သူတို့အိမ် အခန်း – ၁၈

ဆူးငှက်
ငယ်ငယ်က ဝါသနာ
————————–
ကျွန်တော် ငယ်စဉ်က အဘနှင့် လိုက်ကာ ဆိုင်းတွေ အငြိမ့်တွေ ဇာတ်တွေ ကြည့်နေလို့ ဆိုင်းဆရာ ဖြစ်ချင်တာလား၊ လူပြက်ဖြစ်ချင်တာလား၊ ဇာတ်မင်းသား ဖြစ်ချင်တာလား ဆိုသည်ကို အခုပြန်စဉ်းစားတော့ တစ်ခုမှ မဟုတ်။ တကယ်တော့ အိမ်နှင့် အိမ်ဝန်းကျင်မှာ ရွယ်တူ ကစားဖော်မရှိဘဲ နိစ္စဓူ၀ ဒီလူကြီးတွေအနားပဲ လူကြီး စကားတွေချည်း နားထောင်နေရလို့ အပြင်ကို လူအများကြား နေလိုခြင်း သွားလိုခြင်း ကြားလိုခြင်း ဖြစ်ပေမည်။ ကျောင်းတွင်း သီချင်းဆိုပြိုင်ပွဲမှာ အလဲလဲ အကွဲကွဲမို့ ထိုပညာရပ်များတွင် အဖြစ်မရှိမှန်း ငယ်စဉ်ကတည်းက သိသာနေပါပြီ။ သို့သော် တစ်ခုတော့ ရှိသည်။ ငယ်စဉ်က ဝါသနာပါသည်က ပန်းချီ ပုံဆွဲ ဖြစ်လိမ့်မည်။ အင်း… ဒါလည်း သိပ်မရေရာလှပေ။
သတိထားမိတာ တစ်ခုကတော့ ဒက္ခိဏဝံကျောင်းထဲက အလှူများ မကြာခဏ ရှိသည်။ ထိုစဉ်က အလှူများမှာ မဏ္ဍပ်ကြီး ထိုး၍ လှူကြခြင်းဖြစ်သည်။ အများဆုံးလှူကြတာက ဆရာတော်ဦးပဏ္ဏဝံကျောင်းမှာ ဖြစ်သည်။ ကိုယ်စာသင်သော ကျောင်းရှေ့ ကန်တော့ပွဲထိုး၍ မဏ္ဍပ်တိုင်ထူလျှင် ပျော်နေပါပြီ။ နောက် ၂ရက်သုံးရက်နေလျှင် မဏ္ဍပ်လာဆင်တော့မည်။ ထိုအခါ မဏ္ဍပ်တိုင်ထူ အဖြူထည်ဆောက်သည်မှ အစ ကျွန်တော် ထိုင်ကြည့်သည်။ အထူးသဖြင့် အသင့်ပြုလုပ်ထားသော မြန်မာမှု မဏ္ဍပ်ထည်တွေ ဆင်တာကို သဘောကျသည်။ ဘယ်အထည်ကို ဘယ်နေရာမှာ ဘယ်လိုဆင်သလဲဆိုတာ ကြည့်ရုံမက မှတ်သည်။ နောက် ကြည့်ဖန်များတော့ မှတ်မိနေသည်။ အထူးသဖြင့် အပေါ်မုခ် ဆင်ပြီးလျှင် ပြာသာဒ်ဆင်တော့မှာမို့ အောက်မှာ ပြာသာဒ်ဘုံတွေကို သူ့အပိုင်းနှင့် သူဆင့်တင်ပြီဆိုလျှင် အနားကပ်ကာကြည့်သည်။
သည်နေရာတွင် မန္တလေးက မဏ္ဍပ်များ ဆင်ပုံ ထုံးစံစံနစ်ကို ပြောပါဦးမည်။ မင်္ဂလာဆောင်မဏ္ဍပ်ဆိုလျှင် အပေါ်မှာ မုခ်ဦးဆောင်ပဲ ထည့်သည်။ အလှူမဏ္ဍပ်ဆိုလျှင် မုခ်ဦးဆောင်သာမက ဘုံ၇ဆင့် ပြာသာဒ်ပါ ထည့်သည်။ အလှူမဏ္ဍပ်သာမက ဘာသာရေးနှင့် ပတ်သက်သော ဘုရားပွဲမဏ္ဍပ် တရားပွဲမဏ္ဍပ် နှင့် ဘုန်းကြီးပျံ စံကျောင်း မဏ္ဍပ်အထိ ပြာသာဒ် ထည့်သည်။ ဘုန်းကြီးပျံ မဏ္ဍပ်ဆိုလျှင် ပြာသာဒ် ၃ဆောင် ထည့်သည်။
ကျွန်တော်က ဘာရယ်မသိ ငယ်စဉ်ကတည်းက ထိုအပြင်အဆင်များကို စိတ်ဝင်စားသည်။ ထို့ကြောင့် ဒက္ခိဏဝံ ကျောင်းဝင်းနှင့် အနီးအနား ကျောင်းတွေမှာ မဏ္ဍပ်ထိုးပြီဆိုလျှင် တမေ့တမော ထိုင်ကြည့်သည်။ နောက်တော့ ကြည့်ဖန်များလာ၍ မဏ္ဍပ်ထည်တွေ လာချ ကတည်းက ဘယ်သူ့ မဏ္ဍပ်ပဲဆိုတာ အလွတ်ရလာ၏။ တိုင်ဆင်း လင်းနို့တောင်က ဟင်္သာဆိုရင် ဆရာနွဲ့၊ နယားဆိုရင် ဆရာကြွယ်၊ ကနုတ်ဆိုလျှင် ဦးပေါများ၊ နဂါးဆိုလျှင် ဦးဉာဏ်တင်၊ ဒေါင်းဆိုလျှင် ဦးအုန်းမောင် စသည်ဖြင့် ဖြစ်သည်။
ကရဝိက်ဖောင်
—————
ထိုမျှမက ဘုန်းကြီးပျံဆိုလျှင် ၃တန်လော်ရီကားကြီးနှင့် ကရဝိက်ဖောင်ကို ဆင်သည်။ ထို ကရဝိတ်ဖောင်၏ ဦးခေါင်းအချိုးတွေကိုလည်း စိတ်ဝင်တစား ကြည့်သည်။ မန္တလေးမဏ္ဍပ်ဆရာများ၏ ကရဝိက်ဖောင်များက အလွန် အချိုးကျ၏။ ခေါင်းပိုင်း အချိုးတွေက ကြော့နေအောင်လှသည်။ ထို့ပြင် တောင်ပံ၂ဖက် ဝမ်းပိုက်နှင့် အမြီးအကော့တွေ ကလည်း အချိုးုကျ လိုက်ဖက်သည်။ ထိုမျှမကအပေါ်က ပြာသာဒ်ဆောင်ကလည်း မဏ္ဍပ်ဆရာ တစ်ဦးချင်းစီအလိုက် သူ့ဟန်သူ့မူနှင့်ရှိသည်။ မှတ်မိပါသေးသည်။
ငယ်စဉ်က ကိုကိုစိန်လှိုင်တို့ ခြေနင်းအလုပ်ခွင် ခုတင်ကြီးနားသွားပြီး ဂျပ်ပေါ်မှာ မဏ္ဍပ်ပုံဆွဲပေးဖို့ တကျီကျီပူဆာသည်။ မအားကြလို့ ကျွန်တော့် အလိုမလိုက်နိုင်ကြပေ။ နောက်ဆုံး နားပူကြသောကြောင့် ခုတင်အောက်က ဂျပ်စက္ကူအညိုရောင် အသစ်ကြီးကကို ကိုကိုစိန်လှိုင်က ယူပြီး မြေဖြူနှင့် မဏ္ဍပ်ပုံ အကြမ်းခြစ်ပေးကာ ကပ်ကြေးနှင့် ညှပ်ပေးလိုက်သည်။ ထိုပုံကို သူတို့ ခြေနင်းကြိုးထိုးလျှင် ထိုင်သည့် ခွေးခြေခုံပုလေးကို ကပ်ပြီး မဏ္ဍပ်ဆောက်တမ်း ကစားလို့ ကိုကိုစိန်လှိုင်တို့က မင်းဟာကကွာ ဒို့အလုပ်လုပ်ရဦးမှာပါ ခုံလေးတော့ ပြန်ပေးပါဦးဟု တောင်းယူရသည်။
လာလေ စောစောသွားမှ ဒို့နေရာရမယ်
————————————–
ဇာတ်ကြည့်တယ်ဆိုတာမှာလည်း ဇာတ်၏ အဆို အက ဇာတ်လမ်း ဇာတ်ကွက်သာမက ဇာတ်ခုံ အပြင်အဆင် ဇာတ်ဝင်ခန်း ဆက်တင်များကိုလည်း သဘောကျသည်။ ငယ်စဉ်က အိမ်ဘေးမှာ ကစားသည့် ကစားနည်းတစ်ခုမှာ ဇာတ်ခုံဆောက်ခြင်းဖြစ်သည်။ ဒီကစားနည်းက အဖော်မလို တစ်ယောက်တည်း ကိုယ့်စိတ်ကူးနှင့် ကိုယ် ကစားနိုင်သည်။ ကျွန်တော်ကစားသော ဇာတ်စင်က နဖူးစည်းနှင့် တိုင်ဖုံးနှင့် ပုဏ္ဏားကွယ်နှင့် ပြည်ဖုံးကားနှင့် နန်းကားနှင့် တောကားနှင့် မြို့ကားနှင့် အပြည့်အစုံပါသည်။
ပြည်ဖုံးကားမှာလည်း ရင်ကွဲအဖွင့်ရော အပေါ်လိပ်တင် အဖွင့်ရော အင်္ဂါစုံသည်။ ဒါမျှမက နောက်က ပိတ်ကားဖြူနှင့် ဆလိုက်နှင့် ပါသေးသည်။ ကျွန်တော် ဇာတ်ခုံဆောက်တမ်းကစားလျှင် အဘ၏ ခေါင်းပေါင်းပုဝါ အဟောင်းတွေ အမေ့ ကတ္တီပါလုံချည် အဟောင်းတွေကတော့ တစ်စစီဖြစ်ပြီပေါ့။ ကားလိပ်တွေအပြင် သစ်ပင် အိမ် ပလ္လင် နန်းတော် မြစ်ကမ်းစသည့် ဆက်တင်ကားချပ်များလည်း ဆင်ထားသေး၏။
တစ်နှစ်တင်က ဂျပ်စက္ကူအထူကို ဆေးခြယ် တိမ်တောင်များအဖြစ် ဂွမ်းတွေကပ် စီးကရက်ဘူးထဲက ရွှေရောင် ငွေရောင် စက္ကူများနှင့် မြတ်စွာဘုရား တာဝတိံသာက ကြွချီခန်းကို ကထိန်ညှပ်မကြီးနောက်ခံကဲ့သို့ ပြုလုပ်ဖူးသည်။ ဘယ်ရမလဲ ဘုရားနှင့် နတ်သားတွေပုံ မဆွဲတတ်တော့ အလှူဖိတ်စာဟောင်းထဲက ပုံတွေ ညှပ်ပြီး ကပ်လိုက်တာပေါ့။ ကိုင်း ငယ်ငယ်က တောက်တိုမယ်ရ ဝါသနာပါတာတွေရှိခဲ့ပေမယ့် အခုကြီးတော့ ထိုဝါသနာပါတာတွေကို ဖြစ်မြောက်အောင် မလုပ်နိုင်ခဲ့ပေ။ ဒီအကြောင်းတွေ ပြန်စဉ်းစားမိတော့ ငယ်ငယ်က မအိပ်နိုင် မစားနိုင် ဖြစ်ချင်သော ဆန္ဒတစ်ခုကိုတော့ သတိရမိပါသေး၏။ ထိုဆန္ဒက မည်မျှ ပြင်းပျခဲ့စေကာမူ မပြည့်ခဲ့၊ မဖြစ်ခဲ့ မအောင်မြင်ခဲ့တာ မှတ်မိပါသည်။
ဝင်းထိပ်က ရှမ်းအိုးစည်သံ
————————
ငယ်စဉ်က ဝါတွင်းကာလ ရောက်လျှင် ဝါဆိုလပြည့်မှသည် သီတင်းကျွတ်လပြည့်အထိ အရုဏ်တော် ဝတ်အသင်းများက ခမ်းနားစွာ လှည့်လည်ကာ မန္တလေးမြို့၏ တန်ခိုးကြီးဘုရားများထံ ဆွမ်းတော်ကြီး ကပ်လှူ ပူဇော်ကြသည်။ ယခုအခါ အချို့သော အရုဏ်တော်အသင်းကြီးများ တိမ်မြုပ်သွားကြသော်လည်း မီးပြအရုဏ်တော် အသင်း၊ ဥပုသ်တော် အရုဏ်တော်အသင်း၊ မိတ္တအရုဏ်တော်အသင်းများ ကဲ့သို့ပင် သက်တော်ရှည် ရတနာပုံဗုဒ္ဓ ဘောဇနိယဿဟအသင်းကြီး အစဉ်အလာမပျက် ခင်းကျင်း လှည့်လည်လျက် ရှိနေသည်မှာ ဝမ်းမြောက်ဖွယ်ရာ ပင်ဖြစ်ပါ၏။
ဝါဝင်သည့် ဝါဆိုလပြည့်နေ့တွင် အရုဏ်တော်အသင်းတိုင်းက မန္တလေး၏ ဦးထိပ်ထားရာ မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီးကို အခမ်းအနား အခင်းအကျင်းများဖြင့် သွားရောက် ပူဇော်ကာ ဆွမ်း၊ ပန်း၊ ရေချမ်းများ ကပ်လှူကြပြီး ကျန်ဥပုသ်နေ့များတွင် အခြားတန်ခိုးကြီး ဘုရားများသိ့ု အလှည့်ကျ သွားရောက်ပူဇော်ကြသည်။ ထိုသို့ ပူဇော်ကြရာ၌ ရတနာပုံဗုဒ္ဓဘောဇနိယ ဥဿဟအသင်းကြီးက တော်သလင်းလပြည့် အဖိတ်နေ့ ရောက်တိုင်း မင်းတုန်းမင်းကြီး ကုသိုလ်၊ ကျောက်တော်ကြီးဘုရားသို့ ခင်းကျင်း၊ လှည့်လည်သွားရောက် ပူဇော်ခြင်းကား ယနေ့တိုင် ခမ်းနားကြီးကျယ်ဆဲဖြစ်သည်။
ငယ်စဉ်က တော်သလင်းလပြည့် နားနီးလာလျှင် အလိုလိုပျော်ရွှင်လာသည်။ ညနေစောင်းသည်နှင့် ဝင်းထိပ်က ဦးမြင့်တို့ အိမ်ရှေ့တွင် မီးချောင်းများဆင်ပြီး ရှမ်းအိုးစည်ဝိုင်းက တီးလုံးတိုက်သည်။ ဦးမြင့်၏ တူဖြစ်သူ ကိုစောလွင်က ရပ်ကွက်လူငယ်များကို စုစည်းပြီး သိုင်းအဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းထား၏။ ဦးမြင့်၏ သားများ တူများဖြစ်သော ကိုလွင်တို့ ကိုကျော်တို့ ကိုဘိုးအောင်တို့ ကိုရဲမြင့်တို့ ကိုတင်နွယ်တို့ ကိုတင်ယုတို့ ကိုသန်းဝင်းတို့ ကိုနေဝင်းတို့ ကိုထွန်းမြင့်တို့ ကိုဇော်မြင့်တို့နှင့် အတူ ရပ်ကွက်ထဲက လူငယ်အချို့က ထိုသိုင်းအဖွဲ့က ရှမ်းအိုးစည်ဖြင့် ဓားသိုင်းအလှပြ ကစားကြသည်။
ရှမ်းဘောင်းဘီ ဝတ်ဆင်ကာ ကိုယ်လုံး အထက်ပိုင်း ဆေးမင် ကြောင်တွေထိုးထားသော လူငယ်များက ရှမ်းအိုးစည်ဖြင့် လှပစွာ သိုင်းကစားကြသည်။ ဓားတစ်လက်သိုင်း၊ ဓားနှစ်လက်သိုင်း၊ တုတ်သိုင်း၊ တစ်ပင်တိုင်၊ နှစ်ယောက်၊သုံးယောက် အုပ်စုလိုက် စသည်ဖြင့် သိုင်းကွက်များဖြင့် ကစားသည်။
ရှမ်းအိုးစည်က ဗေ့ဗေဗိန်၊ ဗေ့ဗေဗိန်နှင့် အိုးစည်ကြီးကို မြှောက်ကာ မော့ကာ အလှ တီးခတ်ပြသေး ၏။ တော်သလင်းလဆန်း ၉ရက်နေ့ ညကတည်းက ညစဉ် တီးလုံးတိုက်တာ။ တော်သလင်းလပြည့် အဖိတ်နေ့ နံနက်မှာတော့ ရှမ်းအိုးစည်အဖွဲ့သားများက ကြက်ဥနှစ်ရောင် ရှမ်းဘောင်းဘီ ဆင်တူ၊ ကင်းဗတ်ရှူးဖိနပ်ဆင်တူ၊ ခါးစည်းပုဝါ ရွှေဝါရောင်ဆင်တူ၊ တချို့က ရှမ်းတိုက်ပုံဆင်တူ၊ ခေါင်းပေါင်း ပုဝါနု ဆင်တူနှင့် ကျော့ရှင်းနေ၏။ အားလုံးလိုလို နှုတ်ခမ်းမွှေး ရေးရေးတော့ခြယ်ထားကြသည်။ ကိုကျော်တို့ ကိုနေဝင်းတို့ ကတော့ နဂိုနှုတ်ခမ်းမွှေးရေးရေးနှင့်မို့ မင်းသားတွေ ဖြစ်သည်။
ပျိုတိုင်းကြိုက်တဲ့ ရှမ်းအိုးစည်
—————————
နဂိုကတည်းက နှုတ်ခမ်းမွှေးထားသော ဦးမြင့်က ဆေးပြင်းလိပ်ခဲပြီး ပင်နီ ရှမ်းဘောင်းဘီကြီး တဖက်ကို ပေါင်ရင်းရောက်လု လိတ်တင်ကာ ရှမ်းတိုက်ပုံ ဝတ်ပြီး ခေါင်းပေါင်းစကို ထောင်အောင်ပေါင်းထား သည်။ သူက ရှမ်းအိုးစည်ကြီး လွယ်သည်။ သိုင်းကစားမည့် သူများက ဓားကိုယ်စီ၊ တုတ်ကိုယ်စီ ကိုင်ထားသည်။ ကျန်လူငယ်များက အသံမောင်း ကိုယ်စီ ကိုင်ကြသည်။ လူတစ်ရပ်မက ရှည်သော ဝါးလက်ခုပ်ကြီးလည်း ပါ၏။ ဝါးလက်ခုပ်ကြီးကို ဆေးခြယ်ထားသည်။
ပန်းပွားများ တပ်ဆင်ထားသည့် လင်ကွင်းသမားကတော့ အိုးစည်ပြီးလျှင် စိတ်အဝင်စားခံရဆုံး သူဖြစ်သည်။ သည်က အိုးစည်နှင့်အတူ ပန်းပွားကြီးတွေ ဖွားခနဲ ဖွားခနဲ လွင့်သွား အောင် လှပစွာ တီးခတ်သည်။ ထိုရှမ်းအိုးစည်ဝိုင်းက အကျအန ပြင်ဆင်ပြီး ဦးမြင့်အိမ်မှသည် ၈၇လမ်း ကိုင်းတန်းဈေး အနောက်ဘက်အထိ ရှမ်းအိုးစည်ကြီး တဗိန့်ဗိန် တီးခတ်ကာ ဓားသိုင်းကရင်း သွားသည်။
အိပ်မက်ထဲမှာ ဝိုင်းတော်သား
—————————-
ကိုင်းတန်းဈေး အနောက်ဘက် ၈၇လမ်းပေါ်မှာ ဟိုး မြောက်ဘက် ဆင်တံတား ခါးပြတ်ထိ ရတနာပုံ ဗုဒ္ဓ ဘောဇနိယ ဥဿဟ အသင်းက ဆိုင်းထမ်း အုပ်များနှင့်အတူ တန်းစီ နေရာယူထားကြတာ တစ်ရှည်တစ်လျား။ ရှေ့မှာ ရွှေချည်ထိုးနှင့် အသင်းဆိုင်းဘုတ်၊ ပြီးတော့ ကျိုင်း၊ သိုင်း၊ ယပ်၊ ယမားနှင့် အဆောင်အယောင်တွေ၊ ပြီးတော့ ကန်တော့ပွဲညွန့်ကြီး တင်ထားသည့် မော်တော်ယာဉ်။ ပြီးတော့ ရွှေအုပ် ငွေအုပ်များကို ပန်းရောင်စုံဖြင့် လှပစွာ ပြင်ဆင်ထားသည့် ဆိုင်းထမ်းများနှင့် ဝတ်ဖြူစင်ကြယ်ဝတ် လူငယ်များ။ ထို အုပ်ဆိုင်းထမ်းများက ရာချီပြီး ရှိသည်။
ကျွန်တော်တို့ ကလေးများမှာ ဦးမြင့်၏ ရှမ်းအိုးစည် ဝိုင်းနောက်က ကပ်လိုက်ရင်း အုပ်ကလေး ထမ်းရသည့် လူငယ်များကိုလည်း အားကျသည်။ ဓားသိုင်းကစားသည့် လူငယ်များကိုလည်း မော့ကြည့်အထင်ကြီး နေ၏။ ထိုအုပ်ကလေး အသင်းတွင် ပါဝင်ခွင့်၊ ဆင်နွှဲခွင့်ရရေးကား ဒုလ္လဘကြီးပမာတည်း။
ဟုတ်သည်။ ထိုအုပ်ဆိုင်းထမ်းများ အားလုံး ငွေထည်နှင့် မှန်စီရွှေချ ဆိုင်းထမ်းနှင့်မို့ ထိုခေတ်ကပင် ထောင်ချီတန်သည်။ သူတို့က ကုန်သည်ပွဲစား စက်ပိုင်များ သားတွေဖြစ်သည်။ ရှမ်းအိုးစည် အဖွဲ့ထဲ ပါနိုင်ဖို့ကလည်း အနည်းဆုံး ပိုက်ဆံတစ်ရာလောက်ရှိမှ..။ ကိုယ့် မုန့်ဖိုးက တစ်နေ့မှ တစ်မတ်ပဲ ရသည်။ တစ်လလုံး မုန့်မစားဘဲ စုလျှင်ပင် ငွေတစ်ဆယ် မပြည့်၊ တစ်ရာဆို ဝေးရော။
ထိုသို့ ဂုဏ်ယူမက်မောခဲ့ရသော အုပ်ကလေးအသင်း (ဝါ) ရတနာပုံ ဗုဒ္ဓဘောဇနိယ ဥဿဟ အသင်း..။ ၁၂၈၅ခုနှစ်ကတည်းက ထူထောင်ခဲ့သော အသင်း။ နောင် ကျွန်တော်ကြီးလာလျှင် အပေါ်က လည်ကတုံးအင်္ကျီ အဖြူအသစ် အောက်က ပိတ်ဖြူပုဆိုးနှင့် လွယ်အိတ်သစ်လေး လွယ်ကာ ပန်းတွေ ဝေနေအောင် အလှဆင်ထားသော ငွေအုပ်တစ်စုံကို မှန်စီရွှေချ ထမ်းပိုးကော့လေးနှင့် ထမ်း၍ ပါဝင် ဆင်နွှဲချင်သည်။
အခုလောလောဆယ် အဖြစ်ချင်ဆုံးက ဦးမြင့်၏ ရှမ်းအိုးစည်အဖွဲတွင် ရှမ်းဝတ်စုံနှင့် ရှမ်းတိုက်ပုံ ရှမ်းဘောင်းဘီနှင့် ထီမထင်မျက်နှာပေးကာ ပါဝင်လိုခြင်းက ငမ်းငမ်းတက်ဖြစ်ခဲ့ပါ၏။ အိပ်ရင်းနှင့်ပင် ဦးမြင့်၏ ရှမ်းအိုးစည်ဝိုင်းတွင် ပါဝင်ရသည်ဟု အ်ပ်မက်မက်ကာ နောင်ဗေ့နောင် နောင်ဗေ့နောင်ဟု ယောင်ယမ်းနေလို့ အမေက အပမှီတယ်မှတ်လို့ နှိုးပြီး ရေတိုက်ရသေးသတဲ့။ အခုထိ ရှမ်းအိုးစည် ဝိုင်းသား မဖြစ်ခဲ့။ ရွှေအုပ် ငွေအုပ်ထမ်းလည်း မဖြစ်ခဲ့။

Related posts

Leave a Comment

VOM News

FREE
VIEW