ဝါရှင်တန်၊ ဇန်နဝါရီ-၁၂-၂၀၂၆
ရတီ(VOM)
ကျူးဘားအနေနဲ့ သဘောတူညီချက်တခု ပြုလုပ်ဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က တိုက်တွန်းလိုက်ပြီး ဒီလိုမှမဟုတ်ရင် အကျိုးဆက်တွေကို ရင်ဆိုင်ရလိမ့်မယ်လို့ သတိပေးလိုက်ပါတယ်။ ဗင်နီဇွဲလားကနေ ရေနံနဲ့ ငွေကြေးစီးဆင်းမှု ရပ်တန့်သွားမယ်လို့ လည်း ဆိုပါတယ်။
ဇန်နဝါရီလ ၃ ရက်နေ့မှာ အမေရိကန်တပ်ဖွဲ့တွေက ဗင်နီဇွဲလားခေါင်းဆောင် နီကိုလတ်စ် မာဒူရိုကို မြို့တော် ကရာကတ်စ်မှာ ဝင်ရောက်စီးနင်းပြီး ဖမ်းဆီးခဲ့ပြီးနောက်ပိုင်း အမေရိကန်သမ္မတဟာ ကျူးဘားကို သတိပေးမှုတွေ ပြုလုပ်လာတာပါ။
ကျူးဘားရဲ့ ကာလရှည်ကြာ မဟာမိတ်ဖြစ်တဲ့ ဗင်နီဇွဲလားဟာ တနေ့ကို ရေနံစည် သုံးသောင်းခွဲခန့် ကျူးဘားကျွန်းကို ပို့ဆောင်နေတယ်လို့ ယုံကြည်ရပါတယ်။ ကျူးဘားအနေနဲ့ ဗင်နီဇွဲလားအရေးမှာ ဝင်ရောက်စွက်ဖက်ခြင်းမရှိဘဲ လောင်စာတင်သွင်းခွင့်ကို ထိန်းသိမ်းထားတယ်လို့ ကျူးဘားနိုင်ံငံခြားရေးဝန်ကြီးက ပြောပါတယ်။
ကျူးဘားသမ္မတကတော့ မိမိတို့ ဘာလုပ်ရမယ်ဆိုတာကို ဘယ်သူကမှ အမိန့်ပေးလို့မရဘူးလို့ ပြောပါတယ်။ ပိတ်ဆို့အရေးယူခံထားရတဲ့ ဗင်နီဇွဲလား ရေနံတင်သင်္ဘောတွေကို သိမ်းယူလိုက်တဲ့ ထရန့်အစိုးရရဲ့ လုပ်ရပ်ကြောင့် ကျူးဘားရှိ လောင်စာနဲ့ လျှပ်စစ်ဓာတ်အား အကျပ်အတည်းကို ပိုမိုဆိုးရွားစေခဲ့ပါတယ်။
သောကြာနေ့မှာတာ့ ပိတ်ဆို့အရေးယူခံထားရတဲ့ ရေနံတွေကို တင်ဆောင်လာတဲ့ ပဉ္စမမြောက် ရေနံတင်သင်္ဘောကို အမေရိကန်စစ်တပ်က သိမ်းယူခဲ့ပါတယ်။
“ကျူးဘားဟာ ဗင်နီဇွဲလားမှ ရေနံ၊ ငွေကြေးအမြောက်အမြားနဲ့အတူ နှစ်ပေါင်းများစွာ နေထိုင်ခဲ့ခဲ့ပြီး အပြန်အလှန်အားဖြင့် ဗင်နီဇွဲလားအာဏာရှင် နောက်ဆုံးနှစ်ယောက်အတွက် လုံခြုံရေးဝန်ဆောင်မှုတွေကို ကျုးဘားက ပေးအပ်ခဲ့ပေမယ့် လက်ရှိမှာတော့ ဒီလိုလုပ်လို့ မရတော့ပါဘူး။ ကျူးဘားကို ရေနံ ဒါမှမဟုတ် ငွေတွေ နောက်ထပ် ရောက်မှာမဟုတ်တော့ဘဲ နောက်မကျခင် သဘောတူညီချက်တခု လုပ်ဖို့ ကျွန်တော် အထူးအကြံပြုလိုပါတယ်။ ” လို့ ထရန့်က သူ့ရဲ့ လူမှုကွန်ရက်မှာ ပြောပါတယ်။
သဘောတူညီချက်ရဲ့ စည်းကမ်းချက်တွေ ဒါမှမဟုတ် ကျူးဘား ရင်ဆိုင်ရမယ့် အကျိုးဆက်တွေကို တိတိကျကျ တော့ မဖော်ပြခဲ့ပါဘူး။ ဒါပေမယ့် ကျူးဘားနိုင်ငံခြားရေးဝန်ကြီး ဘရူနိုရိုဒရီဂပ်ဇ်ကတော့ ကျူးဘားဟာ ဆန္ဒရှိတဲ့ တင်ပို့သူ ဘယ်သူ့ဆီကမဆို လောင်စာဆီ တင်သွင်းဖို့ လုံးဝအခွင့်အရေး ရှိတယ်လို့ ပြောပါတယ်။
Ref:BBC
Photo:Getty Images
