သပိတ်ကျင်းမြို့နယ် ဖော့တောလမ်းဆုံမှာ တိုက်ပွဲပြင်းထန်နေလို့ မိုးကုတ်အတက်အဆင်းပိတ်ထား

အောက်တိုဘာ ၁၃ ၊ ၂၀၂၅
GG (VOM)
မန္တလေး – မိုးကုတ်ကားလမ်း ၊ သပိတ်ကျင်းမြို့နယ်ထဲက ဖော့တောလမ်းဆုံမှာ တိုက်ပွဲပြင်းထန်ဖြစ်ပွားနေတာကြောင့် မန္တလေး – မိုးကုတ် ကားလမ်းအတက်အဆင်းအားလုံးသွားလာခွင့်ပိတ်ထားတယ်လို့သိရပါတယ်။
တိုက်ပွဲဖြစ်ပွားနေတဲ့ သပိတ်ကျင်း – မိုးကုတ်လမ်းမှာ ကုန်ကားတစီးလည်း ဒရုန်းဗုံးထိမှန် ပျက်စီးမှုရှိကြောင်း ၊ ဖော့တောလမ်းဆုံတဝိုက်မှာဆိုရင်လည်း ထိခိုက်ပျက်စီးမှုအများအပြား ရှိနေတယ်လို့ သိရပါတယ်။
” လူနာက အရေးပေါ်မို့လို့အရဲစွန့်မောင်းလာတာ ။ လမ်းတလျှောက်တွေ့ရတာ ဖော့တောလမ်းဆုံမှာလည်းကြေမွနေတာပဲ။ ဒရုန်းတွေကလည်း အပေါ်မှာဝဲနေတော့ ဘုရားစာရွတ်ပြီးမောင်းလာရတယ်။” လို့ တိုက်ပွဲ လမ်းပိုင်းကနေဖြတ်ပြီး ပြန်လာသူတယောက်ကပြောပါတယ်။
ဖော့တောလမ်းဆုံကစပြီး လမ်းပိတ်လိုက်တာဖြစ်ကြောင်း ၊ စစ်တပ်ကလည်း မန္တလေး – မိုးကုတ်လမ်းပိုင်းကို ပြန်လည်ထိန်းချုပ်ပြီး pdf နဲ့ TNLA စိုးမိုးထားတဲ့မိုးကုတ်ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက် အင်အားအများအပြားနဲ့ ထိုးစစ်ဆင်တိုက်ခိုက်လာနေတာကြောင့် တိုက်ပွဲကပြင်းထန်လာနေတာဖြစ်တယ်လို့ သိရပါတယ်။
“မိုးကုတ် အတက်အဆင်းလုံးဝမသွားကြပါနဲ့ အခုကစိုးရိမ်ရပါတယ်။ လမ်းလည်းပိတ်ထားပါတယ်။အရေး ကြီးကြီး မကြီးကြီးခနစောင့်ကြပါ။ကျွန်တော်တို့ကတော့ရပ်ထားပါတယ်။ “လို့ မိုးကုတ် – မန္တလေးပြေးဆွဲနေတဲ့ ကားသမားတယောက်ကပြောပါတယ်။
ဖော့တောလမ်းဆုံဟာ မန္တလေး-မိုးကုတ်လမ်းနဲ့ မန္တလေး-သပိတ်ကျင်း-ထီးချိုင့်-ဗန်းမော်လမ်းပေါ်မှာ တည်ရှိတာကြောင့် ဖော့တောလမ်းဆုံကို စစ်တပ်မှပြန်လည်ထိန်းချုပ်နိုင်ဖို့
အပြင်းအထန် တိုက်နေတာဖြစ်တယ်လို့သိရပါတယ်။
ပြီးခဲတဲ့ ဇူလိုင်လမှာ စစ်တပ်က သပိတ်ကျင်းမြို့ကို ပြန်လည်ထိန်းချုပ်ခဲ့ပြီး မန္တလေး – မိုးကုတ်လမ်းပိုင်းကိုပါ ထိန်းချုပ်နိုင်ဖို့ ထိုးစစ်ဆင်တိုက်ခိုက်လာနေတာဖြစ်တယ်လို့ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW