ဘန်ကောက်၊ ဇန်နဝါရီ-၂၀-၂၀၂၆
မျိုးဆက်(VOM)
မြန်မာ့ ရွေးကောက်ပွဲရလဒ်တွေနဲ့ပတ်သက်ပြီး ဘယ်လိုတုံ့ပြန်ရမလဲဆိုတာ ဆွေးနွေးဖို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေဟာ ဖိလစ်ပိုင်မှာ ယခုလကုန်ပိုင်းအတွင်း တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။
ကျင်းပနေတဲ့ လက်ရှိရွေးကောက်ပွဲအတွက် အာဆီယံကိုယ်စားပြုတဲ့ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူတွေကို စေလွှတ်ခဲ့တာမျိုးမရှိပေမယ့် ထိုင်းအပါအဝင် ဒေသတွင်းနိုင်ငံအချို့ကတော့ သီးခြားအစီအစဉ်နဲ့ စောင့်ကြည့်လေ့လာသူတွေ စေလွှတ်ခဲ့ပါတယ်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးကတော့ ရွေးကောက်ပွဲဟာ အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်ရဲ့ အစပြုရာနဲ့ နိုင်ငံရေးအားအင်းစုတွေအကြား နိုင်ငံရေးဆွေးနွေးပွဲတွေကို မြှင့်တင်ပေးလိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။
ဒါပေမယ့် ဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်ပြီး စိုးရိမ်ကြောင်းနဲ့ ပြန်လွှတ်ပေးဖို့အတွက် ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ဆိုပါတယ်။ ဒါပေမယ့်လည်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးကတော့ မြန်မာ့ရွေးကောက်ပွဲအတွက် အာဆီယံကိုယ်စားပြု စောင့်ကြည့်လေ့လာသူတွေ စေလွှတ်ဖို့ငြင်းပယ်ခဲ့သလို ဒါကြောင့်လည်း ရွေးကောက်ပွဲကို ထောက်ခံတာမဟုတ်ခဲ့ကြောင်း ပြောပါတယ်။
“အာဆီယံက စောင့်ကြည့်သူ မစေလွှတ်ဘူးလို့ ကျွန်တော်တို့ ပြောခဲ့ပြီးပါပြီ၊ အဲဒီအတွက်ကြောင့် ရွေးကောက်ပွဲတွေကို ကျွန်တော်တို့ အသိအမှတ်မပြုပါဘူး” လို့ မလေးရှားနဲ့ အာဆီယံ၏ ရွေးကောက်ပွဲဆိုင်ရာ ရပ်တည်ချက်နဲ့ ပတ်သက်ပြီး လွှတ်တော်အမတ်တယောက်ရဲ့ မေးခွန်းကို ဒီကနေ့ ဖြေကြားရာမှာ မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟတ်ဆန်က ဆိုပါတယ်။
မြန်မာ့ရွေးကောက်ပွဲဟာ နိုင်ငံရေးကိုယ်စားလှယ်တွေကတဆင့် စစ်တပ်ရဲ့ အုပ်စိုးမှုကို တရားဝင်ဖြစ်စေဖို့ လှည့်စားမှုတခုဖြစ်တယ်လို့ အနောက်နိုင်ငံတွေ၊ ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေးတွေက ဝေဖန်မှုတွေ ရှိနေပါတယ်။ လက်ရှိမှာလည်း ကျင်းပပြီးစီးတဲ့ ရွေးကောက်ပွဲတွေမှာ စစ်တပ်နဲ့နီးစပ်တဲ့ ပြည်ခိုင်ဖြိုးပါတီက အမတ်နေရာ အများစု အနိုင်ရရှိထားပါတယ်။
ရွေးကောက်ပွဲ အပိုင်း ၃ ကိုတော့ လာမယ့် ဇန်နဝါရီ ၂၅ ရက်မှာ ဒဂုံ၊ လမ်းမတော်၊ ဆိပ်ကြီး/ ခနောင်တို၊ ဒလ၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) ၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) ၊ မင်္ဂလာတောင်ညွန့်၊ သာကေတ၊ မြောက်ဥက္ကလာပ၊ တာမွေ၊ ရန်ကင်း၊ ကျောက်တန်း၊ ခရမ်း၊ သုံးခွ၊ စမ်းချောင်း၊ လှိုင်သာယာ (အနောက်ပိုင်း)နဲ့ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်တွေမှာ ကျင်းပမှာဖြစ်ပြီး မဲရုံပေါင်း ၁၃၀၀ ကျော်ဖွင့်လှစ်ထားမှာဖြစ်ပါတယ်။
Ref:Reuters/NHK
Photo:Reuters
