ဒေလီ၊ ဇန်နဝါရီ-၁၂-၂၀၂၆
မျိုးဆက်(VOM)
အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ဂျာခန်ပြည်နယ်မှာ တောဆင်ရိုင်းတကောင် တိုက်ခိုက်မှုကြောင့် ကိုးရက်အတွင်း လူ ၂၀ ထက်မနည်း သေဆုံးခဲ့ပြီး အဲဒီဆင်ကို ဖမ်းမိမသေးဘူးလို့ တာဝန်ရှိသူတွေက ပြောပါတယ်။
အနောက်ဆင်းဘမ်ခရိုင်ရှိ ချိုင်ဘာဆာနဲ့ ကိုလ်ဟန် သစ်တောဧရိယာတွေမှာ ဇန်နဝါရီလ ၁ ရက်ကနေ ၉ ရက်အတွင်း သေဆုံးမှု ဖြစ်ပွားခဲ့တာပါ။ လူနဲ့ ဆင် ပဋိပက္ခတွေဟာ အဲဒီဒေသမှာ နှစ်ပေါင်းများစွာကတည်းက ဖြစ်ပွားနေခဲ့တာပါ။
အဓိကအားဖြင့် သစ်တောဖုံးလွှမ်းမှု လျော့နည်းလာတာ ၊ နေထိုင်ရာတွေ ပျက်စီးတာနဲ့ ဆင်တွေကျက်စားရာနေရာတွေအနီး လူသားတွေသွားလာလုပ်ကိုင်မှု တိုးပွားလာတာတွေကြောင့်လို့ တာဝန်ရှိသူတွေနဲ့ သုတေသီတွေက ပြောပါတယ်။
လက်ရှိမှာတော့ တိုက်ခိုက်ခဲ့တဲ့ ဆင်ကို ရှာဖွေဖို့ သစ်တောဝန်ထမ်း ၁၀၀ ကျော် ပါဝင်တဲ့ ကြီးမားတဲ့ ရှာဖွေရေးလုပ်ငန်းကို လုပ်ဆောင်နေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
“ဒါဟာ မကြုံစဖူး အခြေအနေပါ။ ဒေသတွင်းမှာ ဆင်ထီးတကောင်တည်းနဲ့ ဒီလိုသေဆုံးမှုပုံစံ ဆက်စပ်နေတာ ပထမဆုံးအကြိမ်ပါပဲ” ဟု ဌာနခွဲ သစ်တောအရာရှိ Kuldeep Meena က ပြောကြားခဲ့ပြီး အသက်နဲ့ ပစ္စည်းဆုံးရှုံးမှုတွေ ထပ်မံမဖြစ်ပွားစေဖို့ အတွက် ဧရိယာတခုလုံးကို အထူးသတိပေးချက် ထုတ်ပြန်ထားတယ်လို့ သူကဆိုပါတယ်။
ဦးစားပေးအနေနဲ့ ဆင်ကို ခြေရာခံတာ၊ ဘေးကင်းတဲ့ တောထဲကို ပြန်ပို့ရေးတို့ဖြစ်တယ်လို့ ပြောပါတယ်။ သေဆုံးသူ ၂၀ ထဲမှာ သစ်တောဝန်ထမ်းတယောက်လည်း ပါဝင်ပါတယ်။ သေဆုံးမှုအများစုမှာ ညအချိန် ဒေသခံတွေဟာ လယ်ကွင်းတွေနဲ့ သိုလှောင်ထားတဲ့ စပါးတွေကို စောင့်ကြပ်နေချိန်တွေဖြစ်ပါတယ်။
ဆင်ဟာ ငယ်ရွယ် သွက်လက်ပြီး အထူးသဖြင့် ညဘက်တွေမှာ သူ့ရဲ့ တည်နေရာကို မကြာခဏပြောင်းလဲလေ့ရှိတာကြောင့် ခြေရာခံဖို့ခက်ခဲတယ်လို့ ဆိုပါတယ်။ ဒေသခံတွေအနေနဲ့ ညဘက်အပြင်မထွက်ဖို့နဲ့ ဗုံသံတွေနဲ့အတူ တောခြောက်မှုတွေပြုလုပ်ဖို့လည်း တိုက်တွန်းထားပါတယ်။
Ref:BBC
