်အားတွေဖြစ် လာသည်ချည်း …။ “အားကျစိတ်” က ထိုဆရာများ၏ အနုပညာအလုပ် …။ “အားမရစိတ်” က မိမိကိုယ်မိမိ …။ ဆရာအော်ပီကျယ်က တော့ ပေါင်းရင်းသင်းရင်း ညီအစ်ကို အရင်းပမာ ဖြစ်သွားသည်။ ပန်းချီစိုးဝင်းငြိမ်းရောပေါ့ …။ မိသားစုကိစ္စ၊ အိမ်တွင်းရေးကိစ္စတွေအထိ ပွင့်ပွင့်လင်းလင်း တိုင်ပင်ဖြစ်သည်။ ငွေရေးကြေးရေးကအစ တစ်ယောက်မှာ အခက်အခဲ ရှိနေလျှင်လည်း တစ်ယောက်က ကူညီကြသည်။

ဆရာအော်ပီကျယ်ကို … ကျွန်တော်နှင့် စိုးဝင်းငြိမ်းက … “ကိုဝင်းနိုင်” ဟုပဲ ရင်းရင်းနှီးနှီး ခေါ်ကြသည်။ ကိုရိုးကွန်နှင့် ကိုဝင်းနိုင် (ဆရာအော်ပီကျယ်)က တစ်အူတုံဆင်း ညီအစ်ကိုရင်းဖြစ်သော်လည်း အတော်ကွဲပြားသည်။ ကိုရိုးကွန့်က ဣန္ဒြေကြီးသည်။ စကားနည်း သည်။ ကျွန်တော်တို့ ကာတွန်းဆရာက … အစ်ကိုနှင့် ဆန့်ကျင်ဖက်ဟု ဆိုပါစို့ …။ ဒါကြောင့်လည်း အသွေးတူ အရောင်တူ စရိုက်တူမို့ ကျွန်တော်တို့ချင်း တွဲမိကြသည်။

မှတ်မှတ်ရရ တစ်နေ့ …၊ ကိုရိုးကွန့်က ကျွန်တော့်အိမ်သို့ ရောက်လာပြီး သန်ဘက်ခါ ရန်ကုန်သို့ ဆင်းမည့်အကြောင်း စာမူကိစ္စ ပေးစရာ၊ မှာစရာရှိလျှင် ပေးနိုင်မှာနိုင်ကြောင်း ပြောသည်။ ကိုရိုးကွန့်ဆိုတော့ ဘာမှ အားမနာရ …။ ပေးစရာတွေ မှာစရာတွေ တစ်သီကြီး စီစဉ်ပြင်ဆင်ဖြစ်သည်။ ကိုရိုးကွန့်ပြန်သွားပြီး၊ ခဏနေတော့ ကိုဝင်းနိုင်(ဆရာအော်ပီကျယ်) ရောက်လာသည်။ ကျွန်တော် စာမူတွေ ပြင် ဆင်နေတာတွေတော့ သူလည်း ရန်ကုန်မဂ္ဂဇင်းတွေအတွက် ကာတွန်းတွေ လာပေးထားမည်ဆိုပြီး … ညနေရောက်တော့ စာအိတ်တွေ နှင့် ကာတွန်းပုံတွေလာပေးသွားသည်။ နောက်ရက်ဘူတာမှာ ကိုရိုးကွန့်ထံ ကျွန်တော်က ကျွန်တော့်စာမူတွေရော … သူ့ကာတွန်းတွေ ရော သွားပေးလိုက်သည်။ နောက်ရက်ရောက်မှ ကိုဝင်းနိုင်က … “မနေ့က လူကြုံက ဘယ်သူလဲဗျ …” ဟု မေးဖြစ်သည်။ ကျွန်တော်က “ကိုရိုးကွန့်လေဗျာ …” ဟု ဆိုတော့ သူက ဟက်ဟက်ပက်ပက် ရယ်သည်။ ကျွန်တော်ကလည်း ဟက်ဟက်ပက်ပက် ရယ်ဖြစ်သည်။ ကိုရိုးကွန့်တို့ စကားနည်းပုံက အဲဒီလောက်အထိ ဖြစ်၏။ တစ်အိမ်တည်း အတူနေသည့် ညီအစ်ကိုချင်းကိုပင် သူရန်ကုန်သွားမည့်ကိစ္စ ပြောမည့်စကားကို ချွေတာလိုက်ပုံရသည်။ ကျွန်တော်က အကြောင်းသိမို့ ကိုဝင်းနိုင်ကို ဘယ်သူသွားမှာဟု ကြိုပြောမထားခြင်းဖြစ်သည်။ ကိုရိုးကွန့်မှာ ဤမျှ စကားနည်း ဣန္ဒြေကြီးသောကြောင့်လည်း သူ့ညီ၊ အင်မတန် မြူးတူးသွက်လှလှသော ကာတွန်းဆရာမှာ အစ်ကိုရှေ့ ရောက်လျှင် ကြောင်တစ်ကောင်ရှေ့ရောက်နေသော ကြွက်ကလေးကဲ့သို့ အသံမပေးရဲ ငြိမ်ကုတ်နေခြင်းဖြစ်ပါ၏။ နို့မို့ဖြင့် … မလွယ်။

ကဲ … ထားပါတော့။
ဤသို့ဖြင့် … ဘူတာကြီးအရှေ့ဖက်ခြမ်းတွင် နေထိုင်ကြသော ကျွန်တော်တို့မှာ တစ်ရက်ခြားမျှ မြို့ထဲထွက်ဖြစ်ပြီး ထွက်တိုင်း လည်း လူထုတိုက်သို့ ဝင်ဖြစ်သည်။ ထိုစဉ်ကာလ … တစ်ရက်တင် ကျွန်တော် လူထုတိုက်ရောက်ခိုက် ဒေါ်ဒေါ်လူထုဒေါ်အမာက “မင်း နက်ဖြန်မနက် အားလားကွဲ့” ဟု မေးသည်။ ကျွန်တော်က “အားပါကြောင်း” ပြောတော့ “ဒါဆိုရင် နက်ဖြန်မနက် ၈နာရီမထိုးခင်၊ မင်း ကင်မရာလေး ယူပြီး တိုက်ကိုလာခဲ့ကွဲ့၊ ဒီရောက်မှ ကော်ဖီသောက်တာပေါ့ …။ မလွန်ဆန်လှူသင်းမှာ နယ်က ငွေလှူမယ့် ပွဲရှိတယ်။ ငါတို့ သွားကြရအောင် …။ ဓာတ်ပုံလေးဘာလေး ရိုက်ကြတာပေါ့ကွယ်…” ဟု သေသေချာချာ မှာသည်။ ကျွန်တော်က “စိတ်ချပါ ဒေါ်ဒေါ် …။ ကျွန်တော် မနက် ၈နာရီမထိုးခင် လာပါ့မယ်” ဟု ပြောလိုက်သည်။

နောက်နေ့မနက် ၈နာရီမထိုးခင် ကျွန်တော် ရောက်သွားပြီး လူထုတိုက်ရှေ့ စက္ကူပန်းရုံလေးအောက် စက်ဘီးထိုးတော့ တိုက်ထဲ မှာ ဆရာကျော်ရင်မြင့်လည်း ရောက်နေသည်။ ဆရာကျော်ရင်မြင့်က ထုံးစံအတိုင်း ကျွန်တော်တို့ထက် လုံ့လဝီရိယကောင်း၏။ “လာ … ကိုဆူး၊ ဒေါ်ဒေါ်စောင့်နေညပီ။ အပေါ်တက်ရအောင်” ဟု ကျွန်တော့်ကို စောင့်ခေါ်ကာ အပေါ်ထပ်သို့ တက်သည်။ ဆရာကျော်ရင်မြင့်က ကိုညို(ဆရာညီပုလေး) အမှတ်မထင် ခရီးရှည်ကြီး ထွက်သွားကတည်းက ဒေါ်ဒေါ့်ကို သားအရင်းပမာ စောင့်ရှောက်သည်။ ဒေါ်ဒေါ့်ကို သာမက လူထုပုံနှိပ်တိုက်နှင့် စာအုပ်တိုက်၏ လုပ်ငန်းတွေကိုပါ ကူညီပေးနေသည်။ ကိုကျော်စိုးဝင်း(ဆရာကြည်လင်အေး) ကလည်း ပုံနှိပ်လုပ်ငန်း စာအုပ်တိုက်လုပ်ငန်းတွေကို ဦးစီးနေချိန် ဖြစ်ပါ၏။

(ဆက်ရန်)
ဆူးငှက်

Related posts

Leave a Comment

VOM News

FREE
VIEW