ဂါဇာစီးတီး၊ အောက်တိုဘာ-၁၁-၂၀၂၅
ရတီ(VOM)
အစ္စရေး နဲ့ ဟားမတ်စ်တို့ကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ဟာ သောကြာနေ့မနက်မှာ အသက်ဝင်ပြီးနောက် ဂါဇာကမ်းမြောင်ဒေသမှ တပ်ဖွဲ့ဝင်တွေကို တစိတ်တပိုင်း ရုပ်သိမ်းလိုက်ကြောင်း အစ္စရေးစစ်တပ်က ပြောပါတယ်။
တပ်ဖွဲ့ဝင်တွေဟာ ဂါဇာကမ်းမြှောင်တဝက်ကို သိမ်းပိုက်ထားဆဲဖြစ်ပေမယ့်လည်း နယ်မြေအတွင်း သဘောတူထားတဲ့ အနေအထားအထိ ပြန်ဆုတ်သွားပြီဖြစ်တယ်လို့ အစ္စရေးက ဆိုပါတယ်။
မကြာသေးမီလများအတွင်း အစ္စရေးတပ်ဖွဲ့ရဲ့ ပြင်းထန်စွာ ဗုံးကြဲတိုက်ခိုက်မှုကို ခံခဲ့ရတဲ့ ဂါဇာကမ်းမြောက်ပိုင်းကို ထောင်နဲ့ချီတဲ့ ပါလက်စတိုင်းတွေ ပြန်နေကြပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ရဲ့ အပစ်အခတ်ရပ်စဲရေးနဲ့ ဓားစာခံတွေ ပြန်လည်ပို့ဆောင်ရေး သဘောတူညီချက် ပထမအဆင့်ကို အစ္စရေးအစိုးရက ကြာသပတေးနေ့မှာ အတည်ပြုပြီးနောက် အပစ်အခတ်ရပ်စဲရေး အသက်ဝင်ခဲ့ပါတယ်။ နောက်အဆင့်တွေကိုတော့ ဆက်လက်ညှိနှိုင်းနေဆဲပါ။
သဘောတူညီချက်အရ ဟားမတ်စ်ဟာ ဂါဇာမှာ ဖမ်းဆီးခံထားရပြီး အသက်ရှင်နေသေးတယ်လို့ ယူဆရတဲ့ အစ္စရေး ဓားစာခံ ၂၀ အပါအဝင် ကျန်ရှိနေတဲ့ ဓားစာခံ ၂၈ ယောက်ကို တနင်္လာနေ့ ဒေသစံတော်ချိန် မနက် ၁၂ နာရီမှာ ပြန်လွှတ်ပေးရမှာပါ။
အပြန်အလှန်အားဖြင့် အစ္စရေး အကျဉ်းထောင်တွေမှာ တသက်တကျွန်း ကျခံနေရတဲ့ ပါလက်စတိုင်း အကျဉ်းသား ၂၅၀ ခန့်ကိုလည်း လွှတ်ပေးရမှာဖြစ်ပြီး ဂါဇာကမ်းမြောင်ကနေ ဖမ်းဆီးလားတဲ့ နောက်ထပ် ပါလက်စတိုင်း ၁၇၀၀ ကိုလည်း ပြန်လွှတ်ပေးမှာ ဖြစ်ပါတယ်။
သဘောတူညီချက်အရ ဂါဇာကမ်းမြှောင်အတွက် လိုအပ်တဲ့ အကူအညီတွေကို အတားအဆီးမရှိ ဝင်ရောက်ခွင့်ပြုမှာဖြစ်ပြီး သောကြောနေ့ကစပြီး ကုန်တင်ကား အစီးရေ ၆၀၀ ကျော်ဟာ ဂါဇာကိုဝင်ရောက်ခွင့်ရမှာ ဖြစ်ပါတယ်။
သီးခြားအနေနနဲ့ ဂါဇာအပစ်အခတ်ရပ်စဲရေးကို စောင့်ကြည့်ဖို့ အရှေ့အလယ်ပိုင်းမှာ အခြေစိုက်ထားတဲ့ အမေရိကန်တပ်ဖွဲ့ဝင် ၂၀၀ အထိ အစ္စရေးသို့ ပြောင်းရွှေ့သွားမယ်လို့ အမေရိကန်တာဝန်ရှိသူတွေက ပြောပါတယ်။
Ref:BBC
Photo:Reuters
