နေပြည်တော်၊ အောက်တိုဘာ – ၁၃- ၂၀၂၅
SA(VOM)
တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA) ၁၀ နှစ်ပြည့်အထိမ်းအမှတ် နှစ်ပတ်လည် အခမ်းအနားကို နေပြည်တော် က မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၁) MICC I ခန်းမမှာ ကျင်းပမှာဖြစ်ပါတယ်။
ဒီအခမ်းအနားကို အောက်တိုဘာ ၁၅ ရက်နေ့ကစတင်ပြီး အောက်တိုဘာ ၁၇ ရက်နေ့အထိ သုံးရက်တိုင်တိုင် ကျင်းပသွားမှာဖြစ်ပါတယ်။
ဒီအခမ်းအနားမှာ ငြိမ်းချမ်းသော မြန်မာ့အနာဂတ် တည်ဆောက်ခြင်း၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းသာယာသော အနာဂတ် တည်ဆောက်ရန်အတွက် ဆက်လက်ဆောင်ရွက်ရမည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဖော်ထုတ်ခြင်း ဆိုတဲ့ ခေါင်းစဥ်တွေနဲ့ နိုင်ငံတကာက ဖိတ်ကြားထားတဲ့ ဧည့်သည်တော်များ၊ ပြည် တွင်းပြည်ပ ပညာရှင်များ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီ ခေါင်းဆောင်များ၊ အစိုးရဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ၊ ပါဝင်သင့်ပါဝင်ထိုက်သူများ၊ အသိပညာရှင် အတတ်ပညာရှင်များ၊ မီဒီယာကိုယ်စားလှယ်များ၊ မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် ပါဝင်ဆောင်ရွက်ကြသူတွေ ပါဝင်ဆွေးနွေးသွားမှာဖြစ်ပါတယ်။
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ၏ ၁၀ နှစ်တာကာလအတွင်း အကောင်အထည်ဖော်နိုင်မှုများ၊ အောင်မြင်မှုများနှင့် သင်ခန်းစာများကို ဆန်းစစ်သုံးသပ်ရန်၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှ ရရှိခဲ့သည့် အတွေ့အကြုံများနှင့် အမြင်များကို မျှဝေနိုင်ရန် အဓိကသက်ဆိုင်ရာ အဖွဲ့အစည်းများအကြား ပါဝင်သင့်ပါဝင်ထိုက်သူ အားလုံးပါဝင်သည့် ဆွေးနွေးမှုများကို တိုးမြှင့်ရန်၊ NCA ၏ ပကတိအနှစ်သာရနှင့် မြန်မာ့ငြိမ်းချမ်းရေး ဖြစ်စဉ်ကို ပြည်သူလူထုမှ သဘောပေါက်သိရှိ နားလည်ပြီး ပိုမိုပူးပေါင်းဆောင်ရွက်လာနိုင်မည့် အခန်းကဏ္ဍများကို ဖော်ထုတ်ရန်၊ အနာဂတ် မြန်မာနိုင်ငံတော်ကို တည်ဆောက်ခြင်းလုပ်ငန်းစဉ် တွင် ငြိမ်းချမ်းရေး၊ နိုင်ငံရေး၊ လုံခြုံရေး၊ ဖွံ့ဖြိုး တိုးတက်ရေးနှင့် ရွေးကောက်ပွဲတို့ကို ပေါင်းစပ် ဆောင်ရွက်ရန်၊ ငြိမ်းချမ်းရေး၏ အသီးအပွင့်များကို ဒေသန္တရအဆင့်၊ နိုင်ငံတကာအဆင့် ဖွံ့ဖြိုးတိုးတက် ရေးစီမံကိန်းများနှင့် ပေါင်းစပ်ဆောင်ရွက်နိုင်ရန် ဆိုတဲ့ ရည်ရွယ်ချက်တွေကိုလည်း ဆွေးနွေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။
၂၀၁၅ ခုနှစ် အောက်တိုဘာလ (၁၅) ရက် နေ့က နေပြည် တော်ရှိ MICC-II (Myanmar International Convention Center II) မှာ အမျိုးသား ငြိမ်းချမ်းရေး သဘောတူစာချုပ် (NCA Nationwide Ceasefire Agreement) ကို နိုင်ငံတော်အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေက တရားဝင် လက်မှတ်ထိုးခဲ့ကြတာ ဖြစ်ပါတယ်။
အဲ့ဒီနေ့မှာ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေဖြစ်တဲ့ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNU / KNLA)၊ ဒီမိုကရက်တစ် ကရင်အကျိုးပြု တပ်မတော် (DKBA)၊ ကရင်ပြည်နယ် လွတ်မြောက်ရေးတပ် (KNLA-PC)၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS / SSA-South)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးကောင်စီ (PNLO)၊ ရခိုင်ပြည်လွတ်မြောက် ရေးပါတီ(ALP)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) အဖွဲ့တို့ က လက်မှတ်ထိုးခဲ့ကြပါတယ်။
၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာလည်း လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) နဲ့ မွန်ပြည်သစ်ပါတီ (MNSP)တို့ က အစိုးရအဖွဲ့နဲ့ NCA လက်မှတ် ရေးထိုးခဲ့ကြပါတယ်။
လက်ရှိအခြေအနေမှာ တချို့အဖွဲ့တွေက NCA ကတိကဝတ်တွေကို ချိုးဖောက်တာရှိနေတဲ့အတွက် လက်မှတ်ထိုးပြီးသားအဖွဲ့တွေထဲက ဘယ်နှဖွဲ့တက်ရောက်မယ်ဆိုတာတော့ အတိအကျ မသိရသေးပါဘူး။
ဒီပွဲကို နိုင်ငံတကာအဖွဲ့အစည်းတွေ မတက်ရောက်ဖို့ လွန်ခဲ့တဲ့ ၁၀နှစ်က NCA လက်မှတ်ထိုးတဲ့အဖွဲ့တွေထဲက ၆ဖွဲ့က ထုတ်ပြန်တာကိုတွေ့ရတဲ့အတွက် နိုင်ငံတကာအဖွဲ့တွေ တက်မတက်ဆိုတာ စိတ်ဝင်စားစရာဖြစ်နေပါတယ်။
ပုံ Naypyidaw DC
NCA ၁၀ နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားကျင်းပမယ့် MICC1
