ပြည်တွင်းအခွန်များ ဦးစီးဌာနရဲ့ ဝက်ဘ်ဆိုက်ကို ပုံတူကူးပြီး လိမ်လည်မှုတွေ ရှိနေ

အောက်တိုဘာ ၁၁ – ၂၀၂၅
SN (VOM)
လက်ရှိမှာ မသမာသူတွေဟာ ပြည်တွင်းအခွန်များ ဦးစီးဌာန (IRD) ရဲ့ တရားဝင် ဝက်ဘ်ဆိုက်ကို ပုံတူကူးပြီး ငွေကြေးနဲ့ ကိုယ်ရေး အချက်အလက်တွေကို လိမ်လည်ရယူမှုတွေ ရှိနေတယ်လို့ အခွန်ထမ်း ပြည်သူတွေက ပြောပါတယ်။
မသမာသူတွေဟာ အခွန်ထမ်း ပြည်သူတွေဆီကို အရင်ဆုံး ဖုန်းဆက်ကာ ဆက်သွယ်လာကြတာ ဖြစ်ပြီး အခွန်ဆောင်ထားတဲ့ အချက်အလက် မှန်၊ မမှန် စစ်ဆေးရမှာ ဖြစ်တဲ့အကြောင်း ပြောဆိုလာကြတာ ဖြစ်တယ်လို့ သိရပါတယ်။
အဲဒီနောက် Viber ကနေ အခွန်ဆောင်ရမယ့်သူရဲ့ နာမည်၊ မွေးသက္ကရာဇ်၊ မှတ်ပုံတင်၊ အိမ်လိပ်စာ၊ ဆိုင်လိပ်စာ၊ အခွန်ထမ်းအမှတ်၊ ဖုန်းနံပါတ်၊ အီးမေးလ် စတာတွေကို ပေးပို့ပြီး အချက်အလက် မှန်၊ မမှန် စစ်ဆေးစေတယ်လို့ သိရပါတယ်။
ဒါနဲ့ ပတ်သက်လို့ အခွန်ထမ်း ပြည်သူတယောက်က “Viber ကနေ သူပို့ပေးတဲ့ အချက်အလက်တွေကလည်း အကုန်မှန်နေတယ်။ ‌ပြီးတော့ အခွန်ဦးစီးငှာနရဲ့ link တခုကို ထပ်ပို့ပေးပြီး အဲဒီ link ထဲ ဝင်ခိုင်းတယ်။ Application ကို download လုပ်ခိုင်းတယ်။ သူ့ရဲ့ ဝက်ဘ်ဆိုက်ကလည်း ဝင်ကြည့်လိုက်တော့ အခွန်ရုံးအတိုင်း အကုန်တူနေတယ်” လို့ ပြောပါတယ်။
ဒါကြောင့် သေချာအောင် Google မှာ အခွန်ရုံး ဝက်ဘ်ဆိုက်ကို ရှာကြည့်မှသာ အတုပြုလုပ်ထားတဲ့ link နဲ့ software ဖြစ်နေတယ်လို့ သူက ပြောပါတယ်။
“သူပေးတဲ့ ဝက်ဘ်ဆိုက်ထဲက Application ကို download ဆွဲတော့ Android ဖုန်း မဟုတ်တဲ့အတွက် မရဘူး။ အဲဒီတော့ သူက Viber call နဲ့ ဆက်သွယ်လာပြီး သူတို့ software က store မရသေးတဲ့အတွက် Android ဖုန်းနဲ့ ရအောင် install လုပ်ဖို့ အကြံပြုသေးတယ်။ တဖြည်းတဖြည်းနဲ့မှ လိမ်နေမှန်း ရိပ်မိလာလို့ အဲဒီ link ကို download မလုပ်မိလိုက်ဘူး။ download သာ လုပ်လိုက်ရင်တော့ ကိုယ့်ရဲ့ Kpay အကောင့်ထဲက ရှိသမျှပိုက်ဆံတွေ အကုန်ပါပြီပဲ” လို့ သူက ပြောပါတယ်။
မသမာသူတွေ ပို့ပေးလာတဲ့ link ကတော့ https://ird.arugo.cc ဖြစ်ပြီး အဲဒီ link ထဲ ဝင်လိုက်မိပါက မိမိရဲ့ Kpay ထဲက ပိုက်ဆံတွေသာမက မိမိဖုန်းထဲရှိ ဖုန်းနံပါတ်တွေ အကုန်လုံး အပါအဝင် ရှိသမျှ အချက်အလက်တွေကို တဖက်လူက ရရှိသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
“သူတို့ ဖုန်းဆက်လိုက်ရင်လည်း အသည်းအသန်၊ အခုချက်ချင်းမှ မလုပ်ရင် တခုခုဖြစ်တော့မယ့် ပုံစံနဲ့ ပြောကြတာ။ Viber မှာ တင်ထားတဲ့ ဓာတ်ပုံကလည်း ပြည်တွင်းအခွန်များ ဦးစီးဌာနတဲ့။ အခွန်ဆောင်ထားတဲ့ Data တွေကလည်း အတိအကျ မဟုတ်‌တောင် လနဲ့ နှစ်က တူတယ်” လို့ နောက်ထပ် အခွန်ထမ်း ပြည်သူတယောက်က ပြောပါတယ်။
ဒီလိမ်လည်မှု ဖြစ်စဉ်မှာ တချို့သော အခွန်ထမ်း ပြည်သူ‌တွေကတော့ မသမာသူတွေ ပေးပို့လာတဲ့ link ကို download လုပ်ပြီးတဲ့နောက် အချိန် မိနစ်ပိုင်းအတွင်းမှာပဲ ၎င်းတို့ရဲ့ Kpay အကောင့်ထဲရှိ ငွေကြေးတွေ အကုန် ဆုံးရှုံးလိုက်ရသလို ကိုယ်ရေးအချက်အလက်တွေ အားလုံးလည်း ပါသွားတယ်လို့ သိရပါတယ်။
“သူက အခွန်အမှတ်စဉ်၊ ဖုန်းနံပါတ်၊ နေရပ်လိပ်စာ၊ လုပ်ငန်းအမျိုးအစား၊ အခုနှစ် ဆောင်ရမယ့် အခွန်ငွေကအစ စာရွက်အရင်ပို့ပြီး ဆောင်ခိုင်းတာ။ ပြီးမှဆောင်မယ်လို့ ပြောလိုက်တော့ အွန်လိုင်းကလည်း အခွန်ဆောင်လို့ရတယ်၊ ဆော့ဖ်ဝဲရှိတယ် ဆိုပြီး download လုပ်ခိုင်းတာ။ အဲဒီ ဆော့ဖ်ဝဲကို down ပြီး ၅ မိနစ်အတွင်းမှာပဲ သူက Kpay ထဲက ပိုက်ဆံတွေအကုန် ဝင်ထုတ်သွားတယ်။ ကိုယ်ရေးအချက်တွေလည်း အကုန်ပါတယ်” လို့ နောက်ထပ် အခွန်ထမ်း ပြည်သူတယောက်က ပြောပါတယ်။
အခုလို လိမ်လည်မှုတွေဟာ anydask လိုမျိုး App ကို icon ပြောင်းပြီး ဝင်ခိုင်းတာဖြစ်ကာ ကိုယ့်ဘက်က consant လုပ်လိုက်ပြီ ဆိုပါက ကိုယ့် screen ကို ထိန်းချုပ်လို့ ရသွားတာမျိုး ဖြစ်တယ်လို့ နည်းပညာ ကျွမ်းကျင်သူ တယောက်က ပြောပါတယ်။
အခုလို လိမ်လည်နေမှုတွေနဲ့ ပတ်သက်လို့ ပြည်တွင်းအခွန်များ ဦးစီးဌာန (IRD) က လက်ရှိမှာ မသမာသူတွေဟာ ဌာနရဲ့ ဝက်ဘ်ဆိုက်ကို ပုံတူကူးပြီး အခွန်ထမ်း ပြည်သူတွေရဲ့ ကိုယ်ရေး အချက်အလက်တွေကို ဆိုရှယ်မီဒီယာမှတဆင့် ဖြစ်စေ၊ တယ်လီဖုန်းနဲ့ ခေါ်ဆိုဆက်သွယ်ပြီး ငွေကြေးတောင်းခံခြင်းတွေ ပြုလုပ်လျက်ရှိတယ်လို့ အသိပေး ကြေညာထားပါတယ်။
မသမာသူတွေဟာ ဝက်ဘ်ဆိုက်အတုကို ဝင်ရောက်စေပြီး Mobile Application ကို Download လုပ်ဖို့ သွေးဆောင် ဖြားယောင်းလျက် ရှိတဲ့အတွက် အထူး သတိပြုကြစေလိုတယ်လို့ ဆိုပါတယ်။
ဒါနဲ့ ပတ်သက်လို့ IRD မှ တာဝန်ရှိသူတယောက်ကို VOM က ဆက်သွယ် မေးမြန်းရာမှာတော့ “ဘယ်လို အလုပ်ကိစ္စမျိုးကိုပဲ ဖြစ်ဖြစ် ဌာနက Viber နဲ့ ဆက်သွယ်တာမျိုး လုံးဝ မရှိပါဘူး။ အဲဒီလို ဆက်သွယ်လာရင်လည်း IRD ဌာန လုံးဝ မဟုတ်ကြောင်း ပြည်သူတွေ ရှင်းရှင်းလင်းလင်း သိထားစေချင်ပါတယ်။ ဒီလို ဖြစ်စဉ်တွေ မကြာခဏ ဖြစ်ပွားနေတဲ့အတွက် ကျွန်တော်တို့ ဝက်ဘ်ဆိုက်မှာလည်း တရား၀င် ကြေညာထားပြီး ဖြစ်ပါတယ်။ နောက်တခု သတိထားရမှာက ဘယ်ရုံးမဆို ဘယ်တော့မှ အွန်လိုင်းနဲ့ အလုပ် မလုပ်ပါဘူး။ ရုံးစာပဲ အရင်ပို့ပါတယ်” လို့ ပြောပါတယ်။
ဒါအပြင် ဒီလို လိမ်လည်မှုတွေနဲ့ ပတ်သက်လို့ ထိထိရောက်ရောက် အရေးယူ၊ ကာကွယ်မှုအပိုင်းနဲ့ အခွန်ထမ်း ပြည်သူတွေရဲ့ အချက်အလက်တွေ မသမာသူတွေဆီ မည်သို့မည်ပုံ ရောက်ရှိနေတာလဲ ဆိုတာကို ထပ်မံမေးမြန်းရာမှာတော့ နောက်မှသာ ဖြေကြားပေးပါ့မယ်လို့ ပြန်လည် ပြောဆိုခဲ့ပါတယ်။
အခုလို ပြည်တွင်းအခွန်များ ဦးစီးဌာန (IRD) ရဲ့ တရားဝင် ဝက်ဘ်ဆိုက်ကို ပုံတူကူးယူကာ အချက်အလက်တွေ အားလုံးကို ထပ်တူနီးပါး မှန်ကန်အောင် ပေးပို့၊ လိမ်လည်နေတာဟာ အဲဒီ ဌာနရဲ့ server hack ခံရပြီး အခွန်ထမ်း ပြည်သူတွေရဲ့ Data အားလုံး ပေါက်ကြားထားတာ ဖြစ်နိုင်သလို ကမ္ဘောဇ ဘဏ်ဘက်ကလည်း security ကျိုးပေါက်နေတာ ဖြစ်နိုင်တယ်လို့ ပြည်သူတွေကြား ဝေဖန် ‌ပြောဆိုမှုတွေ ရှိနေပါတယ်။
ဒါအပြင် အစိုးဌာနတွေရဲ့ ဝက်ဘ်ဆိုက် လိပ်စာတွေဟာ နောက်ဆုံးမှာ gov.mm နဲ့သာ အဆုံးသတ်လေ့ ရှိပြီး လက်ရှိ မသမာသူတွေ ပေးပို့ လိမ်လည်လျက်ရှိတဲ့ ဝက်ဘ်ဆိုက် လိပ်စာကတော့ ‘cc’ နဲ့ အဆုံးသတ်ထားတဲ့အတွက် ကြိမ်းသေ ကျားဖြန့် ဖြစ်နိုင်တယ်လို့လည်း ပြောဆိုလျက် ရှိကြပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW