ဇန်နဝါရီ ၁၂ ၊ ၂၀၂၆
GG (VOM)
ရွေးကောက်ပွဲအပိုင်း ၂ ကျင်းပခဲ့တဲ့ မွန်ပြည်နယ်ထဲက မဲဆန္ဒနယ် မြို့နယ်ငါးခုအနက် မွန်ညီရေးပါတီက မြို့နယ်လေးခုလုံးမှာ မဲအပြတ်အသတ်နဲ့ အားလုံးနီးပါးအနိုင်ရရှိပြီး ကိုယ်စားလှယ်လောင်း တနေရာသာ ရှုံးနိမ့်မှု ရှိခဲ့တယ်လို့ မွန်ညီညွတ်ရေးပါတီက သိရပါတယ်။
မွန်ပြည်နယ်ထဲက မုဒုံမြို့နယ် ၊ သံဖြူဇရပ်မြို့နယ် ၊ ရေးမြို့နယ် ၊ ပေါင်နဲ့ ဘီးလင်းမြို့နယ်တွေမှာ ရွေးကောက်ပွဲ ပြုလုပ်ခဲ့တာ ဖြစ်ပြီး အဲဒီထဲကမှ မွန်ညီညွတ်ရေးပါတီ ဝင်ရောက်ယှဥ်ပြိုင်ခဲ့တဲ့ ရေး၊မုဒုံ ၊ သံဖြူဇရပ်မြို့နယ် တွေမှာ လွှတ်တော်နေရာအားလုံး အနိုင်ရရှိခဲ့ပြီး ပေါင်မြို့နယ်မှာက အမျိုးသားလွှတ်တော် နဲ့ ပြည်နယ်လွှတ်တော်နေရာကို အနိုင်ရရှိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
ကျန်တဲ့ ဘီးလင်းမြို့နယ်မှာတော့ မွန်ညီညွတ်ရေးပါတီ ကဝင်ရောက်ယှဥ်ပြိုင် မှုမရှိခဲ့တဲ့အတွက် ပြည်ခိုင်ဖြိုး USDP ပါတီက အနိုင်ရရှိခဲ့တယ်လို့ သိရပါတယ်။
” ဘီးလင်းက ကျွန်တော်တို့ဝင်မပြိုင်ဘူး ။ခုအကြမ်းဖျင်းသိရတာ ရေးကအပြတ်အသတ်နိုင်တယ်။ သံဖြူဇရပ်ကလည်း လွှတ်တော်သုံးရပ်လုံးက မဲ တသောင်း ပတ်ဝန်းကျင်လောက်ပြတ်ပြီး နိုင်သွားတယ်။ မုဒုံမှာက နှစ်သောင်း အပြတ်အသတ် နိုင်သွားတယ်။ ပေါင်ကျတော့ နိုင်တယ်သိရပေမယ့် စာရင်းတော့ မရသေးဘူး ။ကြိုတင်မဲတွေလည်း အကုန်တွက်ပြီးပြီ။ မြို့နယ်ကော်မရှင်ကလည်း ဘယ်သူကမဲဘယ်လောက်ရတယ်ဆိုတာ ကြေငြာထားပြီးပြီ။သူတို့က ညတွင်းချင်းပဲအကုန်လုံး အပြီးသတ်လုပ်တယ်လေ ။ ” မွန်ညီညွတ်ရေးပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ နိုင်သန်းရွှေက ပြောပါတယ်။
ပြီးခဲတဲ့ ၂၀၂၅ ခုနှစ် ၊ ဒီဇင်ဘာ ၂၈ ရက်နေ့က ကျင်းပခဲ့တဲ့ အပိုင်း ၁ ရွေးကောက်ပွဲမှာလည်း မွန်ပြည်နယ်ထဲက ချောင်းဆုံမြို့နယ်မှာ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်နေရာ ကို မွန်ညီညွတ်ရေးပါတီက အနိုင်ရရှိခဲ့တယ်လို့ သိရပါတယ်။
ရွေးကောက်ပွဲ အပိုင်း ၂ ကိုတော့ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၁ ရက်နေ့က မွန်ပြည်နယ် အပြင့ ရှမ်းပြည်နယ် ၊ ကယား ၊ ကချင် ၊ကရင် ၊ ဧရာဝတီ ၊ ပဲခူးတိုင်း ၊မကွေးတိုင်း ၊ရန်ကုန်တိုင်း ၊ တနင်္သါရီတိုင်း ၊ စစ်ကိုင်းတိုင်း ၊ မန္တလေးတိုင်းထဲက မြို့နယ်ပေါင်း ၁၀၀ မှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။
ဓာတ်ပုံ – မွန်ညီညွတ်ရေးပါတီ
