ဟားခါးမှာ လေကြောင်းဗုံးကြဲခံရလို့ နှစ်ယောက်သေ ၂၀ ကျော်ဒဏ်ရာရ

အောက်တိုဘာ ၁၃ ၊၂၀၂၅
CC (VOM)
ချင်းပြည်နယ် ၊ဟားခါးမြို့နယ်ရှိ ဗန်ဟာ ( Vanha) ရွာမှာ ဒီနေ့ အောက်တိုဘာ ၁၃ ရက်နေ့ မနက်ပိုင်းက လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခံရပြီး နှစ်ယောက်​သေဆုံးကာ လူ ၂၀ ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
လေကြောင်းတိုက်ခိုက်မှုက မနက် ၁၀ နာရီခွဲအချိန်လောက်မှာ Vanha ရွာရှိ စာသင်ကျောင်းပေါ်ကို ကျရောက်ပေါက်ကွဲခဲ့တာဖြစ်လို့ ထိခိုက်ဒဏ်ရာရရှိသူများပြားခဲ့တာဖြစ်တယ် ဒေသခံတွေက ပြောပါတယ်။
” သေတဲ့နှစ်ယောက်မှာ မိန်းကလေးတယောက်၊ယောကျ်ားလေးတယောက်ပါတယ် ။ကျန်တဲ့ဒဏ်ရာရတဲ့သူတွေထဲမှာလည်း ဆရာတွေရော ပါတယ်သိရတယ်။ဒဏ်ရာရသူများတယ်။” လို့ စစ်ရှောင်အရေးကူညီနေသူ ကပြောပါတယ်။
လက်ရှိမှာ လေကြောင်းတိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရရှိသူတွေကို ဆေးဝါးကုသမှုတွေပြုလုပ် ပေးနေကြောင်း ၊ ဒဏ်ရာရရှိသူတွေထဲမှာလည်း ဒဏ်ရာပြင်းထန်ပြီး စိုးရိမ် ရသူတွေရှိ တယ်လို့သိရပါတယ်။
ဗန်ဟာရွာလေကြောင်းတိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီး ချင်းလူ့အခွင့်အရေးအဖွဲ့ (Chin Human Rights Organization) ကလည်း ဗန်ဟားရွာ ဗုံးကြဲခံရတာမှန်ကြောင်းနဲ့ ထိခိုက်ဒဏ်ရာရ ၂၀ ကျော်နဲ့သေဆုံးသူ နှစ်ယောက်ရှိခဲ့တယ်လို့ သတင်းထုတ်ပြန်ထားတာတွေ့ရ ပါတယ်။
ဗန်ဟာရွာက ဟားခါးမြို့နဲ့ မိုင် ၂၀ လောက်ဝေးပြီး အဲဒီနယ်မြေဘက်မှာ ယခုလတ်တလောမှာ တိုက်ပွဲဖြစ်ပွားတာမျိုးမရှိပေမယ့် ဟားခါးမြို့နယ်ထဲက နေရာတချို့မှာတော့ နှစ်ဖက်ထိတွေ့မှုတွေရှိတယ်လို့သိရပါတယ်။
ဒီဇင်ဘာ ၂၈ ရက်မှာစတင်ကျင်းပမယ့် ပထမအကြိမ် ရွေးကောက်ပွဲမှာ ချင်းပြည်နယ်ရှိ ဟားခါးမြို့နယ်နဲ့တီးတိန်မြို့နယ် မှာ ရွေးကောက်ပွဲ ကျင်းပမယ့်အကြောင်း UEC ကကြေငြာထားပါတယ်။ဟားခါးမြို့နယ်နဲ့တီးတိန်မြို့ကို နလအမှ ထိန်းချုပ်ထားပြီး ကျေးရွာတွေဘက်မှာတော့ ဒေသတွင်းလက်နက်ကိုင်တပ်တွေက စိုးမိုးမှုရှိနေတယ်လို့ စစ်ရေးသတင်းအရသိရပါတယ်။
အောက်တိုဘာ ၈ ရက်နေ့နဲ့ ၁၀ ရက်နေ့ကလည်း မင်းတပ်မြို့နယ်ထဲက ကျေးရွာအချို့မှာ လေကြာင်းတိုက်ခိုက်မှုရှိခဲ့ပြီး လေးယောက်သေဆုံးကာ.ထိခိုက်ဒဏ်ရာရသူများပြားခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – CJf

Related posts

Leave a Comment

VOM News

FREE
VIEW