အောက်တိုဘာ ၁၃၊ ၂၀၂၅
GG (VOM)
မန္တလေးတိုင်း၊မိတ္ထီလာမြို့မှာ မနေ့ အောက်တိုဘာ ၁၂ရက်နေ့ မနက် ၁၁ နာရီကျော်က ကင်းလှည့်တဲ့ ရဲကားပေါ် လက်ပစ်ဗုံးပစ် တိုက်ခိုက်ခံရလို့ ရဲတပ်ဖွဲ့ဝင်သုံးယောက်နဲ့ ဌာနဆိုင်ရာဝန်ထမ်းတယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ လုံခြုံရေးအဖွဲ့နဲ့နီးစပ်သူဆီကသိရပါတယ်။
“ကျောက်ပန်းတောင်းအထွက်လမ်း ပို့/ဆက်ရုံးရှေ့ကနေ Surprise Check လုပ်ပြီးလို့ ပြန်အလာ TTC မီးပွိုင့်မရောက်ခင် တက္ကသိုလ်ရှေ့မှာ ရဲကားပေါ်ကို အမျိုးသားနှစ်ယောက်စီးလာတဲ့ ဆိုင်ကယ်ပေါ်ကနေ ပစ်တင်သွားတာပါ။ လေးယောက် ဒဏ်ရာရတယ်။အဲဒီမှာ မထသ ဝန်ထမ်းတယောက်ပါတယ်။ သူကခုန်ချတာ ဒဏ်ရာရတာပါ။အကုန်လုံးက ဒဏ်ရာရတာကြီးကြီးမားမားမရှိပါဘူး။နှစ်ယောက်သေတယ်ဆိုတာမဟုတ်ပါဘူး။” လို့ လုံခြုံရေးအဖွဲ့နဲ့နီးစပ်သူကပြောပါတယ်။
လက်ပစ်ဗုံး ပစ်ခတ်တိုက်ခိုက်မှုမှာ ဒဏ်ရာရရှိခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တွေက ရဲတပ်သားအဆင့်တွေဖြစ်ကြောင်း ၊လက်ရှိအထိတော့ ရဲကားကို ဗုံးပစ်ခတ်တိုက်ခိုက်သွားတဲ့ အမျိုးသားနှစ်ယောက်ကို ဖမ်းဆီးရမိခြင်းမရှိသေးဘူးလို့ သိရပါတယ်။
လက်ရှိအချိန်ထိ ဒီဖြစ်စဥ်ကို ဘယ်အဖွဲ့က လုပ်တယ်လို့ ထုတ်ပြန်တာမတွေ့ရသေးပါဘူး။
မိတ္ထီလာဟာ တပ်မ ၉၉ ဌာနချုပ်နဲ့ လေတပ်စခန်းရှိပေမယ့် ၂၀၂၁ နိုင်ငံရေးမတည်ငြိမ်မှုတွေနောက်ပိုင်း ဒေသတွင်းလက်နက်ကိုင်အဖွဲ့တွေပေါ်လာတော့ ပစ်ခတ်တိုက်ခိုက်မှု၊ မိုင်းဆွဲတိုက်ခိုက်မှု၊ အုပ်ချုပ်ရေးမှူးတွေ သတ်ခံရမှု စတဲ့ အဖြစ်အပျက်တွေကြားရပြီး အချိန်အတော်ကြာငြိမ်ရာကနေ ခုတဖန်ပြန်ကြားလာရတာဖြစ်ပါတယ်။