အောက်တိုဘာ ၁၁၊ ၂၀၂၅။
NN(VOM)
ရှမ်းပြည်နယ်မြောက်ပိုင်းက TNLA တပ်ဖွဲ့ ထိန်းချုပ်မြို့တွေမှာ မကြာခဏဗုံးကြဲ ခံရတာကြောင့် အခုလဆန်းကနေ ၁၀ ရက်အတွင်း သေဆုံးသူ ၂၈ဦးအထိရှိလာပြီလို့ ဒေသခံတွေက ပြောပါတယ်။
မိုးမိတ်မြို့မှာ အောက်တိုဘာလ ၉ရက်နေ့ ညပိုင်းနဲ့ ၁၀ ရက်နေ့ နေ့လယ်ပိုင်းအချိန်တွေ မှာ ဗုံးကြဲခံရလို့ ရှစ်ယောက်သေဆုံးခဲ့ပြီး ခုနှစ်ယောက်ကျော် ဒဏ်ရာရတယ်လို့ မိုးမိတ်မြို့ ခံတွေက ပြောပါတယ်။
“ညပိုင်းမှာ ဝဲဘောင်းရွာကို လာပစ်တာ သေတဲ့သူက ရှစ်ယောက်ရှိတယ်။ ဒဏ်ရာရတဲ့ သူလည်း များတယ်။ မနက်ကျတော့ အောင်မြေရွာကို ထပ်ကြဲသွားတာ။ နေရာတော့ မတူ ဘူး။ ဝဲဘောင်းက သေတဲ့သူတွေထဲမှာ ကလေးတွေပါတယ်” လို့ မိုးမိတ်ဒေသခံ တယောက်က ပြောပါတယ်။
အောက်တိုဘာ ၈ရက်နေ့မှာ TNLA တပ်ဖွဲ့ ထိန်းချုပ်တဲ့ မိုင်းငေါ့မြို့ရဲစခန်းအနီး ဗုံးကြဲ ခံရလို့ နှစ်ယောက်သေဆုံးခဲ့ပြီး ခြောက်ယောက် ဒဏ်ရာရတယ်လို့ ဒေသခံ တွေကပြောပါတယ်။
အောက်တိုဘာ ၇ရက်နေ့ နေ့လယ်ပိုင်းမှာတော့ မိုင်းလုံမြို့နယ် မန်ဟုန်ရွာ အတွင်း ဗုံးကြဲခံရလို့ ကလေးတစ်ယောက်အပါအဝင် ၁၀ယောက်သေဆုံးခဲ့တယ်လို့ ဒေသခံ တွေကပြောပါတယ်။
အောက်တိုဘာ ၄ ရက်နေ့ မှာ နမ့်ဆန်မြို့နယ် ဇယ်တုန်ဟုန်းရွာအတွင်း ဗုံးကြဲခံရလို့ ကလေးနှစ်ယောက် သေဆုံးပြီး ခြောက်ယောက် ဒဏ်ရာရခဲ့သလို အောက်တိုဘာလ ၂ ရက်နေ့ နမ္မတူမြို့ပေါ်ရပ်ကွက် အတွင်းဗုံးကြဲခံရမှုမှာတော့ လေးယောက် သေဆုံးခဲ့ ပါတယ်။
“ ကျွန်တော်တို့ နမ္မတူကတော့ ဗုံးကြဲပြီး လူတွေ သေကတည်က အကုန်လုံး ရှောင်ကြ ရပြီဗျာ။ မြို့ထဲအစောင့်လောက်ပဲကျန်တာ။ ဒါလည်း ထပ်လာကြဲမှာကို ကြောက်နေ ရတယ်” လို့ နမ္မတူမြို့ခံတစ်ယောက်ကပြောပါတယ်။
သီပေါမြို့နယ် အတွင်းမှာတော့ အောက်တိုဘာ ၄ရက်နေ့ ဗုံးကြဲတိုက်ခိုက်ခံရမှုအတွင်း ကျင်သီရွာက အမျိုးသား နှစ်ယောက်သေဆုံးခဲ့ပါတယ်။
လေကြောင်းတိုက်ခိုက်ခံရတဲ့ နမ္မတူ၊ သီပေါမြို့တွေက ဒေသခံတွေဟာ လားရှိုးမြို့နဲ့ နီးစပ်ရာကျေးရွာတွေကို ထွက်ပြေးနေကြရပြီး အစားသောက်နဲ့နေရာထိုင်ခင်းတွေ အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။
ပုံ-CJ
ပုံစာ – မိုးမိတ်မြို့က လေကြောင်းတိုက်ခိုက်ခံရတဲ့ TNLA ရုံးအားတွေ့ရစဉ်
