ပြည်ခိုင်ဖြိုးပါတီက ရန်ကုန်တိုင်းအတွင်း ၁၅ မြို့နယ်မှာ အနိုင်ရရှိ

ဇန်နဝါရီ ၁၂ – ၂၀၂၆
SN (VOM)
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၂) ကို ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ် ၁၆ မြို့နယ်မှာ ကျင်းပရာမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) က မြို့နယ် ၁၅ မြို့နယ်မှာ အနိုင်ရရှိခဲ့တယ်လို့ USDP ရဲ့ ရန်ကုန်တိုင်း အတွင်းရေးမှူး ဦးအောင်ကျော်မင်းက ပြောပါတယ်။
မနေ့ ဇန်နဝါရီ ၁၁ ရက်က ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ရန်ကုန်တိုင်းအတွင်းရှိ ဗဟန်း၊ ပန်းဘဲတန်း၊ လသာ၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)၊ ဒေါပုံ၊ ပုဇွန်တောင်၊ လှိုင်၊ ရွှေပြည်သာ၊ ထန်းတပင်၊ လှည်းကူး၊ တောင်ဥက္ကလာပ၊ ကိုကိုးကျွန်း၊ ကြည့်မြင်တိုင်နဲ့ အင်းစိန် စတဲ့ မြို့နယ် ၁၆ မြို့နယ်မှာ မဲရုံ ၁၁၇၁ ရုံ ဖွင့်လှစ် ကျင်းပခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
အဲဒီ မြို့နယ် ၁၆ မြို့နယ်မှာ ကြည့်မြင်တိုင်မြို့နယ်ကလွဲလို့ ကျန် ၁၅ မြို့နယ်မှာ လွှတ်တော်နေရာ အားလုံးအတွက် USDP ပါတီက အနိုင်ရရှိခဲ့တာ ဖြစ်တယ်လို့ ဦးအောင်ကျော်မင်းက ပြောပါတယ်။
“ကျွန်တော်တို့ ရန်ကုန်တိုင်း ၁၆ မြို့နယ်မှာ ကြည့်မြင်တိုင် တမြို့နယ်ပဲ ကျန်တယ်။ အဲဒီ ကြည့်မြင်တိုင်မှာက တသီးပုဂ္ဂလက ဦးခင်လှိုင်နဲ့ပဲ နိုင်တယ်။ အဲဒီနေရာမှာ သူနဲ့ ပြည်ခိုင်ဖြိုးနဲ့က မဲရလဒ် ခန့်မှန်းခြေ ၉၆၀၀ ကျော်လောက် ကွာတယ်” လို့ သူက ပြောပါတယ်။
ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အပိုင်း (၂) ကို ရန်ကုန်တိုင်းအတွင်းက မြို့နယ်တွေအပါအဝင် မြို့နယ်ပေါင်း ၁၀၀ မှာ ကျင်းပခဲ့တာဖြစ်ပြီး အဲဒီ မြို့နယ်တွေထဲက မြို့နယ်ပေါင်း ၆၀ ကျော်မှာ USDP ပါတီက အနိုင်ရရှိထားတယ်လို့ ကနဦး သတင်း အချက်အလက်တွေအရ သိရပါတယ်။
နောက်ဆုံးကျန်ရှိတဲ့ ရွေးကောက်ပွဲ အပိုင်း (၃) ကိုတော့ လာမယ့် ဇန်နဝါရီ ၂၅ ရက်နေ့မှာ ရန်ကုန်တိုင်းက မြို့နယ် ၁၇ မြို့နယ် အပါအဝင် မြို့နယ်ပေါင်း ၆၃ မြို့နယ်မှာ ကျင်းပသွားမှာ ဖြစ်တယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) က ကြေညာထားပါတယ်။
ရွေးကောက်ပွဲ အပိုင်း (၁) ကိုတော့ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့က မြို့နယ်ပေါင်း ၁၀၂ မြို့နယ်မှာ ကျင်းပခဲ့တာဖြစ်ပြီး ရွေးကောက်ပွဲ အပိုင်း (၁) ရလဒ်မှာ ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စားလှယ်လောင်းတွေက နေရာအများစုမှာ အနိုင်ရရှိထားပါတယ်။
ရွေးကောက်ပွဲတွေ ပြီးတဲ့နောက် အခု ၂၀၂၆ ခုနှစ်၊ မတ်လထဲမှာ လွှတ်တော် ခေါ်ယူမှာဖြစ်ပြီး ဧပြီလမှာ အစိုးရသစ်မှ တာဝန်ထမ်းဆောင်မှာ ဖြစ်တယ်လို့ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင်၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက အသိပေး ပြောကြားထားပါတယ်။
Photo – VOM

Related posts

Leave a Comment

VOM News

FREE
VIEW