အောက်တိုဘာ ၅ – ၂၀၂၅
SS (VOM)
အခု အောက်တိုဘာလအတွင်း လေဖိအားနည်းရပ်ဝန်း နှစ်ကြိမ် ဖြစ်နိုင်ပြီး မုန်တိုင်းငယ်အဖြစ် ရောက်ရှိနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ကျော်မိုးဦးက ပြောပါတယ်။
ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလား ပင်လယ်အော်မှာ အခု အောက်တိုဘာလအတွင်း လေဖိအားနည်းရပ်ဝန်း သုံးကြိမ် ဖြစ်ပေါ်လာနိုင်တာမှာ နှစ်ကြိမ်မှာတော့ မုန်တိုင်းငယ်အဖြစ် ပိုမို အားကောင်းလာနိုင်တဲ့ အနေအထားမျိုး ရှိနေတယ်လို့ ဒေါက်တာ ကျော်မိုးဦးက ပြောပါတယ်။
နှစ်စဉ် စက်တင်ဘာ၊ အောက်တိုဘာလတွေဟာ မုန်တိုင်းရဲ့ ဒုတိယရာသီ ဖြစ်တာကြောင့် ဒီကာလတွေမှာ ဖြစ်ပေါ်တတ်တဲ့ မုန်တိုင်းတွေဟာ မြန်မာနိုင်ငံဘက်ကို ၁၅ ရာခိုင်နှုန်း၊ ၂၀ ရာခိုင်နှုန်းလောက် ရောက်ရှိ လာတတ်တဲ့အတွက် မိုးရွာသွန်းမှုတွေ ဆက်လက် ရှိနေနိုင်သေးတယ်လို့ ဆိုပါတယ်။
“ဒီကာလမှာဖြစ်တဲ့ မုန်တိုင်းတွေက မြန်မာနိုင်ငံဘက်ကို ကွေ့ပြီး ဝင်လာတတ်တဲ့ အနေအထားမျိုးရှိတယ်။ ဒါကို အထူးသတိပြုဖို့တော့ လိုတယ်။ အများအားဖြင့် ၇၀ ရာခိုင်နှုန်းလောက်ကတော့ အိန္ဒိယတို့၊ ဘင်္ဂလားဒေ့ရှ်တို့ သွားပေမယ့် ကျန်ခဲ့တဲ့ ရာခိုင်နှုန်းလောက်ကတော့ မြန်မာနိုင်ငံဘက် ကွေ့ဝိုက် လာတတ်တဲ့အတွက် ဒါမျိုးလေးတွေကိုလည်း သတိပြုဖို့ လိုပါတယ်” လို့ ဒေါက်တာကျော်မိုးဦးက ပြောပါတယ်။
ဒါအပြင် လက်ရှိ တောင်တရုတ် ပင်လယ်ပြင် အတွင်းမှာလည်း တိုင်ဖွန်းမုန်တိုင်း “မတ်မို” ဖြစ်ပေါ်နေပြီး မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနရဲ့ ဒီကနေ့ အောက်တိုဘာ ၅ ရက်၊ မနက် ၁၀ နာရီခွဲအချိန် တိုင်းထွာချက်တွေအရ အဲဒီ တိုင်ဖွန်းမုန်တိုင်းဟာ အနောက် – အနောက်မြောက်ဘက်ကို ဆက်လက် ရွေ့လျားလျက်ရှိကာ တရုတ်နိုင်ငံ၊ ကျန်ကျမ်းမြို့ (Zhanjiang) ရဲ့ အရှေ့တောင်ဘက် ရေမိုင် ၅၀ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေတယ်လို့ သိရပါတယ်။
အဲဒီ တိုင်ဖွန်းမုန်တိုင်းဟာ မြန်မာစံတော်ချိန် ၁၀ နာရီခွဲအချိန်မှာ မြောက်လတ္တီကျု ၂၀ ဒသမ ၇ ဒီဂရီနဲ့ အရှေ့လောင်ဂျီကျု ၁၁၁ ဒသမ ၁ ဒီဂရီမှာရှိနေပြီး ဗဟိုချက် လေဖိအား ၉၇၅ ဟက်တိုပါစကယ်နဲ့ အမြင့်ဆုံး လေတိုက်နှုန်း တနာရီကို ၇၅ မိုင် နှုန်းခန့် ဖြစ်တယ်လို့ သိရပါတယ်။
ဒါကြောင့် နောက် ၂၄ နာရီအတွင်း ရန်ကုန်မှ တနင်္သာရီ ကမ်းရိုးတန်းတလျှောက် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်သလို ရန်ကုန်မှ ရခိုင်ကမ်းရိုးတန်း တလျှောက်မှာလည်း နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်တယ်လို့ သိရပါတယ်။
တနင်္သာရီ ကမ်းရိုးတန်းတလျှောက်နဲ့ ရခိုင်ကမ်းရိုးတန်း တလျှောက်မှာ ရံဖန်ရံခါ မိုးသက်လေပြင်းတွေ ကျရောက်ကာ လှိုင်းကြီးနိုင်ပြီး မိုးသက်လေပြင်း ကျစဉ် ရေပြင်/မြေပြင်လေဟာ တနာရီကို ပင်လယ်မိုင် ၁၀ မိုင်မှ ၁၅ မိုင်အထိ၊ တခါတရံ ၂၅ မိုင်အထိ တိုက်ခတ်နိုင်သလို လှိုင်းအမြင့်ကတော့ ၆ ပေမှ ၈ ပေခန့်အထိ ရှိနိုင်တယ်လို့ သိရပါတယ်။
ဒါအပြင် လက်ရှိအချိန်ဟာ မုတ်သုံ ဆုတ်ခွာတဲ့ ကာလဖြစ်တာကြောင့် လေထု မငြိမ်သက်မှုတွေ ရှိနိုင်ပြီး အဓိက ကတော့ မိုးတိမ်တောင် ဖြစ်စဉ်တွေ များနိုင်တယ်လို့ မိုး/ဇလ ညွှန်ချုပ်က ပြောပါတယ်။
ဒါကြောင့် မိုးတိမ်တောင်တွေ ဖြစ်ပေါ်ရာ လမ်းကြောင်းတလျှောက်မှာ လေပြင်းတိုက်တာ၊ မိုးသီးကြွေတာအပြင် လျှပ်စီးလက်ပြီး မိုးကြိုးပစ်တာတွေလည်း ဖြစ်ပေါ်နိုင်တယ်လို့ သူက ပြောပါတယ်။
“ဒါကတော့ မြန်မာနိုင်ငံ အရပ်ရပ်မှာ မုတ်သုံဆုတ်တာကို တချက် သတိထားရမယ့် အနေအထားပေါ့။ နောက်တခုကတော့ ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်ပြင်မှာ ဖြစ်လာနိုင်တဲ့ မုန်တိုင်းတွေရဲ့ အခြေအနေပေါ့၊ ဒီဟာမျိုးတွေကိုလည်း စောင့်ကြည့်ပြီး သတိပြုဖို့လိုတယ်” လို့ သူက ပြောပါတယ်။
ဒါအပြင် ဒီကာလမှာ တောင်တရုတ် ပင်လယ်ပြင်မှာ ဖြစ်ပေါ်တတ်တဲ့ အပူပိုင်းမုန်တိုင်းတွေ၊ တိုင်ဖွန်း မုန်တိုင်းတွေကိုလည်း သတိပြုရမှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။
တောင်တရုတ် ပင်လယ်ပြင်မှာ ဖြစ်ပေါ်တတ်တဲ့ အပူပိုင်း မုန်တိုင်းတွေဟာ ဗီယက်နမ်နိုင်ငံကို ဖြတ်သန်းပြီးတဲ့အခါ သူ့ရဲ့ အကြွင်းအကျန် တိမ်တိုက်တွေကြောင့် မြန်မာနိုင်ငံဘက်မှာ မိုးများနိုင်တဲ့ အနေအထားမျိုးတွေ ရှိတဲ့အတွက် အဲဒီ မုန်တိုင်းတွေကိုလည်း အမြဲမပြတ် စောင့်ကြည့်ဖို့တော့ လိုတယ်လို့ သူက ပြောပါတယ်။
“ဒီမုန်တိုင်းကြောင့်ပဲ ပြီးခဲ့တဲ့ နှစ်တွေက ဒီရာသီမှာ ရေကြီးရေလျှံမှုတွေ ဖြစ်တယ်။ ဒါကြောင့် ဒီလို ဖြစ်စဉ်မျိုးတွေ အထူး သတိပြုဖို့တော့ လိုတယ်။ များသောအားဖြင့် အခု နောက်ပိုင်းကတော့ ရာသီဥတု ပြောင်းလဲလာတဲ့ အနေအထားပေါ် မူတည်ပြီးတော့မှ မိုးရွာသွန်းမှု ပုံစံတွေကလည်း ပြောင်းလဲလာတဲ့ အခြေအနေမျိုးရှိတယ်။ အချိန်တိုတိုလေး အတွင်းမှာပဲ မိုးအမြောက်အများကို သွန်ချသလို ရွာနိုင်တယ်။ ပြီးသွားရင်တော့ ပြန်တိတ်သွားပြီးတော့မှ ခဏလေးအတွင်း ရွာလိုက်တဲ့မိုးကြောင့် ရုတ်တရက် ရေပြည့်၊ ရေကြီးရေလျှံမှုတွေ ဖြစ်တတ်တယ်။ ဒါမျိုးလေးတွေကိုလည်း သတိပြုဖို့ လိုပါတယ်” လို့ သူက ပြောပါတယ်။
ဒါအပြင် အခုနှစ် မိုးရာသီကာလအတွင်း မုတ်သုံအထွက် အနည်းငယ် နောက်ကျမှုတွေ ရှိနေတာမှာ မြန်မာနိုင်ငံ မြောက်ပိုင်းကနေ မုတ်သုံ ဆုတ်ခွာမှုကို စက်တင်ဘာလ ၁၅ ရက်ကနေ ၂၀ ရက်အတွင်း ခန့်မှန်းထားပေမယ့် စက်တင်ဘာ ၂၂ ရက်နေ့မှသာ မုတ်သုံ ဆုတ်ခွာသွားတာကြောင့် နှစ်ရက်လောက် နောက်ကျခဲ့တယ်လို့ သူက ပြောပါတယ်။
အဲဒီလိုပဲ မြန်မာနိုင်ငံ အလယ်ပိုင်းအတွက်ကိုလည်း မုတ်သုံအထွက်ကို စက်တင်ဘာ ၂၅ ရက်နေ့လို့ ခန့်မှန်းထားပေမယ့် စက်တင်ဘာ ၂၈ ရက်နေ့လောက်မှသာ မုတ်သုံ ဆုတ်ခွာသွားတဲ့အတွက် သုံးရက်လောက် နောက်ကျခဲ့တာ ဖြစ်တယ်လို့ သူက ပြောပါတယ်။
အခုလို မုတ်သုံအထွက် နောက်ကျတာဟာ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလား ပင်လယ်အော်မှာဖြစ်တဲ့ လေထု မငြိမ်သက်မှုတွေကြောင့် ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း လေဖိအားနည်းရပ်ဝန်း လေးကြိမ်လောက် ရှိခဲ့တဲ့အတွက် ဖြစ်တယ်လို့ သူက ပြောပါတယ်။
အဲဒီလို လေဖိအားနည်းရပ်ဝန်းတွေ ဖြစ်ပေါ်နေတာကြောင့် မုတ်သုံလေ အကြိမ်ကြိမ် ပြန်လည် အားကောင်းလာတဲ့ အနေအထားမျိုး ရှိခဲ့တဲ့အတွက် မုတ်သုံအထွက် နောက်ကျခဲ့တာ ဖြစ်တယ်လို့ သူက ပြောပါတယ်။
ဒါအပြင် တောင်တရုတ် ပင်လယ်ပြင်မှာ ဖြစ်ပေါ်ခဲ့တဲ့ တိုင်ဖွန်းမုန်တိုင်းရဲ့ အကြွင်းအကျန် တိမ်တိုက်တွေကလည်း မြန်မာနိုင်ငံအတွင်း မိုးရွာသွန်းစေခဲ့တဲ့အတွက် ဒီအချက်ကလည်း မုတ်သုံ ဆုတ်ခွာမှုကို နှောင့်နှေး ကြန့်ကြာစေခဲ့တယ်လို့ သူက ပြောပါတယ်။
ဒါပေမယ့်လည်း ပြီးခဲ့တဲ့နှစ်တွေက ဖြစ်စဉ်တွေနဲ့ နှိုင်းယှဉ်ကြည့်မယ် ဆိုပါက အခုနှစ်မှာ မုတ်သုံအထွက် နောက်ကျတယ်လို့ ပြောလို့မရဘဲ မုတ်သုံ ထွက်ခွာတာတွေဟာ လွန်ခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်လောက်ကနေ စပြီး တနိုင်ငံလုံး အတိုင်းအတာအနေနဲ့ ဆိုပါက အောက်တိုဘာ လလယ်လောက်မှသာ ထွက်ခွာတာမျိုး တွေ့ရတယ်လို့ သူက ပြောပါတယ်။
Photo – DMH
