သူတို့အိမ် အခန်း – ၃၁

 

ဆူးငှက်

 

 

ကထိန်ရာသီ နှင့် စစ်ကိုင်းတောင်
————————————–

““ကုမာရီရေ ..ဟေ့ ကုမာရီ …””

““ဘာလဲ ကိုဥဒါရီ …””

“နက္ခတ်သဘင် ပွဲကြီးကဖြင့် နီးလာပြန်ပြီ။ ပွဲချိန်လည်း လိုပါသေးတယ်။ ဒီနှစ်တော့ သူများနည်းတူ သွားနိုင် လာနိုင်ကောင်းပါရဲ့၊ ကြိုးစားမှာပေါ့ မိန်းမရယ်၊ အားမငယ်ပါနဲ့””

 

““ကိုဥဒါရီ ရယ် ပွဲရက် လိုသေးပေမယ့် ငွေဝင်လမ်း ဘယ်ကရှိလို့ ဝတ်ဖို့ စားဖို့ ဝယ်နိုင်မှာတုန်း၊ ဒီနက္ခတ်သဘင် ပွဲတော်ဟာ တစ်နှစ်သော်လည်း သွားရနိုးနဲ့ မသွားရ၊ တစ်နှစ်သော်လည်း မသွားရ၊ အိမ်ထောင်ကျရတာ ကျွန်မအဖို့တော့ ဘာမှ အကြောင်းမဟုတ်ဘူး။ ဒီနှစ်လည်း သွားနိုင်မှာ မဟုတ်ပါဘူး””။

 

အဲသလို .. မင်းသမီးမမြရင်နဲ့ လူပြက်ဦးဓာတ်ခိုး၊ဦးသင်္ခါတို့ ပြက်လုံးခွင်အတွက် အိုင်ကျင်းဖွဲ့နေ ကြရင် ပရိသတ်က ရယ်ကြဖို့ ပြင်နေကြရောပေါ့။ ကျွန်တော်တို့ မမွေးခင် အမေတို့ အဘတို့ခေတ် ပရိသတ်က ဖိုးစိန်ကြီး ဓာတ်ပြားနဲ့ ကြီးခဲ့တာဆိုတော့ ““ကုမာရီရေ””ဆိုတဲ့ အသံကြား ကတည်းက ခေါင်းထောင်သွားပြီတဲ့။ ပြက်လုံးရဲ့ အပိတ်မှာ

“ကယ်တော်မူပါဘုရား ..။ ကယ်တော်မူပါ ဘုရား …””

““ဟဲ့ ..ငါ့ကျောင်းဘယ်သူက လာအကယ် ခိုင်းနေရတာတုန်း …””

“တပည့်တော် အပူသည်မို့ ကယ်တော်မူပါ ဘုရား ..””

““သြော် ..မင်းက အပူသည်ဆိုတော့ လက်ဖက်ရည် ရောင်းတာလား””
မဟုတ်ပါဘူး မုန့်ဟင်းခါး ရောင်းတာပါ””

ပရိသတ်က ရယ်ကြပြီ။ ဆက်နားထောင်ကြည့် ပါဦး … ။

““မင်းတို့ ဒကာတွေက ကယ်ပါဆိုစရာရှိရင် ငါ့ကျောင်းလာတယ်။ ဗေဒင်မေးစရာ ဆေးတောင်း စရာရှိရင် ငါ့ကျောင်းလာတယ်။ ကထိန်ခင်းစရာ ရှိတော့ စစ်ကိုင်းဘက် သွားခင်းတယ်။ တော်ရော့ လားဟင်””ဆိုတော့ ပွဲခင်းတစ်ခုလုံး အုန်းခနဲပွဲကျ သွားသည်။ ဒုတိယကမ္ဘာစစ် မတိုင်မီကာလကတည်းက မန္တလေးကထိန်တွေ စစ်ကိုင်းတောင်ရိုးပေါ်ပဲ ခင်းကြလို့ ပြက်လုံးထုတ်တာတဲ့။

တကယ်တော့ မန်္တလေးမှာ ““ရတနာပုံမ် နေပြည်တော်”” ခေတ်ကတည်းက ကထိန်ပွဲများကို ရွှေ မြို့တော်မှာ ခြိမ့်ခြိမ့်သည်း ကျင်းပခဲ့ကြသည်။ နှစ်စဉ် သီတင်းကျွတ်လပြည့်ကျော် ၁ရက်နေ့မှ တန်ဆောင်မုန်း လပြည့်နေ့အထိ ကထိန်ရာသီတွင် ရှင်ဘုရင်ကိုယ်တိုင် ဦးစီးပြီး မြို့တွင်းမြို့ပြင်ရှိ ကျောင်းတိုက်ကြီးများက ဝါဆို သံဃာတော်များကို ကထိန်သင်္ကန်း ကပ်လှူခဲ့ကြသည်။ ထို့ပြင် ရွှေကြိုးသပ် နယ်နိမိတ်အတွင်း အထောက်တော်များ စေလွှတ်ပြီး ကထိန်မရသော ကျောင်းတိုကများကိုလည်း မိုးပေါ်ကျ ကထိန်တော်များ ခင်းကျင်း လှူဒါန်းခဲ့သည်။ ၁၂၄၇ ခုနှစ် (ခရစ်၁၈၈၆) ပါတော်မူပြီးနောက် အရပ်ရပ် မတည်ငြိမ်သော အခြေအနေများကြောင့် ရွှေမြို့တော်တွင်း သီတင်းသုံး နေထိုင်တော်မူကြသော ထေရ်ကြီးဝါကြီးများကအစ စာချစာသင် သံဃာများ အလယ်၊ ကိုရင်သူတော်အဆုံး သာသနာ့ဝန်ထမ်း သူတော်စင်များလည်း ပစ္စည်းလေးပါး အစစ ညှိုးနွမ်းချို့တဲ့ တော်မူခဲ့ကြသည်။

 

ထိုအခြေအနေတွင် မန္တလေးမြို့ခံ မြို့မိမြို့ဖများ၊ ပွဲစား ကုန်သည်များနှင့် မြို့သူမြို့သားများက ကိုယ့် အရှင် ကိုယ့်သခင် ကိုယ့်ထီး ကိုယ့်နန်း မဟုတ်လို့့်သာသနာ ညှိုးနွမ်းတိမ်ကောမည်ကို စိုးရိမ်သည်ဟု ဆိုကာ ၁၂၅၈ ခုနှစ်(ခရစ်၁၈၉၆) မှာ မလွန်ဈေးဆန်လှူအသင်းကြီးနှင့် ၁၂၆၀ခု(ခရစ် ၁၈၉၈)တွင် ပရိယတ္တိသာသနာ့ဟိတ အသင်းကြီး တို့ကို ဖွဲ့စည်းပြီး ဘာသာ သာသနာအကျိုး သယ်ပိုးဆောင် ရွက်ခဲ့ကြသည်။

 

မန်္တလေးတွင် ရှေးတုန်းက သဘာ၀ ဘေးအန္တရာယ် ကျရောက်၍ ဖြစ်စေ၊ ကပ်ဘေး ကျရောက်၍ ဖြစ်စေ၊ စစ်ဘေး အပါအဝင် ရန်သူမျိုးငါးပါး ဘေးအန္တရာယ် ကျရောက်၍ ဖြစ်စေ၊ တိမ်းရ ရှောင်ရ၊ ပြေးရ လွှားရ၊ ပုန်းရ ခိုရလျှင် မြစ်အနောက်ဘက်ကမ်း စစ်ကိုင်းမင်းဝံတောင်ရိုးဆီ ဦးတည်ကြရသည်။ ၁၂၇၁ ခုနှစ် ပလိပ်ရောဂါကပ်၊ ၁၂၇၃ ခုနှစ် ကိုးတာမီးဘေး၊ ၁၂၉၉ ကုလား-ဗမာအဓိကရုဏ်း၊ ၁၃၀၃ ခုနှစ် ဒုတိယကမ်္ဘာစစ် စသော ကပ်ဆိုးဘေးဆိုးများတွင် မန်္တလေးတစ်မြို့လုံးနီးပါး မြို့ကိုစွန့်ပြီး စစ်ကိုင်းမင်းဝံ တောင်ရိုးတစ်လျှောက်ရှိ ဘုန်းကြီးကျောင်းများ၊ ချောင် များ၊ ဂူများ၊ စေတီပုထိုးများဆီ ခိုလှုံကြရသည်။ အထူးသဖြင့် ၁၃၀၃ ခုနှစ်မှ ၁၃၀၆ ခုနှစ်အထိ လောင်ကျွမ်းခဲ့သော ကမ်္ဘာစစ်မီးတွင် စစ်ကိုင်းတောင်ရိုးသည် မန္တလေး၏ ကျေးဇူးရှင် ဖြစ်ခဲ့သည်။

 

ထို့ကြောင့် မန်္တလေးက စစ်ကိုင်းတောင်ရိုးကို ကျေးဇူးဆပ်သည့်အနေနှင့် ကထိန်ပွဲမှန်သမျှ စစ်ကိုင်းမင်းဝံတောင်ရိုးမှာပဲ ခင်းကျင်းလှူဒါန်း ခဲ့ကြသည်မှာ ရှေးအစဉ်အဆက် ကတည်းကဟု သိရသည်။ ကထိန်ရာသီ ရောက်တိုင်း အထူးသဖြင့် တန်ဆောင်မုန်း လပြည့်ရောက်တိုင်း မန္တလေးတစ်မြို့လုံး စစ်ကိုင်းတောင်ရိုးပေါ် ရွှေ့ပြောင်းသွားသလား ထင်မှတ်ရအောင် စစ်ကိုင်းတောင်ရိုးပေါ်မှာ ကထိန်ပွဲများ စည်ကားခဲ့ကြသည်။

 

တန်ဆောင်မုန်းလ၏ အခါသမယအချိန်အခါ ကထိန်ပွဲတော်အဖြစ် စစ်ကိုင်းတောင်သို့ ကျွန်တော် ၈တန်းနှစ်မှ ပထမဦးဆုံး ရောက်ဖူးခြင်းဖြစ်မည်။ ထိုအရွယ်တိုင်အောင် လူကြီးမိဘမပါဘဲ ဘယ်ခရီးမှ မလွှတ်ဖူးသော အစဉ်အလာ ကြောင့် ထိုကထိန်ပွဲမှာလည်း အဘနှင့်အတူ လိုက်ပါရ ခြင်းဖြစ်၏။ မဟာဂန္ဓာရုံချောင် အစွန်ရှိ ကမ္မဋ္ဌာန်းကျောင်းလေး တစ်ကျောင်းတွင် တည်းခိုရတာ မှတ်မိသည်။ ထိုကမ္မဋ္ဌာန်း ကျောင်းလေးက ဆွမ်းဦးပုညရှင် စေတီအတက် ခြင်္သေ့တစ်ကောင် စောင်းတန်းနှင့် နီးကပ်နေသည်။ ကထိန်ပွဲနှင့် လိုက်ပါလာသော လူကြီးတွေက အထုပ်အပိုး ချပြီးသည်နှင့် ဝေယျာဝစ္စ အလုပ်တွေက ပေါ်လာတော့သည်။ လှူဖွယ်ပစ္စည်းတွေ ပြင်ဆင်ရမည်။ ချက်ဖို့ပြုတ်ဖို့ ဈေးဝယ်ရမည်။ မီးဖိုချောင် ကိစ္စ စီစဉ်ရမည်။ ပြောကြ၊ ဆိုကြ၊ အော်ကြဟစ်ကြနှင့် ပျားပန်းခတ် ဇယ်စက်သလို လုပ်ကိုင်နေကြတော့ ကျွန်တော့အတွက် နေရာမရှိ …။

 

အလုပ်ရှုပ် ပြေးလွှားနေကြရသော လူကြီးနောက် တကောက်ကောက် လိုက်နေလို့လည်း မဖြစ်။ သည်တော့လည်း ဘာသိဘာသာ ဟိုနားရပ်လိုက်၊ သည်နားထိုင်လိုက်၊ ဟိုရေကန် ငုံ့ကြည့်လိုက်၊ ဒီသစ်ပင် မော့ကြည့်လိုက်ပဲပေါ့။ နောက်တော့ နေရာတစ်နေရာမှာ ဣန္ဒြေရသွားသည်။ ဒါက တည်းခိုသည့် ကမ္မဋ္ဌာန်း ကျောင်းလေးက အထက်ဘက်ရှိ ခြင်္သေ့တစ်ကောင် စောင်းတန်းလေးဆီ သွားကာ အုတ်ခုံလေးပေါ် ထိုင်ရင်း စောင်းတန်းတစ်လျောက်က တက်ချည်၊ ဆင်းချည် ဘုရားဖူးတွေကို ထိုင်ကြည့်နေရုံပဲပေါ့။ ထိုစဉ် ထိုကာလ တန်ဆောင်မုန်း လရာသီက မန်္တလေးတစ်မြို့လုံး စစ်ကိုင်းတောင်ပေါ် ရွေ့လာလေသလား ထင်မှတ်မှားရလောက်အောင် စည်ကားသည်။ တန်ဆောင်မုန်းလဆန်း ၁၃ ရက်ဆိုတော့ ဧည့်တွေလည်း တစ်ဖွဲ့ပြီးတစ်ဖွဲ့ ရောက်လာပြီပေါ့။ နောက်ရက် အဖိတ်နေ့မှာလည်း ပိုမို ရောက်ရှိကာ စည်ကားဦးမည်။ လပြည့်နေ့ ညနေရောက်မှ ဖြည်းဖြည်းချင်း ပြန်လျော့သွားသည့် အစဉ်အလာဖြစ်သည်။

ခြင်္သေ့တစ်ကောင် စောင်းတန်း၏ အုတ်ခုံလေးပေါ်မှာ ထိုင်ရင်း ဘုရားဖူးတွေကို ငေးကာ အတွေးတွေ သီရတာ အရသာရှိလှသည်။ လွတ်လပ် အေးချမ်းလှသည်။ တက်လာသော ဘုရားဖူးတွေကို ကြည့်ရင်း မန်္တလေးဘယ်အရပ်၊ ဘယ်ဝင်းက ဖြစ်မလဲဆိုတာ ခန့်မှန်းရတာလည်း ပျော်စရာကောင်းလှသည်။ သူတို့အပြောအဆို သူတို့စကားတွေထဲမှာပင် သူတို့ လိပ်စာတွေက ပါလာတတ်သေး၏။ အုတ်ခုံလေးမှာ ထိုင်ရင်း အတော်ကြာလာလို့ ပျင်းလာတော့ သူတို့နှင့်အတူ အပေါ်သို့ တက်လိုက်သွားဖြစ်၏။ အပေါ်မှာ မင်္ဂလာအေးစေတီ ရှိသည်။ စေတီ၏ ဂန်္ဓကုဋီတိုက်က အတွင်းပိုင်း တစ်ခုလုံး လက်ရာမြောက် မှန်စီရွှေချတွေ အပြည့် စီထားသည်။ ထိုနေ့က ညနေ မှောင်ရီပျိုးကာမှ စေတီလေးရင်ပြင်က ပြန်ခဲ့သည်။
လူကြီးတွေက ညနေစာ စားဖို့ မျှော်လို့ …။

မန္တလေး၏ လွမ်းဆွတ်ဖွယ် စစ်ကိုင်းတောင် ကထိန်ပွဲများက နောက်နှစ်နောက်နှစ်တွေမှာတော့ အမှတိတရတွေ ရှိလာမှာပေါ့။ မန္တလေးသားမှန်လျှင် ထိုထို အမှတ်တရများနှင့် ဘယ်လွတ်ပါ့မလဲလေ။ သို့သော် လူပျို မပေါက်တပေါက် အရွယ်က စစ်ကိုင်းတောင်ကထိန်ပွဲတော် ပထမဆုံးအတွေ့အကြုံကဖြင့် ဤမျှသာလောက်ပဲ ဖြစ်ပါ၏။ သို့သော် ထိုစဉ်ကာလက ထိုစဉ်ရာသီတွင် မန္တလေးအရှေ့ပြင်သို့ မဲဇလီဖူး မဲဇလီရွက်ခူးသွားရသည့် အတွေ့အကြုံကိုတော့ အတော်အတန် မန္တလေးသားတွေ ကြုံဖူးမှာ မဟုတ်ကြလေတော့ အမှတ်တရ ရှိလှသည်။

 

မဲဇလီဖူး မဲဇလီရွက်ခူး
————————–

ထိုနေ့က ဥပုသ်နေ့မို့ အစောကြီးကတည်းက နိုးနေသည်။ ကျွန်တော်က မျက်နှာသစ်၊ အဝတ်စားလဲကာ မြောက်ဘက်အိမ်ဆီ တကြည့်တည်း လှမ်းကြည့်နေမိသည်။ မြောက်ဘက်အိမ်က တံခါးတော့ ဖွင့်ထားပြီ။ မမခင်ထွေးက ထမင်းအိုးတော့ တယ်နေပြီ။ သို့သော် ကိုကိုစိန်လှိုင်က အခုထိ အိပ်ရာက မနိုးလောက်သေး။ လွန်ခဲ့တဲ့ နှစ်ရက်လောက် ကတည်းက ကျွန်တော့်ကို ပြောထား၏။ “ဥပုသ်နေ့ ရောက်ရင် မဲဇလီရွက် သွားခူးကြရအောင်”တဲ့။ ကျွန်တော်က မနေ့ည ကတည်းက နက်ဖြန် မဲဇလီရွက် သွားခူးရမယ် ဟူသော အတွေးဖြင့် တစ်ညလုံး အိပ်မပျောခဲ့။ မနက် ၆ နာရီထိုးတွင် ကိုကိုစိန်လှိုင် နိုးလာ၏။ ကျွန်တော်က အစောကြီး မထရ ကောင်းလား အပြစ်တင်တော့ “ဥပုသ်နေ့ပဲကွာ ဘာအလုပ်မှ မရှိဘူး၊ တစ်နေ့လုံး အားနေတာပဲ ဖြည်းဖြည်းပေါ့””တဲ့။ ဦးလေးက အိပ်ရာသိမ်း၊ မျက်နှာသစ်၊ အဝတ်စားလဲပြီး သူ့စက်ဘီးကို ထုတ်လာသည်။ စက်ဘီးကို ဖုန်သုတ်၊ လေစမ်း၊ လေထိုးပြီး ကြိမ်ခြင်းလေးကို စက်ဘီး လက်ကိုင်မှာ ချိတ်လိုက်၏။

 

ထို့နောက် ကိုကိုစိန်လှိုင့် ဇနီး မမခင်ထွေးက နှစ်ဆင့်ချိုင့်လေးဖြင့် ထမင်း ပူပူနွေးနွေးရယ်၊ ငါးခြောက်ချက်ရယ်၊ ကုလားပဲဟင်းရယ်၊ ငရုပ်သီးကြော်တောင့်နှင့် သရက်ချဉ်သုတ်များကို ထည့်သည်။ ပြီးတော့ စက်ဘီးရှေ့ ဆွဲခြင်းလေးထဲ ထမင်းချိုင့်လေးထည့်ပြီး စက်ဘီးလေး တွန်းထွက်ကြသည်။ မမခင်ထွေးက “မိုးမချုပ်စေနဲ့နော်”” ဟု လှမ်းအော် ကျန်ရစ်ခဲ့သည်။ ကိုကိုစိန်လှိုင်က စက်ဘီးနင်း၊ စက်ဘီးနောက်က ကယ်ရီယာခုံပေါ် ကျွန်တော်က စွေ့ခနဲတက်ကာ မဲဇလီ်ခူး ခရီးစဉ် စခဲ့ကြတော့၏။ မဲဇလီဖူးက တန်ဆောင်မုန်းလ၏ ဆေားဘက်ဝင် အပင်အဖြစ် သုတ်၍ စားကြသည်။ မဲဇလီရွက်ညွန့်လေး တွေကိုခူး၊ ပြုတ်၊ မြှုပ်စား၊ သုပ်စားနိုင်သည်။ ခါးသက်သက် အရသာရှိသည်။ ငါးပိချက်နှင့် မြှုပ်စားလု့ိ အလွန်ကောင်း၏။ မြေပဲဆန်၊ ကြက်သွန်နိုင်းချင်းဖြင့်လည်း သုပ်စားကြသည်။

 

မန္တလေးမှာ မဲဇလီပင်တွေပေါပါသည်။ အထူးသဖြင့် မန္တလေးအရှေ့ခြမ်းမှာ လမ်းတိုင်း၏ဘေး၌ မဲဇလီပင်တွေ ခပ်စိပ်စိပ်ရှိ နေပါ၏။ ထို့ပြင် ဧရာဝတီမြစ်တာရိုးကြီးအတိုင်း ညောင်ကွဲ အိုးဘို ဘက်ကိုသွားပြီး ရွှေတချောင်းမြောင်း ပေါင်အတိုင်း မြောက်ဘက်တစ်လျှောက် မဲဇလီပင်တွေချည်းရှိခဲ့သည်။ အရင် တစ်ခေါက်တုန်းကတော့ ကိုကိုစိန်လှိုင်နှင့် ညောင်ကွဲအိုးဘိုဘက် မဲဇလီရွက်ခူး သွားဖူးသည်။ ညောင်ကွဲ ရေလွှဲတံခါးကြီးကျော်ပြီး အိုးဘိုဘူတာလေးအတိုင်း သံလမ်းတစ်လျှောက် မှာလည်း မဲဇလီပင်တွေရှိသည်။ စက်ဘီးလေးကို သစ်ပင်ရိပ်တစ်ရိပ် မှာထောင်၊ အစီအရီ ပေါက်နေသော မဲဇလီ ပင်လေးတွေမှာ အညွန့်လေးတွေနုဖတ်နေ၏။ အောက်ကနေ လှမ်း၍ ခူးနိုင်သည့် အပင်လေးများ ရှိသလို၊ အပင်ပေါ် တက်၍ ခွဆုံ ကနေလည်း လှမ်းခူးနိုင်သည်။

 

ဟော-အခုအခေါက်မှာတော့ ၈၄လမ်းအတိုင်း မြောက်ဘက်ကို စက်ဘီးဦးလှည့်တော့ အရင်အခေါက်လိုပဲ ညောင်ကွဲအိုးဘိုဘက် သွားမှာလားဟု မေးတော့ “မဟုတ်ဘူးကွ၊ ဒီတစ်ခေါက် ရုံးကြီးဘက်နဲ့ ဆတ်ကျောင်းဘက် သွားရအောင်။”ဟ ုပြောသည်။ ရုံးကြီးတဲ့၊ ဆတ်ကျောင်းတဲ့၊ ဝေါဟာရ အသစ်ဖြစ်သည်။ ကျွန်တော် မရောက်ဖူးသေးတာ သေချာသည်။ ဘယ်နေရာလဲဟု ထပ်၍ အတွန့်တက်ကာ မေးတော့-““ဗထူးကွင်းအရှေ့ထဲကို သွားရသေး တယ်ကွ”ဟု ဖြေသည်။ ဗထူးကွင်းကိုတော့ ကျွန်တော်သိသည်။

 

နာရီစင်ရောက်တော့ ၂၆ ဘီလမ်းအတိုင်း အရှေ့တက်သည်။ ထို့နောက် ကျုံးထောင့်၊ ကျုံးထောင့်မှာ နန်းတွင်းထဲက ထွက်လာသော မတ္တရာရထားလာနေလို့ လမ်းပိတ်ထားသောကြောင့် စောင့်ရသေးသည်။ ကျုံးထောင့် ပြီးတော့ ဓာတ်စက်ရုံ။ ပြီးတော့ မင်္ဂလာတံတား။ ဘီလမ်းမပေါ်မှာ ကားအသွားအလာကရှင်းနေသည်။ စက်ဘီးအချို့ မြင်းလှည်း တစ်စီးစ နှစ်စီးစနှင့် အမှတ်၅ ကားနီဘတ်စ်ကား တစ်စီး အရှေ့ဆီသို့ တအိအိ မောင်းနှင်နေ၏။ မင်္ဂလာတံတား ရောက်တော့ တောင်ဘက်တစ်ပြချိုးပြီး ၂၇လမ်းအတိုင်း အရှေ့တက်သည်။ မြူနီစီပယ်ရုံးကြီးကို ကျော်သည်။ တစ်နေရာရောက်တော့ သစ်ပင်လေးတွေ၊ မြက်ခင်းတွေနှင့် ခြံကြီးတစ်ခြံအတွင်းမှ တိုက်လှလှကြီး တစ်လုံးကို ကိုကိုစိန်လှိုင်က ပြပြီး ““အဲဒါ ထွန်းလှဟိုတယ်လေ” ဟု ပြောသည်။

 

ထွန်းလှသို့ မရောက်လျှင် မန္တလေးသို့ ရောက်ပြီ ဟု မဆိုနိုင်ပါ
—————————————————————-

ကျွန်တော် အလွန်အမင်း အံ့အားသင့် ဝမ်းမြောက်သွား၏။ ကိုကိုစိန်လှိုင်က ထွန်းလှ ဟိုတယ်ရှေ့ ထနောင်းပင် ရိပ်ကြီး မှာ စက်ဘီးထောက်ကာ ရပ်သည်။ မြက်ခင်းစိမ်း၊ ပုံသွင်းသစ်ပင်၊ ရောင်စုံမီးလုံး၊ အုတ်တိုက်လှလှ၊ ထိုင်ခုံဖြူ၊ ရေကူးကန်၊ ဟိုတယ်။ စလေကိုယ်တော်ကြီးဆီက ကြည့်ဖူးသော လူထုသတင်းစာထဲက“ထွန်းလှဟိုတယ်သို့ မရောက်လျှင် မန္တလေး ရောက်ပြီ ဟု မဆိုနိုင်ပါ”ဟူသည့် ကြော်ငြာစာသားလေးကို သတိရနေမိသည်။ ပြီးတော့ ၁၃၀၀ပြည့် အရေးတော်ပုံ မန္တလေးအာဇာနည်၁၇ဦးမှ အသက်အငယ်ဆုံး ဗိုလ်တင်အောင်ဆိုသည့် အာဇာနည်မှာ ထွန်းလှဟိုတယ်ပိုင်ရှင် ဦးထွန်းလှ၏ သားဆိုတာ ကြားဖူးထားသည်။

 

ထွန်းလှ ဟိုတယ်အရှေ့ဘက်တစ်ပြရောက်တော့ တောင်ဘက်သို့ ချိုးလိုက်သည်။ ခြံဝင်း ကျယ်ကြီးတွေကို တွေ့ရ၏။ ခြံဝင်းကျယ်ကြီးတွေက သစ်ပင်တွေ အုပ်ဆိုင်း ထူထပ်နေလို့ အတွင်းက အဆောက်အအုံပင် မမြင်ရ။ ဆက်သွားလိုက် တော့ မြက်ခင်း စိမ်းစိမ်းကြီးနှင့် ကွင်းကျယ်ကြီး။ ကွင်းပတ်လည်မှာ မဲဇလီပင်တွေ စီတန်းနေသည်။ ကျွန်တော် အလွန်အံ့သြသွား၏။ မြက်ခင်းစိမ်း ကွင်းကျယ်ကြီးမှာ ဂိုးတိုင်ဖြူဖြူလေးတွေလည်း တွေ့ရသည်။ ဘောလုံးကွင်းတစ်ကွင်း ဖြစ်မှာပေါ့။

 

ထိုကွင်း၏ အနောက်ဘက်မှာ စက်ဘီးလေးထောက်ပြီး ကိုကိုစိန်လှိုင်က လမ်းဘေးတစ်လျှောက် ပေါက်နေသော မဲဇလီပင်လေးတွေမှ အဖူးနှင့် အရွက်ညွန့်လေးတွေကို ခူးနေသည်။ ကျွန်တော်က သစ်ပင်ရိပ်မှာ ရပ်၍ အရှေ့ဘက်ဆီ တအံ့တသြ မျှော်ကြည့်နေမိသည်။ မြင်ကွင်းများက မြက်ခင်းစိမ်းကွင်းကျယ်ကြီး၊ ဂိုးတိုင်ဖြူ၊ ကွင်းဘေးမှ ကပ်ပြီး အရှေ့အနောက် တန်းနေသော ကတ်္တရာလမ်းလေး၊ လမ်းပေါ်မှာ အုပ်မိုးနေသော သစ်ပင်ကြီးများ၊ ထိုအပင်ကြီးများတွင် စိန်ပန်းပင်များက ပင်လုံးကျွတ် အပွင့်ရဲရဲများဖြင့် ရဲပတောင်းခပ်နေ၏။ အပင်များကြား မြင်ရတာက အုတ်ကြွပ်မိုး အုတ်တိုက် နီနီလေးတွေ အစီအရီ။ မြက်ခင်းစိမ်း ကွင်းကြီးကို ကျော်ပြီး အရှေ့ဘက် လှမ်းကြည့်တော့ ကွင်းနံဘေး သစ်သား ဝင်းထရံ ဖြူဖြူ၊ စိန်ပန်းနီလမ်းမ၊ ပြီးတော့ ရှမ်းရိုးမ မှိုင်းပြာပြာ။

 

ဆတ်ကျောင်း နှင့် မဲဇလီပင်တန်းး
————————————-

ဝင်းထရံဖြူ၊ မြက်ခင်းစိမ်း၊ အုတ်တိုက်နီ၊ စိန်ပန်းနီ။ ကိုကိုစိန်လှိုင်က မဲဇလီဖူးနှင့် ရွက်ညွန့်လေးတွေ ခြေဖျားထောက် ခူးရင်း-““အဲဒါ ဆတ်ကျောင်းလေကွာ၊ ဒီကွင်းက ဆတ်ကျောင်း ဘောလုံးကွင်း”တဲ့။ ကျွန်တော်သည် ဆတ်ကျောင်းကို အခုမှ မြင်ဖူးသော်လည်း ဆတ်ကျောင်း ဟူသော ဝေါဟာရကိုတော့ ကြားဖူးနေတာ ကြာပါပြီ။ သို့သော် ဒီထက် ပိုမသိ။ နှစ်အတော်ကြာမှ စာတွေထဲ ဖတ်မှတ်ပြီး ဆတ်ကျောင်းဆိုတာ ရဲအရာရှိတွေ မွေးထုတ်ပေးသော နေရာဟု အစချီကာ မြန်မာပြည်ဆတ်ကျောင်းကို ၁၉၁၀ ပြည့်နှစ်က တောင်ငူတွင် ကနဦး ဖွင့်ခဲ့သည်ဟု သိရပါသည်။ ထို့နောက် အထက်မင်းကင်းသို့ ပြောင်းရွှေ့ ဖွင့်လှစ်သည်။

 

ထို့နောက် မန္တလေးသို့ ထပ်မံပြောင်းရွှေ့ ဖွင့်လှစ်သည်ဆို၏။ ထိုအချိန်က ဆတ်ကျောင်းသားများသည် ကြက်သွေးရောင်အနီ ပုဆိုးရှည်ဝတ်ကာ အနီရောင် အုပ်ပေါင်း ခေါင်းပေါင်း ပေါင်းသည်။ ခေါင်းပေါင်းစက ယုန်နားရွက်ကဲ့သို့ အစထောင် ထားပါသည်။ ထိုခေတ် မန္တလေးက ဦးဘ၊ ဦးလှဘော်၊ ဦးဘကြင် တို့သည် ဆတ်ကျောင်းဆင်း အရာရှိများ ဖြစ်သည်ဟု ဖတ်မှတ်ရပါသည်။ ထို့နောက် ဆတ်ကျောင်းကို ““ရဲသိပ္ပံ”ကျောင်း ဟု ခေါ်ဝေါ်နေတာ နှစ်ပေါင်းများစွာ ကြာပါပြီ။

 

ကျွန်တော်တို့သည် ဆတ်ကျောင်းဘောလုံးကွင်း အနောက်ဘက် ကွင်းစပ်နှင့် ယခု ၆၈လမ်းဘေးရှိ မဲဇလီပင်များတွင် တစ်ပင်ပြီး တစ်ပင်ကူးကာ မဲဇလီညွန့်လေးတွေ ခူးနေကြသည်။ ကျွန်တော်ကတော့ မဲဇလီရွက်ထက် လှပသော၊ ဆန်းသစ်သော မြင်ကွင်းလေးကို တရှိုက်မောမော အငမ်းမရ ကြည့်နေမိပါ၏။ အုတ်ကြွပ်မိုးနီနီ ရဲသိပ္ပံကျောင်းခန်း များဆီမှ ဗြူကယ်ခရာသံကို ကြားနေရသည်။

 

ကျွန်တော်တို့သည် ရဲသိပ္ပံဘောလုံးကွင်းဘေး ၂၈လမ်းအတိုင်း အရှေ့ဘက်သို့ စက်ဘီးတွန်းရင်း ဆက်သွားကြသည်။ ရဲသိပ္ပံနှင့် ဘောလုံးကွင်း ဘေးလမ်းက သစ်ကြီးဝါးကြီးတွေ အုပ်မိုးထားသည်။ နေပြောက်ပင်မထိုး။ ထိုအပင်ကြီးများကြား မှ ခပ်စိပ်စိပ် ပေါက်နေသော စိန်ပန်းပင်များက ရဲရဲတောက်ပွင့်နေသည်။ ညီညာ ပြောင်ချောနေသော ကတ်္တရာလမ်းပေါ်တွင် စိန်ပန်းပွင့်နီနီတို့ ကြွေကျနေသည်။၂၈လမ်းအတိုင်း အရှေ့ဘက်တက်ပြီး ၆၆ လမ်းရောက်တော့ ဘောလုံးကွင်းကို ပတ်ကာ တောင်ဘက်သို့ ရဲသိပ္ပံဘောလုံးကွင်း အရှေ့ဘက် ကုက္ကိုပင်ကြီးတစ်ပင်အောက် ရောက်တော့ စက်ဘီးကိုထောင်ပြီး ကိုကိုစိန်လှိုင်က လမ်းအရှေ့ဘက်မှာရှိသည့် မဲဇလီပင်လေးတေက အဖူးနှင့် ရွက်နုလေးတွေ ခူးသည်။ တစ်ပင်ပြီး တစ်ပင်။ ကျွန်တော်က ကုက္ကိုပင်ကြီး အောက်တွင် ပါလာသည့် ပုဆိုးကွင်း အဟောင်းလေး ခင်းပြီး ပက်လက်လှန်ကာ ခေါင်းပေါ် ဆီးမိုးနေသော သစ်ပင်ကြီးများကို မော့ကြည့်နေမိသည်။ ပုဆိုးခါးပုံစနှင့် အပြည့် မဲဇလီဖူးတွေ ခူးလာပြီးသောအခါ ကိုကိုစိန်လှိုင်က ခူးလက်စများ ထည့်ထားသည့် ခြင်းတောင်းထဲ ထည့်သည်။

 

“ဖြည်းဖြည်းပေါ့ကွာ၊ အေးအေးဆေးဆေး နားကြတာပေါ့” ဟု ဆို၏။ ခဏနေတော့ ပါလာသည့် နှစ်ဆင့်ချိုင့်လေး ဖွင့်ကာ ငါးခြောက်ချက်၊ ကုလားပဲဟင်း၊ ငရုတ်သီးတောင့်ကြော်၊ သရက်ချဉ်များဖြင့် ထမင်းစားကြသည်။ မြိန်လိုက် သည့်ဖြစ်ခြင်း။ ထမင်းစားပြီးနောက် ၂၈လမ်းနှင့် ၆၆ လမ်းထောင့် ထနောင်းပင်ကြီးအောက် ရေအိုးစင်မှ သောက်ရေ အေးအေး တစ်ခွက်စီ သောက်ပြီး ကုက္ကိုပင်ကြီးအောက်မှာ နှစ်ယောက်သား အေးအေးဆေးဆေး နားရင်း အိပ်ပျော်သွား လိုက်ကြတာ ညနေစောင်းမှ နိုးတော့၏။ ဒီနေ့ တန်ဆောင်မုန်းလပြည့်ည၊ လတ်လတ်ဆတ်ဆတ် မယ်ဇလီဖူးသုတ်က စားကောင်းမှာ သေချာသည်။

 

တကယ်တော့ ဆင်းရဲလှပေမယ့် ဘေးကင်းလုံခြုံ စိတ်ချမ်းသာရသော ဘဝလေးမို့ မန္တလေးသည် ဘယ်နေရာမဆို သာယာနေပျော်လှပေ၏။ ဘေးကင်း လုံခြုံသော ဘဝက လွမ်းစရာ။

 

ဆူးငှက်

 

Related posts

Leave a Comment

VOM News

FREE
VIEW